တိုက်ပွဲများအကြားက မြေစာပင် ဖြစ်နေသည့် ပလက်ဝနယ်

တိုက်ပွဲများအကြားက မြေစာပင် ဖြစ်နေသည့် ပလက်ဝနယ်

“ကျွန်တော်တို့ရွာက ရန်သူနယ်မြေ မဟုတ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ကို ငဲ့ညှာခွင့်လွှတ်ပေးပါ၊ ထပ်မပစ်ဖို့ တောင်းပန်ချင်ပါတယ်၊ အခုက ဆုံးရှုံးနစ်နာမှုတွေလည်း အများကြီး ဖြစ်နေပြီ၊ နောက်တစ်ခါ ထပ်ပစ်ရင် အကုန်လုံးသေရုံပဲ ရှိတော့တယ်”



အဆိုပါစကားသံမှာ မတ်လ ၁၄၊ ၁၅ ရက်များတွင် လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မူကြောင့် လူများစွာ သေကြေဒဏ်ရာရခဲ့ရသော ချင်းပြည်နယ် ပလက်ဝမြို့နယ် မိတ်စာဝကျေးရွာသားတစ်ဦးက ချင်းဝေါလ်မီဒီယာထံ ပြောကြားထားသော စကားသံ ဖြစ်ပါသည်။



မြန်မာ့တပ်မတော်မှ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မူကြောင့် ပလက်ဝမြို့နယ် ကျေးရွာ ၃ ရွာ တွင် ယခုရက်ပိုင်းအတွင်း လူပေါင်းများစွာ သေကြေဒဏ်ရာရရှိခဲ့ပါသည်။ မသေဘဲ ကျန်သော လူများစွာအတွက်လည်း အိပ်မက်ဆိုးပမာ ကျန်ခဲ့ပြီ ဖြစ်သည်။



ပလက်ဝမြို့နယ်တွင် ရခိုင့်တပ်တော်(AA)က ခြေကုပ်ယူ စစ်ရေးလှုပ်ရှားပြီးနောက်ပိုင်း မြန်မာ့တပ်မတော်နှင့် AA တို့၏ တိုက်ပွဲများကြောင့် ဒေသခံပြည်သူများစွာ ဒုက္ခရောက်ခဲ့ရသည်မှာ နှစ်ချီနေပြီ ဖြစ်သည်။



ပလက်ဝဒေသသည် ယခုရက်ပိုင်းအတွင်း မြန်မာ့တပ်မတော်မှ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မူကြောင့် လူများစွာ သေကြေခဲ့သည့် ဖြစ်ရပ်မျိုး ကြုံရသလို ရခိုင့်တပ်တော်(AA)က လွှတ်တော်အမတ်တစ်ဦးကို ဖမ်းဆီးစစ်ဆေးခြင်း၊ ဒေသခံများစွာကို ခြိမ်းခြောက်ဖမ်းဆီးခြင်း၊ ရိုက်နှက်ခြင်း၊ ပစ္စည်းများ လုယူခြင်း၊ မြန်မာ့တပ်မတော်နှင့် ရခိုင့်တပ်တော်တို့က ပလက်ဝရှိ ချင်းလူမျိုးများကို တစ်ဖက်တပ်နှင့် ဆက်နွှယ်မှု ရှိနိုင်သည်ဟု အပြန်အလှန် သံသယများဖြင့် ကြည့်ရှုခြင်း၊ ပလက်ဝဒေသ၏ စားနပ်ရိက္ခာ ထိန်းချုပ်ခံရခြင်း၊ ဖုန်းနှင့် အင်တာနက် ဖြတ်တောက်ခံရခြင်း စသည့် ဒုက္ခ အခက်အခဲများစွာ ကြုံတွေ့နေရပါသည်။



အဆိုပါဒုက္ခအခက်ခဲများစွာကိုပလက်ဝနယ်တွင်သာမကစစ်ဘေးကြုံနေရသော ဒေသတိုင်းတွင်လည်း အမြန်ဆုံး ကျော်လွှားနိုင်ဖို့ ချင်းဝေါလ် မီဒီယာမှ ဆုတောင်းလိုက်ပါသည်။



ပလက်ဝနယ်တွင် စစ်ပွဲနှင့် မဆိုင်သည့် အရပ်သားပြည်သူများ ဘေးကင်းနိုင်ရေး တာဝန်ယူပေးဖို့ မြန်မာ့တပ်မတော်နှင့် ရခိုင့်တပ်တော်(AA)ကို တောင်းဆိုလိုပါသည်။ အရပ်သားများအပေါ် သတ်ဖြတ်ကျူးလွန်ထားသော တာဝန်ရှိသူများကို အရေးယူပေးရန်၊ ချင်းပြည်နယ် ပလက်ဝကို မြေစာပင် သဘောမယူဆရန် နှစ်ဖက်တပ်များကို တိုက်တွန်းလိုပါသည်။

May 3, 2024
စစ်ကိုင်းတိုင်း ကလေးမြို့ မြောက်ပိုင်း ကလေး - လက်ပံချောင်း လမ်းမဘေးမှာတည်ရှိတဲ့...
April 29, 2024
မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ ဧပြီ(၂၆)ရက်နေ့ တစ်ရက်အတွင်း အထောက်အထားမဲ့ ရွေ့ပြောင်းအလုပ်သမား ၂...
April 26, 2024
ချင်းပြည်နယ် မင်းတပ်မြို့နယ် တိုက်နယ် (၂)က ဝမ္မသူးဆေးရုံကို ယမန်နေ့ည ဧပြီလ(၂၅) ရက်နေ့ ...