KNU အထွေထွေ အတွင်းရေးမှူး ပဒိုစောတာဒိုမူးနှင့် အင်တာဗျူး

KNU အထွေထွေ အတွင်းရေးမှူး ပဒိုစောတာဒိုမူးနှင့် အင်တာဗျူး

လက်ရှိ ရင်ဆိုင်နေရတဲ့ ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ဆိုးကြီးကို ထိထိရောက်ရောက် တွန်းလှန်နိုင်ဖို့အတွက် တစ်နိုင်ငံလုံး အတိုင်းအတာအဖြင့် အပစ်ရပ်ပေးဖို့ ကရင်အမျိုးသား အစည်းအရုံး KNU က အစိုးရနှင့် တပ်မတော်ကို မတ်လ ၂၆ ရက်တွင် တောင်းဆို လိုက်ပါတယ်။

လက်ရှိမှာဆိုရင် ကိုရိုနာဗိုင်းရပ်စ် အသက်ရှုလမ်းကြောင်းဆိုင်ရာ အဆုတ်ရောင်ရောဂါဟာ ကမ္ဘာတစ်ဝန်း ကူးစက်မှု လျင်မြန်စွာ ဖြစ်ပွားလျက်ရှိပြီး မြန်မာနိုင်ငံမှာလည်း မတ်လ ၂၆ ရက်နေ့အထိ အနည်းဆုံး ၅ ဦး ကူးစက်ခံထား ရပါတယ်။

အစိုးရအနေဖြင့် ရောဂါကာကွယ်တားဆီးရေး လုပ်ငန်းတွေကို ပိုမိုလုပ်ဆောင်နေသကဲ့သို့ တိုင်းရင်းသား လက် နက်ကိုင် အဖွဲ့အစည်းတွေကလည်း ၎င်းတို့ ထိန်းချုပ်ရာ ဒေသတွေမှာ ရောဂါ ကာကွယ် တားဆီးရေး အတွက် အရှိန်မြင့် လုပ်ဆောင်လာနေကြတယ်လို့ သိရပါတယ်။

တိုင်းရင်းသား တော်လှန်ရေးလက်နက်ကိုင် အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ ကရင်အမျိုးသား အစည်းအရုံး KNU က လည်း ၎င်းတို့ ထိန်းချုပ်ရာ ဒေသတွေမှာ ရောဂါ ကာကွယ်တားဆီးရေး အတွက် ဒေသခံ လူထုတွေကို အသိ ပညာပေးရေး လုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

KNU အနေနဲ့ အစိုးရနဲ့ တပ်မတော်ကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်ရပ်ပေးဖို့ ဘာကြောင့် တောင်းဆို လိုက်တာလဲ။ ဒါအပြင့် ရက္ခိုင့်တပ်တော် AA အပေါ် အစိုးရက အကြမ်းဖ က်အဖွဲ့နှင့် မတရားအသင်းအဖြစ် ကြေ ငြာလိုက်တဲ့အပေါ် KNU ရဲ့ သဘောထားကရော ဘယ်လိုရှိပါသလဲ စတဲ့ အကြောင်းအရာတွေကို သတင်းနှင့် မီဒီယာ ကွန်ရက်က ကရင်အမျိုးသား အစည်းအရုံး KNU ကို ဆက်သွယ်မေးမြန်းထားပါတယ်။ KNU အထွေထွေအ တွင်းရေးမှူး ပဒိုစောတာဒိုမူးက KNU ထိန်းချုပ်နယ်မြေအတွင်း ဗိုင်းရပ်စ်ကာကွယ်ရေးမှာ ပညာပေးမှုကို အဓိက လုပ်နေတယ်လို့ စပြောပြပါတယ်။

ပဒိုစောတာဒိုမူး – ကျနော်တို့က ကာကွယ်ရေးကို အထူးသဖြင့် နယ်စပ်မှာ ရှိတဲ့ ရွာတွေမှာ ပညာပေးတဲ့ပုံစံပေါ့နော ကျနော်တို့ရဲ့ ဧရိယာဖက်မှာ အဓိကထားပြီးတော့ လုပ်တယ်။ နောက်ပြီးတော့ အဓိက သူတို့ ပညာပေးတာကတော့ ကျနော်တို့ ဒီ social isolation (လူမှုရေးအရ သီးခြားခွဲနေခြင်း) ပေါ့ နော် distancing (အဝေးတွင် နေခြင်း) နဲ့ ကျနော်တို့ သီးသီးခြားခြားနေပေါ့နော် ကျနော်တို့ self – isolation (မိမိကိုယ်ကို သီးခြားခွဲနေခြင်း) လိုဟာမျိုးတွေပေါ့ နော်။ ဆိုတော့ အဲလိုပုံစံမျိုးနဲ့ အဲလိုမျိုး ကျနော်တို့ အပြင်က ပြန်လာတယ်ဆိုရင် ချက်ချင်း အိမ်ထဲမဝင်ဖို့ စသ ဖြင့်ပေါ့နော်။ WHO က သတ်မှတ်ထားတဲ့ လမ်းညွှန်ချက်တွေ အတိုင်းပါပဲ အဲဒါကို အဓိက advocacy (ပညာပေးစည်းရုံးရေး) ပေါ့ ကျနော်တို့ရဲ့ medic (ဆေးမှူး) တွေက advocacy ပေးတဲ့ သဘောရှိပါတယ်။

မေး – ဒေသအတွင်းက ရောဂါပိုးကူးစက်မှု အခြေအနေကရော ဘယ်လိုရှိနေသလဲ။

ပဒိုစောတာဒိုမူး – ကျနော်တို့ဖက်ကတော့ လောလောဆယ်တော့ ထွေထွေထူးထူးတော့ ဘာမှမရှိပါဘူး။ ဘာမှ မရှိတဲ့အတွက် ကြောင့်ပဲ ကျနော်တို့ အထူးသဖြင့် social – distancing လို့ခေါ်တဲ့ ကျနော်တို့ လူမှု ဆက်ဆံရေး ပိုင်းဆိုင်ရာ အသွားအလာတွေ ခေတ္တရပ်ဆိုင်းထားဖို့ အသွားအလာတွေ ကျနော်တို့ တစ်နေရာနဲ့ တစ်နေရာ သွားလာတဲ့ ဟာတွေကို ရပ်ထားတဲ့ဟာမျိုးတွေတော့ ကျနော်တို့ စည်းကမ်းချက်ထုတ်ပြီးတော့ ကျနော်တို့ တစ် နေရာနဲ့ တစ်နေရာ နည်းနည်း အသွားအလာ သေရေးရှင်ရေး မလိုအပ်ပဲနဲ့ မလုပ်ဖို့ပေါ့နော်။ အဲလိုဟာမျိုး တွေ တော့ ကျနော်တို့ အဓိက ကာကွယ်တဲ့ အဆင့်အနေနဲ့ သွားတာ ဖြစ်ပါတယ်။

မေး – KNU ထိန်းချုပ်ထားတဲ့ နယ်စပ်ဂိတ်တွေ ဖက်မှာရော လူသူ သွားလာလှုပ်ရှားမှုတွေ ရှိသလား။ အဲဒီဒေသ တွေမှာ ရောဂါကာကွယ်ရေးအတွက် ဘာတွေလုပ်ဆောင်ထားသလဲ။

ပဒိုစောတာဒိုမူး – ကျနော်တို့ဖက်ကတော့ ထွေထွေထူးထူးကို အုတ်နှင့်သောင်းနှင့် ကူးတာ ဖြတ်တာတွေတော့ မရှိပါဘူး။ ပုံမှန်အတိုင်းပါပဲ။ အဓိကကတော့ နယ်စပ် တပ်မဟာတွေဖြစ်တဲ့ KNU တပ်မဟာတွေ ဖြစ်တဲ့ ဒီဖားအံ ခရိုင်တို့ တပ်မဟာ ၆ ပေါ့နော်။ တပ်မဟာ ၇ နဲ့ တပ်မဟာ ၄ ပေါ့နော်။ အထူးသဖြင့် နယ်စပ်ပိုင်းဆိုင် ရာတော့ နည်းနည်း ပိုပြီးတော့ ကျနော်တို့ medic တွေက အားစိုက်ပြီးတော့ နယ်စပ်မျဉ်းတစ်လျှောက်မှာ ရှိတဲ့ ရွာတွေ သွားပြီးတော့ ကျနော်တို့ advocacy လုပ်တာပေါ့နော။ သူတို့ ဘယ်လိုသတိထားရမလဲ နေထိုင်ရမလဲ ဆိုတာ အသိပညာ ပေးတာတို့ အဲဒါမျိုးတွေတော့ လုပ်တာ ရှိပါတယ်။

မေး – မတ်လ ၂၆ ရက်နေ့ ထုတ်ပြန်ချက်ထဲမှာ တစ်နိုင်ငံလုံး အပစ်ရပ်ဖို့ တောင်းဆိုထားတာတွေ့ရတယ်။ အဲဒီ အချက်ကို ထုတ်ပြန်ချက်ထဲမှာ ဘာကြောင့် ထည့်သွင်းရတာလဲ။

ပဒိုစောတာဒိုမူး – ကိုရိုနာ ဗိုင်းရပ်စ်က epidemic လို့ ခေါ်တဲ့ ကပ်ဆိုးကြီးဖြစ်နေတာကိုး ဆိုတော့ ကပ်ဆိုးကြီး ဖြစ်နေတဲ့ အချိန်မှာ ကျနော်တို့ အားလုံး လူသားဆန်ဆန် ဒီကပ်ဆိုးကြီးကို အတူတကွ တိုက်ဖျက်ကြဖို့ လို တာပေါ့နော်။ အဲတော့ ဒီကုလသမဂ္ဂ အထွေထွေအတွင်း ရေးမှူးချုပ်ရဲ့ စာထဲမှာလည်း ကျနော်တို့ တိုက်တာခိုက် တာတွေ ပစ်တာခတ်တာတွေ ရပ်စဲပြီးတော့ ကျနော်တို့ အကုန်လုံးအတူတကွ ဒီကပ်ဆိုးကြီးကို အတူတကွ ဝိုင်း ဝန်း တွန်းလှန်တိုက်ဖျက်တဲ့ နေရာမှာ အဲဒီအင်အားတွေကို အသုံးပြုသွားမယ်ဆိုရင် ပိုပြီးတော့ ကောင်းမယ်။ ဆိုတဲ့ အကြံပြုချက်ကို အခြေခံပြီး ကျနော်တို့ နိုင်ငံမှာလည်း အထူးသဖြင့် ပြောချင်တာက IDPs တွေပေါ့နော် ကျနော်တို့ IDPs တွေက နဂိုကတည်းကိုက သူတို့ရဲ့ ကျန်းမာရေးနဲ့ လူမှုရေး အနေအထားတွေက အရမ်းကို တကယ်ကို အခြေခံပဲရှိပါတယ်။ အဲဒီတော့ ဒီ ကပ်ဆိုးတွေ မတော်တဆများ ဝင်သွားခဲ့မယ်ဆို ရင်တော့ ကျ နော် တို့ ထိန်းရသိမ်းရတာ အရမ်းခက်ပါလိမ့်မယ်။ အထူးသဖြင့် ကျနော်တို့ ဒီမှာလည်း IDPs တွေ ရှိနေတုန်းပဲ ရှမ်းမြောက်မှာလည်း ရှိတယ် ရခိုင်ဖက်မှာလည်း ရှိတယ်။ ဆိုတော့ အထူးသဖြင့် ဒီလိုတိုက်တာ ခိုက်တာတွေကို အပစ်ခတ်ရပ်ခြင်းအားဖြင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ အကြံပြုချက်အတိုင်း ပေါ့နော်။ နှိုး ဆော်ချက်အတိုင်း စစ်တပ်နဲ့ အစိုးရ အနေနဲ့ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးကို ကျနော်တို့ ဒီကြိုတင် ကန့်သတ် ချက်မရှိပဲနဲ့ ကြေငြာလိုက်ခြင်းအားဖြင့် ကျနော်တို့ ဒီ IDPs တွေပေါ့နော ပြည်တွင်းနေရပ် စွန့်ခွာ တိမ်းရှောင် နေ ရတဲ့ ပြည်သူလူထုတွေ အတွက်လည်း ပိုပြီးတော့ သက်သက်သာသာ ဖြစ်လာပြီးတော့ ဒီမလိုအပ်တဲ့ ဒီတိုက် တာခိုက်တာဆိုတဲ့ ဒီ Institution တွေရဲ့ ဒီလုပ် ဆောင်ချက်တွေကိုလည်း ကျနော်တို့ လူသား အချင်းချင်း ဒီကပ် ဆိုးကို ကာကွယ်ဖို့အတွက် အထောက်အကူပေးတဲ့ နေရာမှာ ပြန်လည်အ သုံးပြုနိုင်မယ်ဆိုရင် ပိုပြီးတော့ သင့် တော်မယ်ဆိုတဲ့ အခြေခံကိုလည်း ကျနော်တို့ ပြောချင်တာ ဖြစ်ပါတယ်။

မေး – တစ်နိုင်ငံလုံး အပစ်ရပ်ဖို့က အစိုးရနဲ့ တပ်မတော်ကိုပဲ တောင်းဆိုချင်တာလား သို့မဟုတ် တစ်ခြား လက်နက်ကိုင် အဖွဲ့တွေကိုရော တစ်စုံတစ်ရာ တောင်းဆိုချင်တာတွေရှိသလား။

ပဒိုစောတာဒိုမူး – အမှန်ကတော့ ကျနော်တို့ မြင်တာက တကယ်လို့ တပ်မတော်အနေနဲ့ တစ်နိုင်ငံလုံး အနေနဲ့ အပစ်ခတ်ရပ်စဲရေး ကိုသာ ကြေငြာလိုက်မယ်ဆိုရင် ကျန်တဲ့ တိုင်းရင်းသားတွေ အနေနဲ့က ရပ်တံ့ဖို့ အဆင် သင့်ပဲဆိုတာ ကျနော်တို့ နားလည်ပါတယ်။ ဒီထိုးစစ်တွေ မရှိဘူးဆိုရင်တော့ ပစ်ခတ်တာ ရပ်ထားပြီးသား ပဲ ဖြစ်ပါလိမ့် မယ် ကျနော်တို့ အဲလိုပဲ မြင်တဲ့ အတွက်ကြောင့် ဒီအစိုးရနဲ့ တပ်မတော်အနေနဲ့ သဘောထား ကြီးကြီးနဲ့ တစ်နိုင် ငံလုံး အပစ်ခတ်ရပ်စဲရေးကို ကြေငြာလိုက်တယ်ဆိုရင်တော့ အထူးသဖြင့် ဒီကပ်ဆိုးကို ကြုံတွေ့ရတဲ့ ပြည်သူ လူထုတွေ မကပဲနဲ့ ကျနော်တို့ IDPs ဒေသမှာလည်း ပိုမိုပြီး ဒီရောဂါကူးစက်ရေးအတွက် ပိုမိုစိတ်ချနိုင်မယ်။ နောက်ပြီးတော့ နိုင်ငံရေးအရလည်း အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ အတွေးအခေါ် အယူအဆတွေ ပိုပြီးတော့ ခိုင်မာလာမယ် အဲတော့ ဒါတွေက ကျနော်တို့ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အထောက်အကူပေးမှာ ဖြစ်ပါတယ်ခင်ဗျာ။

မေး – မကြာသေးခင်က အစိုးရက ရက္ခိုင့်တပ်တော် AA ကို အကြမ်းဖက်အဖွဲ့နဲ့ မတရားအသင်းအဖြစ် ကြေငြာ လိုက်တယ်ဆိုတော့ ရခိုင်ဖက်မှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်သလား။ KNU အနေနဲ့ ဘယ်လို သုံးသပ်သလဲ။

ပဒိုစောတာဒိုမူး – အမှန်ကတော့ ဒီကိစ္စတွေက နိုင်ငံရေး ပြဿနာတွေကြီး ပါပဲ။ နိုင်ငံရေး ပြဿနာကို ကျနော်တို့ နိုင်ငံရေး နည်းနဲ့သာ ဖြေရှင်းရမှာ ဖြစ်ပါတယ်။ အဲတော့ နိုင်ငံရေးအရ တစ်နိုင်ငံလုံးကို လွှမ်းခြုံပြီးတော့ တစ်နိုင်ငံလုံးနဲ့ ပတ်သက်တဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ဖို့အတွက် တိကျ တဲ့ မူဝါဒတွေ အခြေခံဖို့လိုပါတယ်။ အဲဒီ တိကျတဲ့ မူဝါဒတွေ မရှိပဲနဲ့ နိုင်ငံရေး ပြဿနာကြောင့်ဖြစ်ပေါ်တဲ့ နိုင်ငံ ရေး အခြေခံတွေ အပေါ်မှာ နိုင်ငံရေးအရ မဖြေရှင်းပဲနဲ့ ဒီလိုအင်အားသုံးပြီး ဖြေရှင်းတဲ့ ပုံစံမျိုးတွေကတော့ ရေရှည်မှာ အားလုံးအတွက် မကောင်းဘူး ဖြစ်ပါတယ်ခင်ဗျာ။ အထူးသဖြင့် ကျနော်တို့ နဂိုကတည်းက ကပ်ဆိုး အနေအထားမှာ ကြုံတွေ့နေရတဲ့ ကာလမှာ အခုလိုမျိုး အိုင်ဒီပီတွေ ပိုပြီးမှ ဒုက္ခရောက်လာမယ့် ပုံစံမျိုးတွေ ကို မြင်တွေ့ရလာနိုင်ပါတယ်။ ဒါတွေက အင်မတန် စိုးရိမ်စရာကောင်းပါတယ် ခင်ဗျာ။

မေး – ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ကာကွယ်မှု အပိုင်းမှာ သော်လည်းကောင်း လက်ရှိ ရခိုင်မှာ ဖြစ်ပွားနေ တဲ့ တိုက်ပွဲတွေအပေါ်မှာ သော်လည်ကောင်း ဘာများ ဖြည့်စွတ်ပြောစရာ များရှိသေးလဲ။

ပဒိုစောတာဒိုမူး – အဓိကကတော့ဗျာ ပေါ်လစီက လူလုပ်တာပဲလေ လူကပြန်ခြေဖျက်လို့ရပါတယ်။ အဓိက က တော့ တစ်နိုင်ငံလုံး ရဲ့ ရှေ့ရေး အမှန်တကယ် စစ်မှန်တဲ့ ငြိမ်းချမ်းရေးနှင့် အမျိုးသား ရင်ကြားစေ့ရေးကို အခြေ ခံတဲ့ မူဝါဒမျိုးကို ပြန်လည် ပြင်ဆင်လိုက်မယ်ဆိုရင်တော့ ကျနော်တို့ နိုင်ငံအတွက် အနာဂတ်ဟာ ပိုပြီးတော့ ကောင်းလာ လိမ့်မယ်။ အထူးသဖြင့် တာဝန်ရှိတဲ့ နိုင်ငံတော် အစိုးရသာမကဘူး တပ်မတော်သော် လည်း ကောင်း လေးလေး နက်နက်နဲ့ပေါ့နော် အမျိုးသား ရင်ကြားစေ့ရေးကို အခြေခံတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးတည်တဲ့ လုပ်ရပ်တွေနဲ့ မူဝါဒတွေကို ချဖို့ ကျနော်တို့ တိုက်တွန်းလိုပါတယ်ခင်ဗျာ။

Most read this week

May 1, 2024
ကရင်နီပြည်ရှိ တော်လှန်ရေးတပ်ပေါင်းစုများ သိမ်းပိုက်ထားသော မြို့အများစုတွင် မြေမြုပ်မိုင်း...
April 25, 2024
စစ်တွေမြို့ထဲက ထွက်ချင်တဲ့လူတွေအများကြီးပဲ။ ထွက်ဖို့အတွက် လမ်းခရီးကိုစုံစမ်းဖို့ အဆက်အသွယ်...