ရေးမြို့နယ်လူမှုအကျိုးဆောင်အဖွဲ့က အတွင်းရေးမှူး ဦးအောင်နိုင်ဝင်းနှင့် တွေ့ဆုံခြင်း

ရေးမြို့နယ်လူမှုအကျိုးဆောင်အဖွဲ့က အတွင်းရေးမှူး ဦးအောင်နိုင်ဝင်းနှင့် တွေ့ဆုံခြင်း

'' ပြောရရင် မွန်ပြည်နယ်ကြီး ကံကောင်းနေဆဲပါပေါ့၊ ဘာလို့လဲဆိုရင် အထက်မှာ ကျွန်တော်ပြောခဲ့သလို ပြည်နယ်အစိုးရရဲ့Delay ဖြစ်မှုတွေ၊ ဌာနဆိုင်ရာတွေရဲ့ အားနည်းမှုတွေ ဘယ်လိုပင်ရှိခဲ့ပေမယ့် ဒီနေ့ဒီအချိန်အထိ ကာကွယ်တားဆီးနိုင်တာကတော့ ဂုဏ်ယူစရာပါ . . . "

ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်စဉ်ကာလအတွင်း ရေးမြို့နယ်မှာ ရောဂါကာကွယ်ထိန်းချုပ်ရေးနဲ့ ထောက်ပံ့ရေးလုပ်ငန်းစဉ်တွေကို မြို့နယ်အတွင်းရှိ အရပ်ဘက်လူမှုအဖွဲ့အစည်းများ ပူးပေါင်းလုပ်ဆောင်ခဲ့ကြသည့်သူများတွင် တစ်ဦးအပါအဝင်ဖြစ်တဲ့ ရေးမြို့နယ်လူမှုအကျိုးဆောင်အဖွဲ့က အတွင်းရေးမှူးဦးအောင်နိုင်ဝင်းကို သံလွင်တိုင်းမ်က မေးမြန်းထားပါတယ်။

မေး - အဖွဲ့အနေနဲ့ ဖွဲ့စည်းဖြစ်ခဲ့ရပုံနဲ့ ရောဂါနဲ့ပတ်သက်လို့ ကာကွယ်မှုတွေထောက်ပံ့ကူညီလှူဒါန်းခဲ့မှုတွေ ပြောပေးပါဆရာ။

ဖြေ - ကျွန်တော်တို့သက်တမ်းအတွင်းမှာ ဒီလိုကပ်ရောဂါမျိုးက ပထမဆုံးအကြိမ်ဖြစ်တယ်၊ အများနဲ့သက်ဆိုင်တဲ့ ကမ္ဘာ့ကပ်ရောဂါဖြစ်တဲ့အတွက် အားလုံးပေါင်းစပ်လုပ်ဆောင်မှသာ ပိုမိုအောင်မြင်နိုင်မယ်။ အကျိုးသက်ရောက်မှုတွေများမယ်လို့ ယူဆမိလို့ နီးစပ်ရာ လုပ်နိုင်မယ်ထင်တဲ့အဖွဲ့တွေကို ချိတ်ဆက်စုစည်းပြီးတော့ ဖွဲ့စည်းလုပ်ဆောင်ဖြစ်ခဲ့တာပါ။ ဘာတွေလုပ်ကြမလဲလို့ စဉ်းစားပြီးတော့ လေ့လာမှုတွေလုပ်ခဲ့တယ်။ တတ််သိနားလည်သူတွေနဲ့ တိုင်ပင်ဆွေးနွေးတယ်။ အဲဒီကနေမှ လုပ်သင့်တယ်လို့ယူဆတဲ့ mask တွေ၊ PPE ဝတ်စုံတွေ၊ လက်အိတ်တွေ၊ ပိုးသတ်ဆေးတွေ၊ အသုံးပြုဖို့လိုအပ်မယ်လို့ စဉ်းစားမိပြီး အဲဒီကာလကဆောင်ရွက်နေတဲ့ CBFQ တွေမှာလုပ်ဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ အရပ်ဘက်လူမှုအဖွဲ့တွေက ပရဟိတသမားတွေ၊ ဌာနဆိုင်ရာတွေအတွက် ထောက်ပံ့ပေးနိုင်ဖို့ ကြိုးစားခဲ့တယ်။ ကြိုးစားခဲ့တယ်ဆိုတဲ့အပိုင်းမှာ ဒီကပ်ရောဂါရဲ့ဆိုးကျိုးတွေကို အသိပညာပေးပြီး အများပြည်သူဆီက အလှူငွေတွေရရှိအောင်စည်းရုံးတာတွေ၊ အသိပညာပေးတာတွေ လုပ်ဆောင်ခဲ့ပါတယ်၊ အဲဒီမှာ ရေးဒေသခံတွေရဲ့ လှူဒါန်းပါဝင်မှုဟာ ကျွန်တော်တို့အဖွဲ့အတွက်၊ မြို့နယ်အတွက် အားတွေဖြစ်စေခဲ့ပါတယ်။ အဓိကကတော့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်ရေးမြို့နယ်ကို မထိခိုက်အောင်ရည်ရွယ်ပြီး ကာကွယ်မှုတွေ ထိန်းချုပ်မှုတွေ တားဆီးမှုတွေ လုပ်နိုင်ဖို့ပါပဲ။ ကျွန်တော်တို့အဖွဲ့အနေနဲ့ ယနေ့အချိန်အထိ ဒီကပ်ရောဂါနဲ့ပတ်သက်ပြီးတော့ ငွေကျပ်သိန်း ၂၀၀ နီးပါးရှိတဲ့ ကျန်းမာရေးအထောက်အကူ့ပြုပစ္စည်းတွေ၊ စားသောက်ဖွယ်ရာတွေကို လှူဒါန်းပေးနိုင်ခဲ့ပါတယ်၊ လက်ရှိလဲ ဖြစ်ပေါ်လာနိုင်တဲ့ အရေးပေါ်အခြေအနေတွေအတွက် လိုအပ်လာနိုင်တဲ့ အထောက်အကူပြုပစ္စည်းတွေ စုဆောင်းထားရှိသလို ငွေအနေနဲ့လည်းကျပ်သိန်း ၇၀ ဝန်းကျင် အရန်ထားရှိပါတယ်။

မေး - အဲဒီလိုဆောင်ရွက်တဲ့နေရာမှာ ကြုံတွေ့ရတဲ့အခက်အခဲလေးတွေရှိရင် ပြောပေးပါဦး။

ဖြေ - အဓိကကြုံတွေ့ရတဲ့အခက်အခဲက ကျွန်တော်တို့စုစည်းနိုင်ခဲ့တဲ့အဖွဲ့က အရပ်ဘက်လူမှုအဖွဲ့အစည်းသက်သက်သာဖြစ်တော့ အုပ်ချုပ်ရေးယန္တရား မြို့နယ်အဆင့်ဌာနဆိုင်ရာတွေ အထူးသဖြင့် ကျန်းမာရေးဦးစီးဌာနနဲ့ ချိတ်ဆက်ဆောင်ရွက်ရတဲ့အပိုင်းတွေပါပဲ။ နောက်တစ်ခုက ကျွန်တော်တို့အရပ်ဘက်လူမှုအဖွဲ့အစည်းတွေလုပ်နိင်တဲ့ဘောင်နဲ့ ဌာနဆိုင်ရာတွေရဲ့ လုပ်ငန်းစနစ်အရ စည်းမျဉ်းစည်းကမ်းအရ ကန့်သတ်ချက်တွေကြောင့် ကျွန်တော်တို့အနေနဲ့ ရောဂါကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးနဲ့ ထောက်ပံ့ရေးလုပ်ငန်းတွေမှာ လျင်လျင်မြန်မြန် အကောင်အထည်ဖော် မဆောင်ရွက်နိုင်တဲ့ကိစ္စတွေမှာပါ။ တစ်ခုပြောရရင် အဲဒီကာလကလည်း တစ်ကမ္ဘာလုံးနဲ့ မြန်မာနိုင်ငံမှာ စတင်နေပေမယ့်ကျွန်တော်တို့ပြည်နယ် ကျွန်တော်တို့ဒေသမှာ ဒီရောဂါရဲ့ရိုက်ခတ်မှုက အရမ်းနည်းနေသေးတာလဲ ပါမှာပေါ့၊ ကျွန်တော်တို့အမြင်ကတော့ ကပ်ရောဂါဘေးကို ရင်ဆိုင်တဲ့အချိန်မှာ လက်ဦးမှုရယူနိုင်သမျှရယူပြီး ကိုယ့်ရပ်ရွာကို ကာကွယ်ချင်တဲ့စေတနာအရ လောနေတာလည်း ပါမှာပေါ့။ ဒါပေမယ့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကြီးရပ်နားတဲ့အချိန်မှာ ကျွန်တော်တို့ပူးပေါင်းဆောင်ရွက်လို့ရတဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်းရောက်လာတဲ့အချိန်မှာတော့ အားလုံးနဲ့ပေါင်းစပ်ဆောင်ရွက်နိုင်မှုတွေဟာ လုပ်ငန်းတွေက တိုးတက်ကောင်းမွန်လာခဲ့တယ်လို့ ဆိုရပါ့မယ်။ နောက်တစ်ချက်က ကျွန်တော်တို့ဒေသက ဝေးလံခေါင်းဖျားတဲ့ဒေသဖြစ်တဲ့အတွက် လိုအပ်တဲ့ကျန်းမာရေးအထောက်အကူပစ္စည်းတွေရရှိဖို့ဆောင်ရွက်တဲ့နေရာမှာ နှောင့်နှေးကြန့်ကြာတာတွေ မချိတ်ဆက်နိုင်တာတွေ ကြုံခဲ့ရတာပါပဲ။ ဥပမာပြောရရင် ပစ္စည်းတွေသယ်ယူပို့ဆောင်တဲ့အပိုင်းမှာ လမ်းပန်းဆက်သွယ်ရေးက BLOCK လုပ်ထားတဲ့အတွက် အခက်အခဲဖြစ်ခဲ့တာပါပဲ။

မေး - လက်ရှိအနေနဲ့ ရေးမြို့နယ်အတွက်က နယ်စပ်ဝင်ပေါက်အချို့လည်းရှိနေတော့ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးတွေအပါအဝင် အသိပညာပေးမှုနဲ့ အထောက်အကူပစ္စည်းတွေအခြေအနေ၊ လူတွေရဲ့အနေအထားတွေ စိုးရိမ်ပူပန်မှုတွေနဲ့ပတ်သက်လို့ ဘယ်လိုရှိနေပါသလဲ။

ဖြေ - ‌ယေဘုယျပြောရရင် ကျွန်တော်တို့ဒေသအပါအဝင် တစ်နိုင်ငံလုံးက အများစုဟာ ဒီကပ်ရောဂါဘေးက ကာလရှည်ကြာလာတဲ့အတွက် အကြောင်းအမျိုးမျိုးကြောင့် အများစုဟာ ပေါ့လာတယ်လို့ ပြောချင်ပါတယ်။ ဒါပေမယ့် တစ်ကမ္ဘာလုံးမှာ ရောဂါဖြစ်ပွားသေဆုံးမှုတွေဟာ မြင့်တက်နေဆဲဖြစ်သလို ကုသကာကွယ်မှုနဲ့ပတ်သက်ပြီး နည်းပညာအရ ဆေးဝါးတွေ၊ ကုထုံးတွေလည်း ဘယ်သူမှ တိတိကျကျ မဖော်ထုတ်နိုင်သေးတာကို တွေ့ရပါတယ်။ ဒီအတွက် အကျိုးဆက်က ဒီရောဂါဟာ ဆက်လက်တိုးတက်ဖြစ်နေဦးမယ်လို့ မြင်မိတယ်၊ ဒီအပေါ်မှာ ကျွန်တော်တို့လိုမျိုး စီးပွားရေးအရ နည်းပညာအရ အစစမှာ နိမ့်ကျတဲ့ နိုင်ငံတစ်ခုအနေနဲ့ ပိုပြီးတော့ စိုးရိမ်ရမှာပါ။ ကနဦး စဖြစ်ခဲ့တဲ့ တရုတ်နိုင်ငံဟာ ကျွန်တော်တို့ရဲ့ အိမ်နီးချင်းဖြစ်သလို လက်ရှိအချိန်မှာ ရောဂါကူးစက်မှုနဲ့ သေဆုံးမှုတွေမြင့်မားနေတဲ့ အိန္ဒိယတို့ ဘင်္ဂလားဒေ့ရှ်တို့နိုင်ငံတွေကလည်း ကျွန်တော်တို့ရဲ့အိမ်နီးချင်းဖြစ်နေတာကို အထူးဂရုပြုသင့်ပါတယ်။လတ်တလောကာလမှာဆိုရင် ပြည်ပကိုသွားရောက်အလုပ်လုပ်ကိုင်နေတဲ့ ကျွန်တော်တို့နိုင်ငံသားတွေအများစုကလည်း အကြောင်းအမျိုးမျိုးကြောင့် ပြည်တွင်းကို ပြန်လည်ဝင်ရောက်လာနေတာကိုလည်း တွေ့ရပါတယ်။ မွန်ပြည်နယ်ဟာအဓိက ထိုင်းနိင်ငံနဲ့ မလေး စင်္ကာပူ စတဲ့နိုင်ငံတကာကို သွားရောက်အလုပ်လုပ်ကိုင်ကြတဲ့ပြည်နယ်ဖြစ်ပါတယ်။ ရေးမှာဆိုရင်လည်း ထိုင်းကို သွားရောက်အလုပ်လုပ်ကိုင်နေတဲ့သူပေါင်းဟာ လေးငါးသောင်းလောက်ရှိတယ်လို့ အချို့ဒေတာတွေအရ သိရပါတယ်။ အဲဒီသူတွေဟာ ခုချိန်မျာ နယ်စပ်ဝင်ပေါက်မျိုးစုံက တရားဝင်ရှိသလို တရားမဝင်လည်း ဝင်ရောက်နေတာတွေရှိတယ်လို့ သိရပါတယ်။ မြန်မာနှစ်ကူးကာလ မတ်နဲ့ ဧပြီတွေတုန်းကဆိုရင် အများဆုံဝင်ရောက်ခဲ့တာကိုတွေ့ရတယ်။ မပေါ့ကြနဲ့ဦးလို့ ပြောကြားချင်ပါတယ်။

မေး - မွန်ပြည်နယ်ဝန်ကြီးချုပ်အနေနဲ့ နိုင်ငံတော်အတိုင်ပင်ခံကို ပြောဆိုပြီးမှ ပေးပို့ခဲ့တဲ့ အသက်ရှူစက် ၂ လုံးနဲ့ပတ်သက်လို့ ဆရာ့အနေနဲ့လူမှုကွန်ယက်မှာ တင်ပြခဲ့တာတွေ့ရပါတယ်။ အဲဒီစက်တွေရဲ့ လက်ရှိအနေအထားကရော ဘယ်လိုမျာ ကြားမိသေးလဲ၊ အသုံးပြုဖို့ အသင့်ဖြစ်နေပြီလား။

ဖြေ - ဒီအသက်ရှူစက် ၂ လုံးကိစ္စကလည်း ဝန်ကြီးချုပ်အနေနဲ့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ကို ရေးမြို့နယ်နဲ့ပတ်သက်ပြီးတော့ တင်ပြခဲ့တဲ့ အချက်အလက်မှားယွင်းမှုကို ထောက်ပြပြောဆိုခဲ့တဲ့သဘောပါပဲ။ သူတင်ပြသလိုရေးမြို့နယ်မှာ ဒီစက် ၂ လုံး ရှိမနေဘူးဆိုတာကို တိတိကျကျသိလို့ တင်ပြခဲ့တာပါ။ အဲဒီအတွက် စက် ၂ လုံး ကျွန်တော်တို့ ရေးမှာရခဲ့တာကတော့ အမြတ်ပေါ့။ ဒါပေမယ့် ဒီစက်တွေက အဟောင်းတွေဖြစ်တာ၊ မနည်းပြင်ဆင်ပြီးတော့မှအသုံးပြုနိုင်အောင် လုပ်နေရတဲ့အပိုင်းကတော့ ကျွန်တော်လည်း တိတိကျကျမသိတော့ ပြောဖို့ခက်ပါတယ်။ သူတို့ အမှန်တကယ်အသုံးပြုနိုင်အောင်လုပ်ဆောင်ပေးမယ်လို့တော့ ယုံကြည်ထားပါတယ်။

မေး - လက်ရှိ မွန်ပြည်နယ်အစိုးရအပါအဝင် မြို့နယ်အဆင့် လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဌာနဆိုင်ရာတွေရဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးဆောင်ရွက်မှုအပေါ် ဆရာ့အမြင်လေးသိပါရစေ။

ဖြေ - ကပ်ရောဂါဘေးကာကွယ်ထိန်းချုပ်ရေးနဲ့ပတ်သက်ပြီးတော့ မွန်ပြည်နယ်အစိုးရရဲ့ လုပ်ဆောင်မှုတွေက အရမ်း Delay ဖြစ်တယ်လို့တော့ ပြောရမှာပဲ၊ ဘာလို့လဲဆိုရင် ပြည်ထောင်စုအစိုးရက လမ်းညွှန်မှုတွေ၊ ထုတ်ပြန်မှုတွေနဲ့အတူပြည်နယ်တိုင်းဒေသကြီးအစိုးရတွေကို လုပ်ပိုင်ခွင့်တွေ ပေးထားပါလျက်နဲ့ အခြားသောတိုင်းဒေသကြီးတွေလို အချိန်နဲ့တပြေးညီ လိုအပ်ချက်အရ အမိန့်တွေ၊ ညွှန်ကြားချက်တွေ မထုတ်ပြန်နိုင်ခဲ့လို့ပါပဲ၊ ဥပမာပြောရရင် မန္တလေးတိုင်းဒေသကြီးအစိုးရဆိုရင် ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ပတ်သက်လို့ ပြည်ထောင်စုအစိုးရရဲ့ ညွှန်ကြားချက်တွေနဲ့ တပြိုင်ထဲနီးပါး ကန့်သတ်ချက်၊ အသိပေးကြေငြာချက်၊ အမိန့်ညွှန်ကြားချက်တွေကို လျင်လျင်မြန်မြန် ထုတ်ပြန်ခဲ့တာကို တွေ့ရပါတယ်။ ကျွန်တော်တို့ မွန်ပြည်နယ်မှာတော့ ဈေးတွေမှာ mask တပ်ဖို့အစရှိတဲ့ ကန့်သတ်မှုမျိုးတွေ၊ အပြင်ထွက်တိုင်း mask တပ်ဖို့နဲ့ ဒဏ်ရိုက်ဖို့ဟာမျိုးတွေမှာ အရမ်းနောက်ကျခဲ့တာ အားလုံးအသိပါပဲ။ ကိုယ်စားလှယ်တွေအပိုင်းမှာလည်းရေးမြို့နယ်မှာ ကိုယ်စားလှယ် ၅ ဦးရှိပေမယ့် ဘယ်တစ်ဦးထဲသာ ထဲထဲဝင်ဝင်ပါဝင်လုပ်ခဲ့တယ်ဆိုတာကို အားလုံးအသိပဲဖြစ်ပါတယ်။ ကျန်တဲ့သူတွေကတော့ ပွင့်ပွင့်လင်းလင်းပြောရရင် ပူးပေါင်းပါဝင်လုပ်ဆောင်မှုမရှိသလို စိတ်စေတနာလည်းမရှိခဲ့ကြဘူးလို့ ကျွန်တော်ကတော့ မြင်တယ်။ ဌာနဆိုင်ရာအပိုင်းမှာကျတော့ သူတို့ရဲ့အရိုးစွဲနေတဲ့ အလေ့အထအရ ဘယ်ကိစ္စမဆို အထက်အမိန့်ညွှန်ကြားမှုကို တောင်းခံရယူပြီးမှလုပ်တဲ့အပိုင်းက ကျွန်တော်တို့အတွက် အခက်အခဲဖြစ်စေခဲ့တာပါပဲ၊ ပြောရရင် မြို့နယ်အုပ်ချုပ်ရေးမှူးတစ်ယောက်မှာ ဥပဒေ/လုပ်ထုံးလုပ်နည်းတွေနဲ့အညီပေးထားတဲ့ လုပ်ပိုင်ခွင့်၊ အခွင့်အာဏာ၊ လုပ်ငန်းစနစ်တွေရှိပြီးသားဖြစ်ပါတယ်၊ ဒီအပေါ်မှာ အဆင့်ဆင့်ကို မလိုအပ်ဘဲ အမိန့်နာခံပြီးမှ လုပ်တဲ့အပိုင်းတွေက မလိုအပ်ဘူးလို့ မြင်မိပါတယ်၊ ပြောရရင် တာဝန်ယူမှု၊ တာဝန်ခံမှု အားနည်းတဲ့သဘာပေါ့ဗျ၊

မေး - ခု ရေးမှာ Mask နဲ့ပတ်သက်ပြီးတော့ မတပ်ဘဲသွားတဲ့လူတွေကို ဒဏ်ကြေးငွေဆောင်ခိုင်းနေတယ်၊ အဲဒီဒဏ်ငွေတွေကို ပြည်နယ်ကိုပေးသွင်းရမယ့်အပေါ် ဝေဖန်မှုတွေရှိနေတယ်လို့ သိရပါတယ်၊ အဲဒီအပေါ် ဘယ်လိုပြောချင်ပါသလဲ။

ဖြေ - ဒါကတော့ လုံးဝမဖြစ်သင့်တဲ့ကိစ္စလို့ မြင်မိတာပဲ၊ ဘာလို့လဲဆိုရင် ဒီလုပ်ငန်းစဉ်ဟာ ဥပဒေအရ လုပ်ငန်းစနစ်အရ ဆောင်ရွက်တာမှန်ပေမယ့် ငွေကြေးပေါ်လစီမှာ နိုင်ငံတော်ဘဏ္ဍာထဲကို ထည့်သွင်းရမယ်လို့ မပါဘူး။ ဒါ့အပြင်ကပ်ရောဂါဘေးကာကွယ်ထိန်းချုပ်ရေးကို လုပ်ဆောင်နေတဲ့အပိုင်းမှာလည်း နိုင်ငံတော်အပိုင်းက ပြည့်ပြည့်ဝဝ ထောက်ပံ့‌ဆောင်ရွက်ပေးနိုင်ခဲ့တာမရှိဘူး။ အားလုံးနီးပါးဟာ ပြည်သူတွေရဲ့ ထည့်ဝင်ငွေ၊ ပူးပေါင်း‌ဆောင်ရွက်မှုတွေနဲ့ လုပ်ဆောင်နေရတာပါ၊ ဥပမာပြောရရင် အထက်မှာပြောခဲ့တဲ့ သင်္ကြန်ကာလတုန်းက ပြည်ပပြန်တွေကိုထားရှိခဲ့တဲ့ CBFQ တွေဟာ အများပြည်သူရဲ့ ပူးပေါင်းထည့်ဝင်လှူဒါန်းငွေ၊ ပူးပေါင်းပါဝင်လုပ်ဆောင်မှုတွေနဲ့အတူ ဆောင်ရွက်ခဲ့ရတာပါ၊ ဒါ့အပြင်အခြားသောပညာပေးလုပ်ငန်းတွေ၊ ပြင်ဆင်မှုတွေ၊ စောင့်ရှောက်မှုတွေကိုလည်း ယနေ့အချိန်အထိ ကိုယ်ထူကိုယ်ထဆောင်ရွက်နေရဆဲပါ၊ ဒါ့ကြေင့် ဒီလိုမျိုးမြို့နယ်အတွင်းမှာဆောင်ရွက်တဲ့ mask မတပ်သူတွေကရရှိတဲ့ ဒဏ်ငွေနဲ့ပတ်သက်ပြီး ပြည်နယ်အစိုးရကို အပ်နှံရမယ်ဆိုတာကို မဖြစ်သင့်ဘူးလို့ ပြောချင်တာပါ၊ နောက်တစ်ခုက ၂၀၁၉ ရေးမြို့နယ်ရေကြီးမှုဖြစ်စဉ်မှာ မြို့နယ်ကို တိုက်ရိုက်လာရောက်လှူဒါန်ထားတဲ့ သိန်းပေါင်းတစ်ထောင့်သုံးရာငါးဆယ်နီးပါးကိုပြည်နယ်အစိုးရကိုအပ်နှံခဲ့ရပြီး ပြန်လည်မရရှိခဲ့ရမှုကလည်း ကျွန်တော်တို့အတွက် သင်ခန်းစာတစ်ခုပါ၊ ဖြစ်စေချင်တာက ဒီဒဏ်ကြေးငွေတွေကို မြို့နယ်အတွက် အကျိုးရှိမယ့် လိုအပ်တဲ့နေရာတွေမှာ အသုံးပြုနိုင်ဖို့ပါပဲ။

မေး - သီးခြားပြောချင်တာများရှိရင် ပြောပေးပါဦး။

ဖြေ - လက်ရှိကာလအထိ ကျွန်တော်တို့ရေးမြို့နယ်အပါအဝင် မွန်ပြည်နယ်ကြီးက ကိုဗစ်ရောဂါကပ်ဘေးကို တုံ့ပြန်ကာကွယ်ထိန်းချုပ်နိုင်ဆဲဖြစ်နေပါတယ်။ ကျွန်တော်တို့ပြည်နယ်ရဲ့ တစ်ဦးတည်းသော ကျိုက်မရောက လူနာကလည်းယနေ့အချိန်မှာ ရောဂါပျောက်ကင်းသွားတော့ မွန်ပြည်နယ်ဟာ ရောဂါကင်းစင်ပြည်နယ်အဖြစ် တည်ရှိနေပါတယ်။ ပြောရရင် မွန်ပြည်နယ်ကြီး ကံကောင်းနေဆဲပါပေါ့၊ ဘာလို့လဲဆိုရင် အထက်မှာ ကျွန်တော်ပြောခဲ့သလို ပြည်နယ်အစိုးရရဲ့Delay ဖြစ်မှုတွေ၊ ဌာနဆိုင်ရာတွေရဲ့ အားနည်းမှုတွေ ဘယ်လိုပင်ရှိခဲ့ပေမယ့် ဒီနေ့ဒီအချိန်အထိ ကာကွယ်တားဆီးနိုင်တာကတော့ ဂုဏ်ယူစရာပါ။ အထူးတလည်ပြောလိုတာက ဒေသခံတွေနဲ့ ပြည်နယ်အတွင်းမှာရှိတဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ဆွေးနွေးမှုတွေမှာပြောသလို အသိအမှတ်ပြုဂုဏ်ယူစရာလို့ ကျွန်တော့်အနေနဲ့ ထပ်လောင်းပြောလိုပါတယ်။

ခုလိုဖြေကြားပေးတဲ့အတွက်‌ ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။

တွေ့ဆုံမေးမြန်းသူ - ရဲနိုင်

Most read this week

May 20, 2024
စစ်ကောင်စီ အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ မွန်ပြည်နယ်မှာ ရွှေ့ပြောင်းလုပ်သားတွေကို...
May 20, 2024
နွေဦးတော်လှန်ရေးကနေ ပေါက်ဖွားလာတဲ့ မွန်လူမျိုးအခြေပြု လက်နက်ကိုင်တော်လှန်ရေးတပ်တွေဖြစ်တဲ့ MSRF...
May 18, 2024
တိုက်ပွဲတွေ ပြင်းထန်နေတဲ့ တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ ဧပြီလတစ်လအတွင်း စစ်ကောင်စီတပ်နဲ့...
May 17, 2024
တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတဲ့ တနင်္သာရီတိုင်းမှာ စစ်ရှောင်ဒုက္ခသည် အရေအတွက် ၆၀၀၀၀ ဝန်းကျင်အထိ...