“အစိုးရက အိမ်ရာစီမံကိန်းလုပ်တော့ သာမာန်ပြည်သူတွေက အိမ်မြေတွေ မဝယ်တော့ဘူးလေ၊ တစ်ချို့စီးပွားရေးသမားတွေကလည်း ဥယာဉ်ခြံမြေတွေကို အကွက်ရိုက်ပြီတော့ ဈေးပေါပေါနဲ့ ပြန်ရောင်းကြတာမျိုးလည်းရှိတော့ အိမ်ခြံမြေဈေးကွက်တွေ အရောင်းအဝယ်အေးနေတာပေါ့”ဟု၄င်းက ဆိုသည်။
အစိုးရသစ် မတက်ခင်က သီရိမင်္ဂလာ တန်ဖိုးနည်းအိမ်ရာကို ဆောက်လုပ်ရောင်းချခဲ့ပြီး အစိုးရသစ်လက်ထက်၌ မော်လမြိုင်မြို့နယ် ကြက်သွန်ကုန်း အငှားဝန်ထမ်းအိမ်ရာအဖြစ် ငှားရမ်းပေးခဲ့သည့်အပြင် မော်လမြိုင်မြို့နယ်ရှိ မင်းရွာနှင့် သံဖြူဇရပ်မြို့နယ်ရှိ ဖောင်စိန်ကျေးရွာတွင်လည်း တန်ဖိုးသင့်အိမ်ရာ ဆောက်လုပ်ရေးစီမံကိန်းများ ဆောင်ရွက်ရန် စီမံကိန်းရေးဆွဲထားလျက်ရှိကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။
“အိမ်ခြံမြေဈေးကွက်လည်း အေးတယ်၊ ဈေးနှုန်းလည်း အရင်ဈေးရဲ့ သုံးချိုးတစ်ချိုးကို ကျသွားတယ်၊ အရင်က သိန်းခြောက်ရာဆိုရင် အခုက ငါးရာပဲ”ဟု မော်လမြိုင်မြို့တွင် အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်နေသူ ဦးသိန်းဇော်မိုးက ပြောဆိုသည်။
မော်လမြိုင်မှ ပြည်သူအများစုမှာ၄င်းတို့၏ ငွေပိုငွေလျှံများကို မြေကွက်များနှင့် အိမ်များ ဝယ်ယူရောင်းချခြင်း လုပ်ငန်းကို လုပ်ကိုင်ကြပြီး အရောင်းအဝယ်အေးလာသည့်အတွက် အိမ်ယာအငှားချခြင်းကို ပိုမို လုပ်ကိုင်လာကြကြောင်း အိမ်ခြံမြေဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်နေသည့် ဦးရွှေကိုက ပြောသည်။
“အိမ်ဝယ်တာတွေတော့ သိပ်မရှိတော့ဘူး၊ အဲ့ဒီအစား ငှားတဲ့လူပဲ အခုတလော များလာကြတယ်”ဟု၄င်းက ဆိုသည်။
လက်ရှိတွင် မော်လမြိုင်မြို့၊ အောက်လမ်းမကြီးတစ်လျှောက်ရှိ အိမ်ခြံမြေများ၊ ကမ်းနားလမ်းနှင့် ဈေးကြို-မုဒုံ လမ်းတစ်လျှောက်ရှိ အိမ်ခြံမြေများမှာ အဓိက အရောင်းအဝယ်ဖြစ်သည့် နေရာများဖြစ်ကြောင်း အိမ်ခြံမြေ ဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။



