ရန်ကုန်ရောက် ပလက်ဝဒေသခံများအတွက် အကူအညီပေးရေးစင်တာ ဖွင့်ရန် ကြိုးပမ်းနေ

ရန်ကုန်ရောက် ပလက်ဝဒေသခံများအတွက် အကူအညီပေးရေးစင်တာ ဖွင့်ရန် ကြိုးပမ်းနေ

စိုးသူအောင် — တိုက်ပွဲများကြောင့် ရန်ကုန်သို့ပြောင်းရွှေ့လာသည့် ပလက်ဝဒေသခံများအတွက် အကူအညီပေးရေး စင်တာတစ်ခုဖွင့်နိုင်ရန် ကြိုးပမ်း ပြင် ဆင်နေသည်ဟု ခူမီးချင်းမျိုးနွယ် စုရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ညှိနှိုင်းရေးမှူး ဆလိုင်းစောမြ ကပြောသည်။

“လုံခြုံတဲ့အလုပ်အကိုင်များရှာပေးဖို့ နဲ့ စိုးရိမ်တာက လူကုန်ကူးတာတို့ ဘာတို့ပေါ့။ လခ မက်လုံးတွေနဲ့ တခြားတစ်ဖက်နိုင်ငံတွေရောက် သွားမှာတစ်ချက်ရယ် သူတို့ကို စင်တာလေးတစ်ခုဖွင့်ပြီးတော့ ကူညီရေး လုပ်ဖို့ပြင် ဆင်နေတယ်။ စတော့ စနေပြီ” ဟု ဆလိုင်းစောမြ က ဆိုသည်။

အဆိုပါစင်တာတွင် လူကုန်ကူးမှုပြဿနာများမကြုံတွေ့စေရန်ပညာပေးခြင်း၊ အလုပ်အကိုင်ရရှိစေရန် သင်တန်းပေးခြင်းနှင့် နေထိုင်စရာနေရာအကူအညီလိုသူများအား ကူညီပေးခြင်းတို့ဆောင်ရွက်မည်ဟု ၎င်းကဆိုသည်။

တပ်မတော်နှင့် ရခိုင့်တပ်(AA) တို့၏ တိုက်ပွဲများကြောင့် ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများထိခိုက်ကာ ၂၀၁၅ ခုနှစ်ခန့် မှစ၍ ရန်ကုန်အပါအဝင် မြို့ကြီးတချို့သို့ ထွက်ခွာလာကြခြင်းဖြစ်သည်။

ခူမီးချင်း မျိုးနွယ်စုရေးရာပေါင်းစပ်ညှိနှိုင်းရေးကော်မတီ၏ စာရင်းများအရ ရန်ကုန်သို့ရောက်ရှိလာသူ ပလက်ဝဒေသခံ ၃၀၀ ကျော် (ခန့်မှန်း) ရှိ ကြောင်းသိရသည်။

အဆိုပါလူ ၃၀၀ ကျော်ထဲတွင် ထက်ဝက်ကျော်မှာအမျိုးသမီးများဖြစ်ကြကာ လူဦးရေ ၂၀၀ ခန့်မှာ အလုပ်အကိုင်မရရှိသေးဘဲ ဆွေမျိုးအိမ်၊ ဘုရားကျောင်းနှင့် ကူညီကယ်ဆယ်ရေးအဖွဲ့များတွင်နေထိုင်ကြခြင်းဖြစ်သည်။

လူငယ်များထဲမှ အများစုမှာအစိုးရအတန်းပညာရေးကို ဆုံးခန်းတိုင်မသင်ယူနိုင်ခြင်းနှင့် မိရိုးဖလာလုပ်ငန်းများမဟုတ်သောကြောင့် အတွေ့ အကြုံမရှိ နေသားလဲမကျသေးသောကြောင့် အလုပ်ကိုင်ရရှိဖို့ခက်ခဲနေခြင်းဖြစ်တယ်လို့လည်း ရန်ကုန်ရောက် ပလက်ဝ လူငယ်တစ်ဦး ဖြစ်သူ ဆလိုင်းအိုက်ကိုကသုံးသပ်သည်။

၎င်းက  “ အခုတောင်မှ လမ်းပိတ်နေလို့သာ ရန်ကုန်ဘက်ကိုဆင်းလာချင်တဲ့လူငယ်တွေအများကြီးရှိတယ်။  ဟိုမှာကဘာမှလုပ်စား လို့မရတော့ဘူး။  ပြဿနာတစ်ခုက ကျွန်တော်တို့ဘက်မှာ လူငယ်တွေဒီထက်နည်းဖို့အလားအလာရှိတယ် “ ဟု ပြောသည်။

ထို့ကြောင့် ခူမီးချင်း မျိုးနွယ်စုရေးရာပေါင်းစပ်ညှိနှိုင်းရေးကော်မတီမှဦးဆောင်ကာ  အကူအညီပေးရေး စင်တာတစ်ခုဖွင့်နိုင်ရန် ကြိုးပမ်း နေရခြင်းဖြစ်ကြောင်း သိရသည်။

သို့သော် လက်ရှိတွင် အကူအညီပေးရေး စင်တာတစ်ခုဖွင့်နိုင်ရန်ကြိုးပမ်းနေသည့်အဆင့်တွင်သာရှိသေးပြီး အကောင်အထည်ဖော်ရန် ကြိုးပမ်းနေရဆဲဖြစ်သည်။

ပလက်ဝဒေသအတွင်းတိုက်ပွဲများနှင့် နယ်မြေအခြေအနေမတည်ငြိမ်မှုများကြောင့် ဒေသခံအများစုမှာ ရန်ကုန်၊ ဖားကန့်၊ နေပြည်တော်နှင့် ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံအတွင်းသို့ သွားရောက်အလုပ်လုပ်ကိုင်ရန်ရောက်ရှိနေကြရခြင်းဟုလည်း  ဆလိုင်းအိုက်ကိုကဆိုသည်၊။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် လူဦးရေ ၁ သိန်းဝန်းကျင်ခန့်နေထိုင်ကြပြီး အများစုမှာ တောင်ယာလုပ်ငန်းလုပ်ကိုင်ကြသူများလည်းဖြစ်သည်။

Most read this week

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...