မတ်လကုန်အထိ ကျောင်းတက်ရန် ညွှန်ကြားချက် ပြန်မပြင်ပေးပါက ပြင်းထန်သည့် လှုပ်ရှားမှု ဆက်လုပ်မည်ဟု ဆို

မတ်လကုန်အထိ ကျောင်းတက်ရန် ညွှန်ကြားချက် ပြန်မပြင်ပေးပါက ပြင်းထန်သည့် လှုပ်ရှားမှု ဆက်လုပ်မည်ဟု ဆို

လားနွန်/ဒိမ် – ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းတက်ရက်နှင့် စာမေးပွဲအချိန်ဇယား ပြောင်းလဲသတ်မှတ်မှုကို ပြန်လည်ပြင်ဆင်မပေးပါက ပြင်းထန်သည့်လှုပ်ရှားမှုများ ဆက်လက်ပြုလုပ်သွားမည်ဟု ဟားခါးမြို့ဆန္ဒပြမှုကို ဦးဆောင်သူများက ပြောသည်။

ကျောင်းတက်ရက်နှင့် စာမေးပွဲအချိန်ဇယားပြောင်းလဲသတ်မှတ်မှုကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် ဇန်နဝါရီ ၂၆ ရက်နေ့က ချင်းပြည်နယ် ဟားခါးမြို့တွင် ကျောင်းဆရာ/မများအပါအဝင် ကျောင်းသားကျောင်းသူ (၁၀၀) ခန့်က ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

အဆိုပါဆန္ဒဖော်ထုတ်မှုကို ဦးဆောင်ခဲ့သည့် မူလတန်းပြကျောင်းဆရာ ဦးသိန်းဇော်ဝင်းက “မနေ့က ကျနော်တို့ ဆန္ဒပြလိုက်တယ်။ ဘယ်လို တုံ့ပြန်ချက်တွေ ရှိလာမလဲဆိုတာ ကျနော်တို့ စောင့်ကြည့်ရဦးမယ်။ စောင့်ကြည့်လို့ ဘာမှ ထူးမလာဘူးဆိုရင် ဒီထက် ပြင်းထန်တဲ့ လှုပ်ရှားမှုတွေ ထပ်လုပ်သွားဦးမယ်’’ ဟု ခိုနူမ်းသုန်သတင်းဌာနကို ပြောသည်။

အခြေခံပညာစာမေးပွဲကာလ ပြင်ဆင်နောက်ဆုတ်ခြင်းကို ပြန်လည် ဖျက်သိမ်းပေးရေး၊ လုပ်ငန်းခွင်အခြေပြု ပညာရေးမြှင့်တင်မှု ဖေါ်ဆောင်ပေးရေး၊ ဒီမိုကရေစီနှင့် ညီမျှသော စီမံခန့်ခွဲမှု ဖေါ်ဆောင်ရေး၊ ဆရာ/မ များ၏ လူမှုဘဝမြှင့်တင်ရေး၊ သုတေသနကို အခြေမခံသော ပညာရေးစနစ် အလိုမရှိ၊ ဒေသန္တရ အခက်အခဲများကို လျစ်လျူရှုသော ပညာရေးစီမံခန့်ခွဲမှုစနစ် အလိုမရှိ၊ တောင်ပေါ်ဒေသနှင့် ကိုက်ညီမှုမရှိသော စာမေးပွဲ ကာလမြှင့်တင်မှု အမြန်ဆုံး ဖျက်သိမ်းပေးရေး စသည်တို့ကို တောင်းဆိုခဲ့ကြသည်။

ပညာရေးဝန်ကြီးဌာနသည် ယခုစာသင်နှစ်၏ ကျောင်းတက်ရက်များကို မတ်လ (၃၁) ရက်နေ့အထိ တက်ရမည်ဟု ယခင်က ထုတ်ပြန်ခဲ့ပြီး ဝေဖန်ကန့်ကွက်မှုများရှိလာသည့်အတွက် ဖေဖော်ဝါရီလ (၉) ရက်နေ့က ကျင်းပသောအစည်းအဝေးတွင် ကျောင်းတက်ရက်ကို မတ်လ (၂၅) ရက်နေ့အထိ ပြန်လည်ပြင်ဆင် သတ်မှတ်ခဲ့ကြသည်။

အဆိုပါသတ်မှတ်ချက်အရ ၄ တန်းနှင့် ၈ တန်းအစိုးရစစ်စာမေးပွဲများကို ဖေဖော်ဝါရီ (၂၄) ရက်နေ့မှ မတ်လ (၃) ရက်နေ့အထိဖြစ်ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ (၁၁) ရက်နေ့မှ (၂၀) ရက်နေ့အထိသတ်မှတ်ထားသည်။ ကျန်အတန်းများကို ဆယ်တန်းစာမေးပွဲဖြေပြီးသည့်အချိန်မှ စာမေးပွဲစစ်ဆေးမည်ဖြစ်သည်။

ဟားခါးပညာရေးကောလိပ်ကျောင်းသားများသမဂ္ဂဥက္ကဌ ဆလိုင်းလောနိုင်းက “ ချင်းပြည်နယ်ဟာ သိကြတဲ့အတိုင်း ဆင်းရဲတဲ့ပြည်နယ်ဖြစ်တော့ တောင်ယာလုပ်ငန်းကိုပဲ လုပ်ကိုင်နေကြတာ။ မတ်လဆိုရင် တောင်ယာလုပ်တဲ့အချိန်ဖြစ်နေတော့ ကျောင်းသားကျောင်းသူတွေက လာပြီး စာမေးပွဲ အကုန်ဖြေဆိုနိုင်မယ်ဆိုတာ မသေချာဘူး။ ပြီးတော့ ချင်းပြည်နယ် တောရွာတွေမှာ အထက်တန်းကျောင်းက မရှိသလောက်ပဲ။ အဲလိုအခြေအနေမျိုးမှာ အခုလိုကျောင်းတက်ချိန်တိုးတော့ ဘောဒါဆောင်ခတွေ ပိုကုန်ရမှာဖြစ်တယ်။ ဆင်းရဲတဲ့ဒေသမှာဆိုရင် အဆင်မပြေပါဘူး’’ ဟု ပြောသည်။

ချင်းပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်က “သူတို့ရဲ့တင်ပြချက်အပေါ်မှာ ကျနော်တို့ ဝိုင်းစဉ်းစားပေးဖို့ လိုမယ်ထင်တယ်။ ဘာဖြစ်လို့လဲဆိုရင် အခုက ကျနော်က ခရီးတောက်လျှောက်သွားနေတော့ တော်တော်များများ ဟိုတစ်နေ့က မကွေးမှာ ဆန္ဒပြတယ်ဆိုတာသိတယ်။ ဒီပညာရေးကဏ္ဍပဲ ဆိုတော့ သူတို့မှာ တကယ့်တကယ်ရော ဘာလိုအပ်ချက်ရှိသလဲ၊ ပြည်ထောင်စုအဆင့်အနေနဲ့ လုပ်ပေးဖို့ဖြစ်နိုင်မလား၊ တိုင်းဒေသကြီး ပြည်နယ်အစိုးရအနေနဲ့ လုပ်ပေးဖို့လိုသလား ၊ အဲဒီလိုအပ်ချက်ပေါ်မှာ ကျနော်တို့အမြဲတမ်းတော့ ကြိုးစားပြီး ဆောင်ရွက်ပေးဖို့ ရှိပါတယ်” ဟု ပြောသည်။

နွေရာသီကျောင်းပိတ်ရက်မှာ ဧပြီ နှင့် မေ (၂) လသာဖြစ်ကြောင်း ၂၀၁၉ – ၂၀၂၀ စာသင်နှစ်တွင် ၄ တန်း၊ ၈ တန်း၊ ၁၀ တန်းမှလွဲ၍ အခြေခံပညာအတန်းများ၏ ကျောင်းတက်ကာလသည် မတ်လ (၂၅) ရက်အထိဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက သတ်မှတ်ထားသည်။

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...