စစ်ဆေးခံရသူ အောင်ဒိုင်ရွာသား ၆ ဦးထဲမှ ၅ ဦးကို ပြန်လွှတ်၊ တစ်ဦးကိုဆက်လက်စစ်ဆေးနေဟုဆို

စစ်ဆေးခံရသူ အောင်ဒိုင်ရွာသား ၆ ဦးထဲမှ ၅ ဦးကို ပြန်လွှတ်၊ တစ်ဦးကိုဆက်လက်စစ်ဆေးနေဟုဆို

ထွန်းခိုင် — စစ်တွေမြို့နယ်၊ အောင်ဒိုင်ရွာသား ၆ ဦးကို ပူးပေါင်းတပ်ဖွဲ့ စစ်ကြောင်းတစ်ခုမှ ဇွန် ၂၂ ရက် နံနက် ၁၁ နာရီကျော်က ခေါ်ယူ စစ်ဆေးခဲ့ပြီး ယင်းအထဲမှ ၅ ဦးကို မွန်းလွဲပိုင်းက ပြန်လွှတ်ပေးခဲ့သော်လည်း နောက်ထပ်ရွာသား တစ်ဦးကို ဆက်လက် စစ်ဆေးနေသည်ဟု ဒေသခံရွာသားများက ပြောကြားသည်။



အောင်ဒိုင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်မြစိန်က “ ယခု ကျနော် ရွာမှာ မရှိဘူး။ ရွာကိုဆက်သွယ်ပြီး မေးမြန်းကြည့်တော့ ရွာသား ၆ ဦးကို ခေါ်ပြီးတော့ စစ်ဆေးတယ်။ စစ်ဆေးပြီးတော့ ၅ ဦးကို ပြန်လွှတ် ပေးလိုက်တယ်လို့ ပြောတယ်။ လူ ၆ ယောက်မှာ ၅ ယောက်ကိုတော့ လွှတ်လိုက်ပြီ။ ကိုအောင်ကျော်စိန် ကိုတော့ စစ်ဆေးနေတုန်းလို့ သိရတယ်” ဟု ဇွန် ၂၂ ရက် ညနေ ၄နာ ရီ ၃ဝ မိနစ် အချိန်က နိရဉ္စရာသတင်းဌာနသို့ ပြောသည်။



ခေါ်ယူစစ်ဆေးခံရသော ကျေးရွာသား ၆ ဦးမှာ ဦးအောင်ထွန်းကျော်(၃၈) နှစ်နှင့် ၎င်း၏ ၁၇ နှစ်အရွယ် သားဖြစ်သူ၊ ဦးမောင်ယိုင် (၆၂) နှစ်၊ ကိုအောင်ကျော်စိန် (၃ဝ)နှစ်၊ ဦးအောင်သာနီတို့ သားဖနှစ်ဦးနှင့် ဦးမောင်ဝင်းထွန်း (၄ဝ)နှစ်တို့ ဖြစ်ကြောင်း သိရသည်။



၎င်းပူးပေါင်းတပ်ဖွဲ့တွင် ရဲ၊ လဝကနှင့် စစ်တပ်တို့ ပါဝင်ပြီး အောင်ဒိုင်ရွာထဲသို့ ဇွန် ၂၂ ရက်နံနက် ၁၁ နာရီ မိနစ် ၂ဝ က ဝင်ရောက်လာခဲ့ကြောင်း၊ အောင်ဒိုင်ကျေးရွာတွင် အိမ်ခြေ ၃၈၇ ဆောင်ရှိပြီး လူဦးရေ ၁၇၇ဝ ရှိကာ ပူးပေါင်းတပ်ဖွဲ့ဝင်လာသဖြင့် ကျေးရွာသားများ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း ၎င်းက ပြောသည်။



အောင်ဒိုင်ကျေးရွာသို့ ယခင်ကလည်း နှစ်ကြိမ်ဝင်ရောက်စစ်ဆေးခဲ့ပြီး အဆိုပါစစ်ဆေးစဉ်တွင် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရပ်ရွာလူကြီးတစ်ချို့ပါဝင်ခဲ့ပြီး ယခုစစ်ဆေးစဉ်တွင် ရပ်ရွာအုပ်ချုပ်ရေးမှူးထံသို့ တစ်စုံ တစ်ရာ အကြောင်းကြားခြင်း မရှိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။



ယခု ဝင်ရောက်စစ်ဆေးမှုနှင့် ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းသို့ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ရာ ဖုန်းလက်ခံဖြေကြားခြင်း မရှိပါ။



ရခိုင်ပြည်နယ် စစ်တွေမြို့နယ်အတွင်း ကျေးရွာများကို ပူးပေါင်းတပ်ဖွဲ့များမှ ကျေးရွာများကို စစ်ဆေးမှုမှာ ဇွန်လအတွင်း စစ်ဆေးမှုများ ယခင်က ထက် ပိုမို များပြားလာခဲ့သည်။



ဇွန်လ ၁၂ ရက်နေ့ကလည်း ကြွီတဲပိုက်ဆိပ်ကျေးရွာမှ ဆယ်ကျော်သက်အရွယ် အမျိုးသမီးတစ်ဦးနှင့် ပလ္လင်ပြင် ကျေးရွာမှ ဆယ်ကျော်သက်ရွယ် အမျိုးသမီးတစ်ဦးတို့ကို သံသယဖြင့် ဖမ်းဆီး စစ်ဆေးခဲ့ပြီး နောက်တစ်နေ့တွင် ပြန်လွှတ်ပေးခဲ့သည်။



စစ်တွေမြို့နယ်တွင် မြန်မာတပ်မတော်နှင့် AA တို့အကြား တိုက်ပွဲ မကြာခဏ ဖြစ်ပွားမှု မရှိသေးသော်လည်း ဇွန် ၉ ရက်နေ့ ညဉ့်သန်ခေါင် အချိန်တွင် စစ်တွေမြို့ အမြင့်ကျွန်းကျေးရွာအနီးတွင် တပ်မတော်(ရေ)မှ စစ်ရေယာဉ် ၃ စီးကို အေအေအဖွဲ့က လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။



၎င်းတိုက်ခိုက်မှုအတွင်း တပ်မတော်ရေယာဉ်မှ လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်မှုကြောင့် အမြင့်ကျွန်း ကျေးရွာမှ အဘွားအို ၁ ဦး သေဆုံးပြီး ကျောင်းသူ ၁ ဦးအပါအဝင် ၄ ဦး ဒဏ်ရာရရှိသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

 
 

January 9, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ယနေ့ အာရက္ခတပ်တော်(AA)၏ ခြုံခိုတိုက်ခိုက်မှုကြောင့် အင်အား ၁၀၀...
တစ်ချိန်က စစ်တွေမြို့လမ်းမများပေါ်တွင် ရခိုင်လူထုကို စစ်ရေးအင်အားပြပြီး ခြိမ်းခြောက်ခဲ့သည့် မြင်ကွင်းတစ်ခု (ပုံဟောင်းသာ)
January 8, 2026
အာရက္ခတပ်တော်(AA)မှ စစ်တွေမြို့ပြင်ရှိ ကာကင်းစခန်းများ၊ စစ်ကြောင်းများကို စတင်ထိုးစစ်ဆင်...
December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...