လူသတ် ဓားပြဆန်ဆန် လုပ်ရပ်များ ရှိနေသမျှ အင်တာနက် ပြန်ဖွင့်မည်မဟုတ်ဟု တပ်မတော်ပြော

လူသတ် ဓားပြဆန်ဆန် လုပ်ရပ်များ ရှိနေသမျှ အင်တာနက် ပြန်ဖွင့်မည်မဟုတ်ဟု တပ်မတော်ပြော
ပုံ - EPA ဗိုလ်ချုပ်စိုးနိုင်ဦး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ သတင်းစာ ရှင်းလင်းပွဲလုပ်နေစဉ် (ဗိုလ်ချုပ်စိုးနိုင်ဦး- အလယ် မျက်မှန်တပ်ထားသူ)
ပုံ - EPA ဗိုလ်ချုပ်စိုးနိုင်ဦး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ သတင်းစာ ရှင်းလင်းပွဲလုပ်နေစဉ် (ဗိုလ်ချုပ်စိုးနိုင်ဦး- အလယ် မျက်မှန်တပ်ထားသူ)

စိုင်းဦး — မြို့လယ်ခေါင်မှာ လူသတ် ဓားပြဆန်ဆန် လုပ်ရပ်မှုများ ရှိနေသရွေ့ အင်တာနက် ပြန်ဖွင့်မည်မဟုတ်ဘူးဟု တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂ ရက်တွင် သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်ပြုလုပ်ကာ သတင်းထောက်များကို ပြောခဲ့သည်။

အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက် တစ်ဦးက ရခိုင်ပြည်နယ်မှာ အင်တာနက် မည်သည့် အချိန်မှာ ဖွင့်မလဲဟု မေးမြန်းရာ တပ်မတော်ဘက်က အထက်ပါ အတိုင်းပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ် စိုးနိုင်ဦးက “သတင်း အချက်အလက်က တယ်လီဖုန်း ဆက်သွယ်ရေး ရနေတာပဲလေ၊ နောက်တစ်ခု က  ဒီအင်တာနက် ဖြတ်တောက်တယ်ဆိုတဲ့ဟာက ကျွန်တော်တို့ နိုင်ငံတကာ ဝေဖန်မှုအပေါ်မှာတော့ ကျွန်တော် တို့နိုင်ငံက အချုပ်အခြာပိုင်တဲ့နိုင်ငံလေ။ ကျွန်တော်တို့နိုင်ငံရဲ့ သဘောထားနဲ့ လုပ်သွားမှာလေ၊ ဘယ်တော့ ဖွင့်မလည်းဆိုတော့ သူတို့အပေါ်မှာ မူတည်တယ်လေ။ ဒီလိုမျိုး မြို့လယ်ခေါင်မှာ လူသတ်နေတယ်၊ ဓားပြ ဆန်ဆန် လုပ်နေတာ တွေရှိတယ်၊ အဲလိုမျိုးတွေ ရှိနေသရွေ့ ဒါတော့ ခင်ဗျားတို့လည်း စဉ်းစားကြည့်ပေါ့၊ ဒီအဖွဲ့အစည်းကို ဘယ်လို တုန့်ပြန်ရမလဲဆိုတော့” ဟု ပြောသည်။

ထို့နောက် သတင်းထောက် တစ်ဦးက အင်တာနက် ပိတ်သိမ်းခြင်းအားဖြစ် တပ်မတော်အနေဖြင့် မည်သည့် အကျိုး ရလဒ်များ ရရှိပါသလဲဟု မေးမြန်းရာမှာတော့ တပ်မတော်ဘက်က တချို့ကိစ္စများသည် လုံခြုံရေးအရ ပြော၍ မရဘူး ဖြေကြားခဲ့သည်။

ရခိုင်အလင်းတံခါးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ကျော့မေက “အင်တာနက်ကို ပြန်ပြီးဖွင့်စေချင်တယ်၊ အခုလက်ရှိ ရခိုင်ပြည်နယ်မှာ အုပ်ချုပ်နေတဲ့ အစိုးရ ပေါ့နော်။ အဲ့တာကို ပြန်ပြီး လုပ်ပေးမယ်ဆိုရင် ရခိုင်ပြည်အတွက်ရော တခြား လူမျိုးတွေအတွက်ပါ အသုံးဝင်မယ်၊ နောက်ပြီးတော့ အကုန်လုံးလည်း မျှမျှတတ ရှိသွားမယ်လို့ထင်တယ်၊ လက်ရှိ ရခိုင်ပြည်နယ် အစိုးရကိုပဲ ပြောချင်တယ်”ဟု ပြောသည်။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့မှာ တပ်မတော်နှင့် ရခိုင့်တပ်(AA)ကြား ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ကာ ယနေ့ချိန်ထိ တိုက်ပွဲများ ဖြစ်ပွားနေသည်။

အဆိုပါ တိုက်ပွဲများ ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်ရှိ ကျောက်တော်၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့ တောင်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်းနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့မှာ အစိုးရမှ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၁ ရက် တွင် အင်တာနက်လိုင်းများ ဖြတ်တောက်ခဲ့သည်။

ထို့နောက် ၂၀၁၉ ခုနှစ်၊သြဂုတ် ၃၁ ရက်တွင် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မြေပုံနှင့် ပလက်ဝ မြို့နယ်များ၌ အင်တာနက် ပြန်လည်ဖွင့်ပေးခဲ့သည်။

သို့သော် ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်တွင် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်များ၌ ဒုတိယအကြိမ် အင်တာနက်လိုင်းများ ဖြတ်တောက်ခဲ့ရာ ယနေ့ချိန်ထိ ဖြစ်သည်။

အင်တာနက်လိုင်းများ ပိတ်ထားခြင်းနှင့်ပတ်သက်ပြီး ရခိုင်နိုင်ငံရေးသမားများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဒေသခံများက ပြန်ဖွင့်ပေးရန် တောင်းဆိုနေကြသလို လူထု လှုပ်ရှားမှုများ ပြုလုပ်မှုများလည်း ရှိသည်။

လက်ရှိမှာလည်း တပ်မတော်နှင့် AA ကြား ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်းနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းမှာ တိုက်ပွဲများ ဖြစ်ပွားနေကြောင်း ဒေသခံများက ဆိုကြသည်။

Most read this week

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...