အကြမ်းဖက်မှုဖြင့် တစ်နှစ်နီးပါးဖမ်းဆီးခံခဲ့ရသည့် အမ်းနှင့်မြေပုံမြို့နယ်မှ အမျိုးသားလေးဦးပြန်လည် လွတ်မြောက်လာ

အကြမ်းဖက်မှုဖြင့် တစ်နှစ်နီးပါးဖမ်းဆီးခံခဲ့ရသည့် အမ်းနှင့်မြေပုံမြို့နယ်မှ အမျိုးသားလေးဦးပြန်လည် လွတ်မြောက်လာ

အိမ်စိုးဖြူ — ရခိုင်ပြည်နယ်၊ အမ်းနှင့် မြေပုံမြို့နယ်တို့မှ အကြမ်းဖက်မှုဖြင့် တစ်နှစ်နီးပါးဖမ်းဆီးခံခဲ့ရသည့် အမျိုးသားလေးဦးကို ကျောက်ဖြူခရိုင်ရုံးမှ အမှုမခိုင်လုံဟုဆိုကာ ဇွန်လ ၁၉ ရက်နေ့က ပြန်လည်လွတ်ပေးလိုက်ကြောင်း သတင်းရရှိသည်။

ပြန်လည်လွတ်မြောက်လာသူများမှာ အမ်းမြို့နယ်၊ သလူမော်ကျေးရွာမှ ကိုသိန်းကျော်ထွန်း(ခ)မောင်ကြီး (၃ဝ)နှစ်၊ ဦးသန်း (၂၃)နှစ်၊ ရူးကျေးရွာမှ ဦးထွန်းသိန်းဝင်း (၃၂)နှစ် ၊မြေပုံမြို့နယ် မြတဲတောင်ကျေးရွာမှ ကိုလှထွန်းချေ (ခ) ငလုံး(၃၁)နှစ် တို့ဖြစ်သည်။

ပြန်လည်လွတ်မြောက်လာသူ ကိုလှထွန်းချေ ၏ ဇနီးဖြစ်သူ မအေးအေးသန်းက “ပြန်လွတ်လာတာ ဝမ်းသာတာပေါ့ရှင်။ စစ်သားတွေ ဖမ်းသွားတုန်းက အေအေနဲ့ ပတ်သက်တယ်ဆိုပြီး ဖမ်းသွားတာပါ။ စစ်ဆေးခံရတဲ့ ဒဏ်ရာတွေနဲ့ ရဲလက်ကိုရောက်လာတဲ့အချိန်မှာ ဆေးရုံမှာ တစ်လခွဲလောက် တက်လိုက် ရပါသေးတယ်။ လက်နှစ်ချောင်းစလုံးရဲ့ အရိုးကိုမြင်ရတယ်။ ပုတ်နေခဲ့တယ်။ ခံစားခဲ့ရတာပေါ့ရှင်။ မနေ့ကတော့ အပြစ်မရှိဘူးဆိုပြီး လွတ်ပေးတာပါ” ဟု နိရဉ္စရာသတင်းဌာနအားပြောသည်။

အမှုအား လိုက်ပါဆောင်ရွက်ပေးနေသူ အထက်တန်းရှေ့နေ ဒေါ်လင်းလင်းခိုင်က ၎င်းတို့အား ၁၇ ကြိမ်မြောက် ရုံးချိန်းတွင် အေအေနှင့် ဆက်စပ်သည်ဆိုသည့် သက်သေ ခိုင်လုံခြင်းမရှိသည့် အတွက် တရားရှင် လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

“ တရားရှင်လွတ်ပေးတာ။ သူတို့ကို (၅၂/က)နဲ့ အမှုဖွင့်ထားတာ။ မနေ့က ရုံးချိန်းမှာ အမှုမှာ သက်သေတွေ ထွက်ဆိုချက်တွေ၊ တရားလိုဖက်က ထွက်ဆိုချက်တွေ မခိုင်လုံတဲ့အတွက် အမှုကို စွဲချက်မတင်ခင် ပြန်လွှတ်ပေးခဲ့တာပါ” ဟု သူမက ပြောသည်။

လွတ်မြောက်လာသူလေးဦးနှင့်အတူ အမှုတွဲတစ်ခုတည်းဖြင့် ဖမ်းဆီးခံရသူ ၁ဝ ဦးရှိကြောင်း၊ ကျန်နေသည့် လူများမှာ ၅၂(က)နှင့် ၅ဝ(ည)စသည့် အကြမ်းဖက်ပုဒ်မများဖြင့် ဆက်လက် ထိမ်းသိမ်းခံထားရကြောင်း သူမကဆက်ပြောသည်။

လွန်ခဲ့သည့် ၂ဝ၁၉ ခုနှစ် နိုဝင်ဘာ ၁ဝ၊ ၁၁ ရက်များတွင် မြေပုံမြို့နယ် ယောချောင်း ရွာသာယာမှ ငါးဦး၊ ပန္နဲတောင်ကျေးရွာမှ နှစ်ဦး၊ အမ်းမြို့နယ် သလူမော်ကျေးရွာက နှစ်ဦး၊ ရူးကျေးရွာမှ တစ်ဦးတို့ကို တပ်မတော်စစ်ကြောင်းများမှ ဖမ်းဆီးသွားခဲ့သည်ဟု မိသားစုများက ပြောသည်။

ယင်းနောက် ၎င်းတို့ ၁ဝ ဦးအား ၂ဝ၁၉ခုနစ် နိုဝင်ဘာ ၁၉ ရက်နေ့တွင် စစ်တပ်က အမ်းမြို့ရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ကာ ဆက်လက်အမှုရင်ဆိုင်ခဲ့ရခြင်းပြီး ယင်းအထဲမှ ၄ ဦး လွတ်မြောက်လာခြင်း ဖြစ်ကြောင်း သိရသည်။

April 21, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ကမ်းရိုးတန်းမှတစ်ဆင့် တောင်ကုတ်နှင့်ရမ်းဗြဲမြို့နယ်များအား...
April 20, 2026
ကျော်သီဟ — ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ရွာကို အကြမ်းဖက်စစ်‌ကော်မရှင်လေတပ်က ဧပြီ (...
April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...