ကျန်းကားရွာ ဒေသခံ ၅ ဦးကို TNLA ဖမ်းဆီးသွားဟု ဆို

ကျန်းကားရွာ ဒေသခံ ၅ ဦးကို TNLA ဖမ်းဆီးသွားဟု ဆို
ပုံ - PSLF/TNLA တပ်ဖွဲ့ဝင်များ(ပုံ-PSLF)
ပုံ - PSLF/TNLA တပ်ဖွဲ့ဝင်များ(ပုံ-PSLF)

စိုင်းဦး — ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ ကျန်းကားကျေးရွာက ခုံလုံလီရှောလူမျိုး ငါးဦးကို ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)မှ ဖမ်းဆီး  ခေါ်ဆောင်သွားကြောင်း ခိုလုံလီရှောလူငယ်ပြန်ကြားရေးအဖွဲ့မှ ပြောသည်။

TNLA တပ်ဖွဲ့ဝင်များသည် မတ်လ ၂၅ ရက် ည ၁၁ နာရီဝန်းကျင်က ကျန်းကားကျေးရွာသို့ လက်နက်အပြည့်အစုံနှင့် ဝင်ရောက်လာပြီး ရွာထိပ်ရှိ မီးသွေးဖုတ်သည့် နေအိမ်နှစ်မှ လူ ငါးဦးကို ဖမ်းဆီးသွားသည်ဟု ခိုလုံလီရှောလူငယ် ပြန် ကြားရေးအဖွဲ့က မတ်လ ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အမည်မဖော်လိုသူ ခိုလုံလီရှောလူငယ်ပြန်ကြားရေးအဖွဲ့တာဝန်ရှိသူ တစ်ဦးက “ကျန်းကားရွာထိပ်မှာ မီးသွေးဖုတ်တဲ့ နေရာမှာ နှစ်အိမ်ဘဲ ရှိတယ်၊ ရွာပျက်လိုဖြစ်နေတာ အဲ့နှစ်အိမ်က လူကို ဖမ်းသွား တာ  တစ်အိမ်က သားသုံးယောက်နဲ့ အမေအိုဘဲရှိတာ သားသုံးယောက်ကို ဖမ်းသွားတယ်၊ အမေအိုကိုက သူတို့ မတွေ့ သွားဘူး။  နောက်တစ်အိမ်ကျတော့ သူယောကျ်ားနဲ့ ဧည့်သည်ကို ဖမ်းသွားတယ်”ဟု ပြောသည်။

TNLA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က မီးသွေးဖုတ်သည့် သူများကို ဖမ်းဆီးခြင်း မရှိဘဲ မူးယစ်ဆေးဝါး တရားခံကိုတော့ ဖမ်းမိခြင်း ရှိသည်ဟု ဆိုသည်။

ဗိုလ်မှူး မိုင်းအိုက်ကျော်က“ခိုလုံလီရှောဖမ်းတာတော့ မရှိဘူး၊ မူးယစ်ဆေးဝါးနဲ့ တရားခံတော့ ဖမ်းမိတာတော့  ရှိတယ်။ အဲတာတော့ ဘာလူမျိုး လည်းတော့ မသိဘူး။ဒီလိုမျိုး မီးသွေးဖုတ်တဲ့သူကို  ဖမ်းတာ ရှိကိုမရှိတာ၊ ကျွန်တော်တို့လည်း ပြန်မေးကြည့်တယ်”ဟု ပြောသည်။

ခိုလုံလီရှောလူငယ် ပြန်ကြားရေးအဖွဲ့က တာဝန်ရှိသူကမူ TNLA တပ်ဖွဲ့ဝင်များသည် ခိုလုံလီရှောများကို ယခင်ကလည်း ဖမ်းဆီးမှုများ ရှိခဲ့ပြီး ငွေပေး၍  ပြန်ရွေးယူရခြင်းများ  ရှိခဲ့သည်ဟု ဆိုသည်။

“ဘာကြောင့် ဖမ်းတာလဲဆိုတာ မသိဘူး။ ငွေလိုလို့ ဖမ်းတာပေါ့၊ ရွေးလည်း မရွေးနိုင်ဘူး။ ရွာပျက်ထဲမှာ မပြေးုနိုင် မသွားနိုင်လို့ နေထားတဲ့ အိမ်က ရွေးလည်း ရွေးနိုင်မှာ မဟုတ်ဘူးလေ”ဟု ၎င်းက ပြောသည်။

TNLA မူးယစ်တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးနှင့် ပတ်သက်လာပါက ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ် လျက်ရှိပြီး တွေ့ရှိပါက ဖမ်းဆီးကာ ထိုက်သင့်သည့် ပြစ်ဒဏ်များ ပေးလေ့ရှိကြောင်း TNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ  ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောဆိုထားဖူးသည်။

မတ်လ ၂၅ ရက်က TNLA မှ ဖမ်းသွားသည့် ကျန်းကားကျေးရွာမှ ဒေသခံ ငါးဦးမှာ အသက် ၃၅ နှစ်အရွယ် တွမ်ကျုံပေါက်၊ အသက် ၂၆ နှစ်အရွယ် တွမ်ကျုံချီ၊ အသက်၂၄ နှစ်အရွယ် တွမ်ကျုံနိမ့်၊ အသက် ၅၀ နှစ်အရွယ် ဦးလီယားရှမ်နှင့် အသက် ၄၀ နှစ်အရွယ် ဦးကျင်လုတို့ ဖြစ်ကြောင်း ခိုလုံလီရှောလူငယ် ပြန်ကြားရေးအဖွဲ့က ပြောသည်။

လက်ရှိတွင် ဖမ်းဆီးခံထားရသော ကျန်းကားကျေးရွာမှ ဒေသခံ ငါးဦးမှာ မည်သည့် နေရာ၌ ရှိနေကြောင်း မသိရပေ။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်ကလည်း နမ့်ခမ်းမြို့နယ်၊ တာကွန့်ကျေးရွာအုပ်စု ဝါလုရွာမှ ဒေသခံ လေးဦးနှင့် တခြား ကျေးရွာမှ အလည်လာသော အုပ်ချုပ်ရေးမှူးတစ်ဦးတို့ကို TNLA က ဖမ်းဆီးသွားခဲ့ပြီးနောက် မတ်လ ၅ ရက်တွင် တစ်ဦးလျှင် ၁၅ သိန်းနှုန်းဖြင့် စုစုပေါင်း ၇၅ သိန်းပေးကာ ပြန်လည် ရွေးယူခဲ့ရကြောင်း ခိုလုံလီရှောလူငယ်ပြန်ကြားရေး အဖွဲ့က ပြောသည်။

ထိုသို့ ၇၅ သိန်းပေး၍ ပြန်ရွေးခဲ့ပြီး လွတ်လာသူများမှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် တာကွန့်ကျေးရွာအုပ်စု ဝါလုရွာသား ဦးအုတ်ရှီလင် (အသက် ၇၆ နှစ်)၊ ဦးကျင်ယိုးပေါင်း (အသက် ၇၄ နှစ်)၊ ဦးကျုံမင်ဖူ (အသက် ၄၁နှစ်)၊ ဒေါ်ကျင်လိုင်ရွှင် (အသက် ၃၁ နှစ်)နှင့် အသက်အန္တရာယ် စိုးရိမ်သည့်အတွက် အမည်မဖော်လိုသူ တစ်ဦးတို့ ဖြစ်ကြောင်း ခိုလုံလီရှောလူငယ်ပြန်ကြားရေးအဖွဲ့က ပြောသည်။

TNLA သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင်၊ သီပေါ၊ လားရှိုး၊ ကျောက်မဲ၊ နမ့်ဆန်၊ နမ္မတူ စသည့် မြို့နယ်များ အပါအဝင် မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်များတွင် လှုပ်ရှားလျက်ရှိသော ပလောင် လက်နက်ကိုင် အဖွဲ့ ဖြစ်သည်။

လက်ရှိမှာလည်း အစိုးရနှင့် ပဏာမ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်(Bilateral)ထိုးနိုင်ရေး ဆွေးနွေးညှိနှိုင်း လျက်ရှိနေသော အဖွဲ့လည်း ဖြစ်သည်။

March 4, 2024
ရခိုင်ပြည်နယ်တွင် အပစ်အခတ်ရပ်စဲရန်ဆွေးနွေးခြင်းမရှိကြောင်း ရက္ခိုင့်တပ်တော်(AA)၏...
February 23, 2024
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် အားကစားရုံအတွင်း စစ်ကောင်စီတပ်ဖွဲ့ နှင့် ရဲတပ်ဖွဲ့တို့ အစည်းအဝေး...
February 22, 2024
တနင်္သာရီတိုင်း ၊ထားဝယ်မြို့နယ်တွင် ယမန်နေ့ဖေဖော်ဝါရီ ၂၁ ရက်က ဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း...
February 21, 2024
ချင်းပြည်နယ်၊ ဖလမ်းမြို့ပေါ်တွင် စစ်ကောင်စီတပ်စခန်းတခုသာရှိတော့ပြီး မြို့ကိုဝိုင်းထား ကြောင်း...