တရုတ်-မြန်မာ နယ်စပ်မြို့များမှ အလုပ်သမားများကိုသာ မြန်မာနိုင်ငံသို့ ပြန်ပို့ပေးနိုင်သေး

တရုတ်-မြန်မာ နယ်စပ်မြို့များမှ အလုပ်သမားများကိုသာ မြန်မာနိုင်ငံသို့ ပြန်ပို့ပေးနိုင်သေး
ပုံ- မင်းချမ်းမြေ့
ပုံ- မင်းချမ်းမြေ့

ဖူးအိအိနွယ် — တရုတ်နိုင်ငံတွင် ဖြစ်ပွားပျံ့နှံ့နေသော ကိုရိုနာဗိုင်းရပ်စ်(COVID-19) ရောဂါအပေါ် စိုးရိမ်မှုကြောင့် မြန်မာနိုင်ငံကို ပြန်လို ကြောင်း ဆက်သွယ်လာသည့် အလုပ်သမား များထဲမှ တရုတ်-မြန်မာ နယ်စပ်မြို့များမှ မြန်မာအလုပ်သမားများကိုသာ ပြန်ပို့ပေးနိုင်သေးကြောင်း ဘေကျင်းအခြေစိုက်၊ မြန်မာသံရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ တရုတ်နိုင်ငံမှာက ဘေကျင်း မြန်မာသံရုံးရှိတယ်။ သက်ဆိုင်ရာ ကောင်စစ်ဝန်ချုပ်ရုံးတွေရှိပါတယ်။ နန်နင်း၊ ကူမင်း၊ ဟောင်ကောင်မှာ ကောင်စစ်ဝန်ချုပ်ရုံးတွေ ရှိပါတယ်။ ကူမင်းတို့ နန် နင်းတို့က နယ်စပ်ဖြစ်တဲ့အတွက် သူတို့ဆီက ပြန်ပို့တာတွေ ရှိပါတယ်။ ကျွန်တော်တို့ ဘေကျင်း မြန်မာသံရုံးကတော့ ညှိနှိုင်းဆောင်ရွက်နေဆဲပဲ ရှိပါသေးတယ်” ဟု ၎င်းက ပြောသည်။

တရုတ်နိုင်ငံရောက် တရားမဝင် မြန်မာနိုင်ငံ အလုပ်သမားများ အနေဖြင့် မြန်မာနိုင်ငံပြန်လိုပါက ဘေကျင်း အခြေစိုက် မြန်မာသံရုံး၊ ကူမင်းမြို့၊ နန်နင်းမြို့၊ ဟောင်ကောင်မြို့များမှ မြန်မာကောင်စစ် ဝန် ချုပ်ရုံးများကို ဆက်သွယ် အကြောင်းကြား နိုင်ကြောင်း သံရုံးက ထုတ်ပြန်ထားသော်လည်း ကိုရိုနာဗိုင်းရပ်စ်(COVID-19) ရောဂါဖြစ်ပွား ပျံ့နှံ့နေမှု အခြေအနေကြောင့် တရုတ်နိုင်ငံတွင် မြို့တစ်မြို့နှင့် တစ် မြို့ကြား အဝင်အထွက်များ ပိတ်ထားပြီး ကူမင်းမြို့နှင့် နန်နင်းမြို့ရှိ မြန်မာ ကောင်စစ် ဝန်ချုပ်ရုံးများကို ဆက်သွယ်လာသော နယ်စပ်မြို့များမှ အလုပ်သမားများကိုသာ ပြန်ပို့ပေးနိုင်သေးကြောင်း သိရ သည်။

ဇန်နဝါရီလကုန်မှ ယခုအချိန်အထိ မြန်မာ-တရုတ် နယ်စပ်ဖြစ်သော ယူနန်ပြည်နယ်၊ စီချွမ်းပြည်နယ်၊ ကွေ့ကျိုး ပြည်နယ် နှင့် ချုံချင်းမြို့ မြူနီစီပယ် အုပ်ချုပ်ရေး ဒေသများမှ ကူမင်းမြို့ရှိ မြန်မာကောင် စစ်ဝန်ချုပ်ရုံးကို ဆက်သွယ်လာသော မြန်မာ အလုပ်သမား ၁၇ဝဝ ကျော်ကို နယ်စပ်မှတဆင့် မြန်မာနိုင်ငံသို့ ဇန်နဝါရီလကုန်ကစတင်ပြီး ယနေ့ချိန်ထိ ပြန်ပို့ပေးခဲ့ပြီး ဖြစ်ကြောင်း ကူမင်းမြို့ မြန်မာ ကောင် စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်က ပြောသည်။

“၁၇ဝဝ ကျော်ကို ပြန်ပို့ပေးပြီးပါပြီ။ လက်ရှိ ဆေးစစ်ဖို့ ကျန်နေတဲ့ ၃၁ ယောက်ကို စစ်နေပါတယ်။ ထပ်ပြီး ဆက်သွယ် လာတာတော့ မရှိသေးပါဘူး” ဟု ပြောသည်။

လက်ရှိမှာတော့ မြန်မာနိုင်ငံသို့ ပြန်လိုကြောင်း ဘေကျင်းအခြေစိုက် မြန်မာသံရုံးကို ဆက်သွယ် အကြောင်းကြားထားသည့် မြန်မာနိုင်ငံသား ၉ဝဝ ကျော်ရှိသည့်အနက် နေရပ်လိပ်စာ၊ နိုင်ငံသား စိစစ်ရေး အမှတ် စသည့် လိုအပ်သော အချက် အလက်များ ပြည့်စုံစွာဖြင့် ဆက်သွယ်လာသော မြန်မာအလုပ်သမား ၄ဝ၁ ဦးကို မြန်မာနိုင်ငံ ပြန်ပို့ပေးနိုင်ရေး တရုတ် အာဏာပိုင်များနှင့် ညှိနှိုင်း ဆောင်ရွက်နေဆဲ ဖြစ် ကြောင်းလည်း ဘေကျင်းအခြေစိုက် မြန်မာသံရုံးမှ တာဝန်ရှိသူက ပြောသည်။

“လက်ရှိ အနေအထားကတော့ ကျွန်တော်တို့ဘက်က ဆောင်ရွက်ရမယ့် ကိစ္စတွေ ပေးပြီးသွားပြီ။ တရုတ်ဘက်က သူတို့ ပို့ပေးမှ ရမှာပေါ့နော်။ လက်ရှိ စာရင်း အတည်ပြုထားတဲ့ သူတွေကို ပြန်ပို့ပေးဖို့ မေ တ္တာရပ်ခံ စာတွေလည်း ပို့နေပါတယ်” ဟု သံရုံးတာဝန်ရှိသူက ပြောသည်။

ဖေဖော်ဝါရီ ၂၁ ရက်နေ့ ညနေအထိ တရုတ်နိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ခံရသူ ၇၅၄၆၇ ဦးရှိပြီး သေဆုံးသူ ၂၂၃၆ ဦး ရှိနေပြီ ဖြစ်သည်။ သံရုံးသို့ ဆက်သွယ် အကြောင်းကြားလာသော မြန်မာအလုပ်သမားများထဲတွင် ရောဂါ စတင် ဖြစ်ပွား ပြီး ရောဂါကြောင့် အများဆုံး သေဆုံးမှုဖြစ်နေသည့် ဝူဟန်မြို့မှ မပါဝင်ကြောင်းလည်း သံရုံးမှ သိရသည်။

Most read this week

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...