ခြိမ်းခြောက်ခံနေရသော ယူနစကိုလ်၏ ဇီဝအဝန်းနယ်မြေ

ခြိမ်းခြောက်ခံနေရသော ယူနစကိုလ်၏ ဇီဝအဝန်းနယ်မြေ
အင်းတော်ကြီးရေလယ်ဘုရား
အင်းတော်ကြီးရေလယ်ဘုရား

မိုးဖွဲဖွဲကျနေသည့် နံနက်ခင်း …။

အင်းတော်ကြီး ရေလည်ဘုရားသွားသည့် နတ်လမ်းပေါ်သည်ဆိုပြီး လူအများအပြား ယခုရက်ပိုင်းတွင်း သွားရောက်လည်ပတ်ကြသည်။ တချို့တစ်သက်မှ ယခုတစ်ကြိမ်သာမြင်ဖူးသူများရှိကြသည်။

covid19 ထိန်းချုပ်ရေးအတွက် အိမ်တွင်နေထိုင်ကြပါဆိုသည့် စကားများကိုပင် လွန်ဆန်ပြီး နတ်လမ်းပေါ်လာလျှောက်ကြသည်ကိုမြင်တွေ့ရသည်။

နတ်လမ်းဘာကြောင့်ပေါ်လာရသလဲဆိုသည့် မေးခွန်းကစိတ်ဝင်စားစရာပင်ဖြစ်သည်။ သမိုင်းများအရ အင်းတော်ကြီးရေလည်ဘုရားပွဲကျင်းပသည့် တပေါင်းလတွင်သာ လူလမ်း နတ်လမ်း များပေါ်လာကြသည်။

အရိုးရှင်းဆုံးပြောရလျှင် ထိုကာလတွင် ဘုရားသွားသည့် သဲခုံလမ်းပေါ်လာခြင်းပင်ဖြစ်သည်။ ပွဲတော်ပြီးလျှင်ထိုလမ်းများလည်းပျောက်သွားခဲ့သည်။

ယခုအချိန်အခါမဟုတ် ပေါ်လာခြင်းက သဘာ ဝပတ်ဝန်းကျင်ပျက်စီးနေသည့်အကြောင်းများကြောင့်ဟုဆိုနိုင်သည်။

လူများ၏ ပယောဂများ စီမံခန့်ခွဲမှု ညံ့ဖျင်း မှုများနှင့် စနစ်မကျသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကြောင့်လည်း အင်းတော်ကြီးဒေသ ဇီဝနယ်မြေများက ပျက်စီးလာခဲ့ရသည်။

အင်းတော်ကြီးဒေသသည် အမေရိကန်နိုင်ငံ၏ နယူးယောက်မြို့ လူနေကုန်းမြေနှင့်ရွယ်တူခန့်ရှိသည်။

ဧရိယာစတုရန်းမိုင် ၃၁၄.၆ မိုင်ကျယ်ဝန်းပြီး မျိုးသုဉ်းမည့်အန္တရာယ်ကျရောက်နေသော ငှက် ၁၀ မျိုးအပါအဝင် ရွှေ့ပြောင်းနှင့် ဌာနေ ငှက်မျိုးပေါင်း ၂၀၀၀၀၊ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် မျိုးသုဉ်းလု ဖြစ်နေသော လိပ် ၅ မျိုးနှင့် ဤနေရာတွင်သာ တွေ့နိုင်သည့် ငါးမျိုးစိတ် ၇ မျိုး အပါအဝင် ငါးမျိုးပေါင်း ၉၃ မျိုးတို့အား တွေ့ရှိနိုင်သော အဓိကကျသည့် ရေတိမ်ဒေသတစ်ခုလည်းဖြစ်သည်။

တောရိုင်းတိရိစ္ဆာန်မျိုးစိတ်များစွာလည်း ကျင်လည်ကျက် စားသည့်ဒေသတစ်ခုလည်းဖြစ်သည်။ သစ်ပင်မျိုးစိတ် (၁၆၅) မျိုးနှင့် ဆေးဘက်ဝင်သစ်ပင်မျိုးစိတ်များစွာလည်း ရှိသည်။

ထိုသို့ ဇီဝမျိုးစိတ်များစွာရှိနေသည့် ဇီဝအဝန်းနယ်မြေများကို ထိုးနက်ခြိမ်းခြောက်နေသည့် ကိစ္စရပ်များစွာရှိသည်။

ရွှေတူးဖော်မှုများ ၊ ငါးအလွန်အကျွန်ဖမ်းခြင်းများ ၊ သစ်ထုတ်လုပ်မှုများ နှင့် အမဲလိုက်ခြင်းတို့ဖြစ်သည်။ ယခုနောက်ပိုင်းတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ဆောင်ရာတွင် စည်းစနစ်မကျမှုများကြောင့် ပျက်စီးလာမှုများကိုလည်းတွေ့မြင်နေရသည်။

နတ်လမ်းဘာကြောင့်ပေါ်လာရသလဲ

အင်းတော်ကြီးဒေသတွင် နှစ်စဉ်မိုးရေချိန်သည် လက်မ ၇ဝ နှင့် ၈ဝ ကြားရှိသည်။ မိုးရွာသည့်ရက်သည်လည်း ရက်ပေါင်း (၁ဝဝ) ကျော်သည်။

၂ဝ၁၉ခုနှစ်တွင် ရွာသွန်းသည့်မိုးရေချိန်မှာ ၄၅ လက်မကျော်သာရှိသည်။ ထို့ကြောင့် ကန်ရေပြင်သည်လည်း မြင့်တက်ခြင်းမရှိဖြစ်ခဲ့သည်။

ယခုနှစ်တွင်လည်း မိုးကောင်းမွန်စွာရွာသွန်း ခြင်းမရှိသောကြောင့် ကန်ရေပြင်လည်းပြန်လည်မြင့်တက်လာခြင်းမရှိပေ။ သို့သော်လည်း ကန်ရေပြင်သည် တစ်ပေကျော်ခန့်နိမ့်ကျသွားခဲ့သည်။

မနှစ်က နတ်လမ်းပေါ်ခဲ့သည်။ လူအများစုမသိရှိလိုက်ခြင်းကြောင့်ဖြစ်သည်။ အကြောင်းသည်ကာ နတ်လမ်းသည်ရက်အနည်းငယ်သာကြာပြီး ယခုကဲ့သို့သိသာထင်ရှားစွာမပေါ်ခဲ့ပေ။ ယခုနှစ် တွင် ရေပြင်နိမ့်ကျမှုကြောင့် နတ်လမ်းကိုထင်ရှားစွာတွေ့မြင်ရခြင်းဖြစ်သည်။

မိုးရေချိန်နည်းရခြင်း သည်လည်း တစ်ကမာ္ဘလုံးရင်ဆိုင်နေရသည့် သစ်တောပြုံးတီးမှုများနှင့် ရာသီဉတုပြောင်းလဲခြင်းများကြောင့် လည်းဖြစ်သည်။

ထို့ပြင် ဘုရားသွားသည့် ကွန်ကရစ် လမ်းတည်ဆောက်ထားမှုကလည်း အင်းကောမှုဖြစ်စေသည့် တစ်စိတ်တစ်ပိုင်းဖြစ်သည်။

အနည် အနှစ်များနှင့်အမှိုက် ဒိုက်များက မြောက်မှ တောင်သို့ စီးမျှောနိုင်ခြင်းမရှိခြင်းကြောင့်ဖြစ်သည်။ ထိုကွန်ကရစ်လမ်းခံထားသောကြောင့် အမှိုက်များက စုပုံပြီး ကြာလာသည့်အခါ တိမ်ကောသည့်အဖြစ်သို့ရောက်ရှိလာခြင်းဖြစ်သည်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသူများက ကွန်ကရစ်လမ်းကို ရေစီးရေလာကောင်းမွန်သောဒီဇိုင်းများပြု ပြင်ပြောင်းလဲရန် တင်ပြထားကြသော်လည်း တာဝန်ရှိသူများက ယနေ့တိုင်လုပ်ဆောင်ခြင်းမရှိကြပေ။

ရွှေတူးဖော်မှုနှင့် တရားမဝင်သစ်ထုတ်ခြင်းပြဿနာ

အင်းတော်ကြီးကန်ထဲစီးဝင်နေသည့် ချောင်းဖျားများနှင့် ချောင်းပတ်ဝန်းကျင်တွင် ရွှေတူးဖော်မှုများကြောင့် မျှောမှီးစာများ ကန်ထဲသို့တဖြည်းဖြည်းစီးဝင်လာခဲ့သည်။

စက်ယန္တရားကြီးများဖြင့် တူးဖော်မှုများကို လွန်ခဲ့သည့် နှစ်ပေါင်းနှစ်ဆယ်ကတည်းက ပြုလုပ်လာသောကြောင့် အင်းတော်ကြီးကန်ထဲသို့စီးဝင်သည့်ချောင်း တချို့လည်း ကောလာခဲ့သည်။

ထိုပြဿနာကို ခေါင်းတုံးချောင်းတွင် သိသာစွာမြင်တွေ့နေရသည်။ မိုင်းနောင် ကျေးရွာရှိ လူအများစုကလည်း ရွှေတူးဖော်မှုများကိုသာ အစဉ်တစိုက်လုပ်ကိုင်နေသောကြောင့် ခေါင်းတုံးချောင်း လည်းကောလာခဲ့သည်။

မိုင်းနောင်ရွာအနောက်ဘက်ခြမ်းတွင်လည်း တစ်ချိန်က စိမ်းစိုနေသည့် သစ်တောများ လည်း ရွှေမျှောများဖြင့် စည်ကားနေပြီး သစ်တောရုံးနှင့် ပေ ၂ဝဝ အကွာတွင်သာ လုပ်ကိုင်မှုများပြုလုပ်နေကြ သည်။

ထိရောက်သည့် တားဆီးအရေးယူမှုများလည်း ယနေ့အချိန်ထိမမြင်ရသေးချေ။ အင်းတော်ကြီး အနောက်ဘက်ကမ်းရှိ တောင်တန်းများတွင်လည်း ရွှေတူးဖော်နေမှုများစွာရှိနေသည်။

သစ်ထုတ်လုပ်မှုများကို အင်းတော်ကြီးဒေသ အနှံ့တွင်တွေ့မြင်နိုင်သည်။ အင်းတော်ကြီးဒေသတွင် သစ် မခုတ်ရန်အထူးကြပ်မတ်ထားသည့် ဇုန်နယ်မြေများတွင်လည်း သစ်ထုတ်လုပ်မှုများက ယနေ့တိုင်ရှိနေသည်။

သစ်ထုတ်လုပ်မှုများတွင် တာဝန်ရှိသူတချို့ပါဝင်ပတ်သက်နေသည်ကိုလည်းစုံစမ်းသိရသည်။ အစိုးရ၏ တားမြစ် သစ်ပင်ဖြစ်သည့် ကျွန်းများကိုအဓိကထုတ်ယူကြသည်။ ဖမ်းဆီးအရေးယူမှုများရှိသော်လည်း လုပ်ကိုင်နေကြဆဲ ဖြစ်သည်။

ထိုပြဿနာကိုဖြေရှင်းနိုင်ရန်အတွက် အလွန်ပင်ကြိုးစားကြရမည်ဖြစ်သည်။ တချို့သောနေရာများတွင် လုံခြုံရေးအရသွားရောက်နိုင်ခြင်းမရှိသောကြောင့် သစ်ခိုးထုတ်မှုများစွာဖြစ်နေရသည်ဟုလည်း တာဝန်ရှိ သူများကဆိုသည်။

၂၀၁၈ ခုနှစ်တွင် ဖမ်းဆီးအရေးယူမှုများကိုဆောင်ရွက်နိုင်ခဲ့သည်ဟု အင်းတော်ကြီးဘေးမဲ့ တော အုပ်ချုပ်ရေးမှူး ဦးမောင်ဝင်းကဆိုသည်။

သို့သော်လည်း သစ်ထုတ်လုပ်နေသည့်သတင်းများက ကြားနေရမြဲပင်ဖြစ်သည်။



အင်းတော်ကြီးဒေသရှိ သစ်စက်တစ်ခုအားတွေ့ရစဉ်

ငါးအလွန်အကျွံဖမ်းခြင်းနှင့် စားကျက်မြေပျောက်ဆုံးခြင်း

“ အင်းတော်ကြီးဒေသကလူတွေက လယ်လုပ်ပြီးမှ တံငါနည်းနည်းပါးပါးလုပ်တာ။ အောက်ပြည်ကလာ တဲ့သူတွေက အချိန်တိုင်းဖမ်းနေတာ။ ငါးအလွန်အကျွံဖမ်းလို့ ရတဲ့ပိဿချိန်နည်းလာတယ်။ မျိုးစိတ်တွေကတော့ အရင်အတိုင်းပဲရှိတယ်။” ဟု အင်းတော်ကြီးဘေးမဲ့တော အုပ်ချုပ်ရေးမှူးဦးမောင်ဝင်းကဆိုသည်။

ဦး မောင်ဝင်းကဲ့သို့သော စကားမျိုးကို အင်းတော်ကြီးမူရင်းဒေသခံများက ပြောဆိုကြသည်။ ဒေသခံမဟုတ်သူများ ၏ ငါးအလွန်အကျွံဖမ်းယူခြင်းနှင့် သတ်မှတ်ထားသည့် ကာလများတွင်လည်း ငါးဖမ်းလုပ်ငန်းများကိုစဉ်ဆက်မပျက်လုပ်ဆောင်နေမှုများကြောင့် ငါးအကောင်ရေလျော့ကျလာခဲ့သည်။

ယခုနှစ်တိုင်းတာထားသည့်စာရင်းများအရ အင်းတော်ကြီးကန်ရှိ ငါးမျိုးစိတ်များမှ လျော့ကျခြင်းမရှိဟု ဦးမောင်ဝင်းကဆိုသည်။

အင်းတော်ကြီးမှသာ တွေ့ရသည့် မိကျောင်းသွားကြားထိုး ငါးမျိုးစိတ်များကို ဟဲပုကျေးရွာဘက်ခြမ်းတွင်တွေ့မြင်နေရသေးသည်ဟုဆို သည်။

အင်းတော်ကြီး ရွှေတောင်ဒေသနှင့် အင်းမြှီးဒေသ ချောင်းဝတွင် ငါးမျိုးစိတ်များ အဓိက သားဉချသည့် နေရတစ်ခုဖြစ်သည်။ ထိုနေရာ၏ ဂေဟစနစ်များပျက်စီးလာသောကြောင့် ငါးအကောင်ရေလျော့နည်းလာခဲ့ သည်။  

ဖွံ့ဖြိုးရေး၏ နောက်ဆက်တွဲ

အင်းတော်ကြီးဒေသသည် ၂၀၁၄ ခုနှစ်အထိ ကတ္တရာလမ်းကောင်းကောင်းမွန်မွန်မရှိသေးပေ။ မြေသားလမ်းများ၊ ရွံ့ဗွက်လမ်းများသာဖြစ်နေသည်။ တချို့သောကျေးရွာများသည် ရေလမ်းများကိုသာအဓိကထား အားကိုးနေရသည်။

သို့သော်လည်း ၂၀၁၅ ခုနှစ်နောက်ပိုင်းတွင် အင်းတော်ကြီးကန်၏ အနောက်ကမ်းလမ်းများ အားလုံး ကတ္တရာလမ်းခင်းခဲ့ကြသည်။

ထိုလမ်းများအတွက် အင်းတော်ကြီးဘေးမဲ့တောရှိ ကျောက်များကိုထုတ် ယူပြီးခင်းကြသည်။ တချို့သည်လည်း ကုမ္မဏီမှ တိုက်ရိုက်တူးဖော်မှုများနှင့် တချို့မှာ ဒေသခံများကတူးဖော်ပြီး ရောင်းချခဲ့သည်။

လမ်းခင်းရာတွင် အသုံးပြုသည့်ကျောက်အများစုကို အင်းတော်ကြီးရေဝေရေလဲချောင်းများထဲမှ ထုတ်ယူကြသည်။ ထိုထုတ်ယူမှုကြောင့် အင်းတော်ကြီးကန်ထဲသို့ အနှစ်အနစ်များက ချောင်းထဲမှ အတားအဆီးမရှိဝင်ရောက်ခဲ့သည်။

ထို့ကြောင့် အင်းတော်ကြီးကန် သဲနှုံးများဝင်ရောက်မှုများက ယခင်ထက်များ စွာဆိုးရွားနေသည်။ ထိုကြောင့်လည်း သဲစစ်ကန်များတည်ဆောက်ရေးလုပ်ငန်းများကို လုပ်ဆောင်ရန်အတွက် သစ်တောဌာနက ပြင်ဆင်နေကြသည်။

ဖွံ့ဖြိုးရေးကြောင့် အင်းပတ်ဝန်းကျင်ပျက်စီးလာသည့် အကြောင်းအရင်း တစ်ချက်လည်းဖြစ်သည်။

ထို့ပြင် ဖွံ့ဖြိုးလာပြီးနောက် အမှိုက်ပြဿနာများလည်းရှိသည်။ ချောင်းအတွင်းပလပ် စတစ်အမှိုက်များကို စွန့်ပစ်မှုများလာခဲ့သည်။

ခရီးသွားနှစ်စဉ်သိန်းနှင့်ချီလာရောက်သည့် အတွက် စနစ်တကျစွန့်ပစ်မှုမရှိသည့် ပလပ်စတစ်အမှိုက်များကြောင့်လည်း  အင်းတော်ကြီးကန်အထဲ အမှိုက်များကို နှစ်စဉ်လနှ င့်ချီကြာ သိမ်းဆည်းနေကြရသည်။

ခရီးသွားများ ပို၍ဖွံ့ဖြိုးလာလျှင် အမှိုက်ပြဿနာကိုများစွာထည့် သွင်းစဉ်းစားရမည်ဖြစ်သည်။ လူဦီးရေတိုးလာပြီး လယ်ယာမြေချဲ့ထွင်လာခဲ့ကြသည်။

လယ်ယာမြေများစွာချဲ့ထွင်လာမှုများလည်း အင်းတော်ကြီးကန်ပျက်စီးနေစေသည့် အချက်တစ်ခုလည်းဖြစ်လာသည်။ ထိုကိစ္စကိုအ ချိန်မှီတားဆီးသင့်ပေသည်။

အင်းတော်ကြီးကန်သည် ယူနစကိုလ်၏ လူသားနှင့် ဇီဝအဝန်းနယ်မြေအဖြစ်သတ်မှတ်ခြင်းခံထားရသည့် နေရာတစ်ခုလည်းဖြစ်သည်။ ရမ်ဆာရေဝပ်ဒေသ ၊ ဘေးမဲ့တောစသည့်ဂုဏ်ပုဒ်များစွာပိုင်ဆိုင်ထားသည်။

အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် Important Bird Area (IBA) ဖြစ်ပြီး အာဆီယံ အမွေအနှစ်ဥယျာဉ်လည်းဖြစ်သည်။

လူသားနှင့် ဇီဝသဟဇာတဖြစ်ပြီး ရေရှည်တည်တံ့သည့် ပတ်ဝန်းကျင်တစ်ခုဖြစ်ရန်အတွက် ဒေသခံရှမ်းနီတိုင်း ရင်းသားများ များစွာထိန်းသိမ်းရမည်ဖြစ်သည်။

ဒေသခံမဟုတ်သည့် သူများလာရောက်ဖျက်ဆီးမည့်ဘေးကိုလည်းဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ်ပေသည်။

လှိုင်ထက်ကို ရေးသားသည်။

Photo

1. 

2. 

3.  မိုင်းနောက်ကျေးရွာအနောက်ဘက်တွင် ရွှေတူးဖော်မှုများကိုတွေ့ရစဉ်

Most read this week

May 16, 2024
ပညာသင်ယူမှုပြီးမြောက်လျှင် လူ့အသက်များကို ကယ်တင်ရင်း အမျိုးသားရေးပခုံးပြောင်းတာဝန်များကို...
May 15, 2024
စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် မေလ ၁၄ ရက်နေ့မှာ ပြည်သူ့စစ်မှုထမ်း...
May 7, 2024
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ထီးချိုင့်မြို့နယ်မှာ စစ်ကောင်စီနှင့်...
May 2, 2024
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုအားလုံးနီးပါးတွင်...