ပျောက်ကွယ်တော့မည့် ရှမ်းနီ ရက်ကန်းလုပ်ငန်း

ပျောက်ကွယ်တော့မည့် ရှမ်းနီ ရက်ကန်းလုပ်ငန်း

တိတ်ဆိတ်နေသည့် ရှမ်းနီရွာထဲက အိမ်တစ်အိမ်တွင် ကျုတ်ချပ်ကျုတ်ချပ် အသံများဖြင့် စည်းချက်ကိုက်နေသည်။ နေအိမ်ထဲမှ ရက်ကန်းခုတ်နေသည့် အသံများပင် ဖြစ်သည်။ တစ်ယောက်ကလည်း ဗိုင်းငင်နေသည် ။ ထိုအိမ်သည် ရှမ်းနီဒေသ ဟုမ္မလင်းမြို့တစ်ဖက်ကမ်းမှ ကတ်သာကျေးရွာ ဖြစ်သည်။

“ဟိုးအရင်တုန်းက ဒီ ကက်သာရွာဟာ ရက်ကန်း ယက်စားတဲ့ ရွာကြီးပေါ့။ တစ်အိမ်မှာ နှစ်စင်သုံးစင် ရှိကြတယ်” ဟု ထို ရက်ကန်းလုပ်ငန်းကို ဦးစီးလုပ်ကိုင်နေသူ ဒေါ်ထွေးက ပြောသည်။

မြန်မာနိုင်ငံတွင် လုပ်ငန်းအများစုကို ပြည်သူပိုင် သိမ်းပြီးနောက်ပိုင်းတွင် ထို ရက်ကန်းလုပ်ငန်းများလည်း တဖြည်းဖြည်း နိဂုံးချုပ်လာခဲ့ရသည်။

ရက်ကန်းလုပ်ငန်းကို လုပ်ကိုင်နေသည့် တစ်ရွာလုံးသည်လည်း ကြုံရာကျဘမ်းလုပ်ငန်းများဖြင့်သာ အသက်မွေးဝမ်းကျောင်းပြုလာရသည်။ ပြည်သူပိုင် သိမ်းပြီးနောက် ရက်ကန်းလုပ်ငန်း၏ အဓိကကုန်ကြမ်းဖြစ်သည့် ချည်များလည်း ရှားပါးလာသည်။

တစ်ချိန်က ဟုမ္မလင်းမြို့ ဆိုင်တိုင်းနီးပါးတွင် ချည်များကို ရောင်းဝယ်ကြသော်လည်း ပြည်သူပိုင် သိမ်းပြီး နောက် ရောင်းဝယ်မှု မရှိသလောက်ပင်။ ထို ချည်အခက်အခဲများက တစ်ကြောင်း၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့်တစ်ကြောင်း ယခု ကတ်သာတွင် ရက်ကန်းလုပ်ငန်း ယက်လုပ်သည့် အိမ်ဟူ၍ သုံးအိမ်ခန့်သာ ရှိတော့သည်။

ရက်ကန်းလုပ်ငန်း ပပျောက်သွားခြင်း အဓိက အကြောင်းမှာ ရက်ကန်းအတွက် လိုအပ်သည့် ချည်များ မရရှိသောကြောင့်ဟု အများဆုံး ပြောဆိုကြသည်။

ကက်သာရွာ ဘာကြောင့် ရက်ကန်းလုပ်ငန်း ပပျောက်ရသလဲ

"ချည်က မြန်မာနိုင်ငံမှာ မရှိတော့ ဟိုး နိုင်ငံခြား အိန္ဒိယကနေပြီး တော့ ဝယ်ယူရတယ်။ အိန္ဒိယဘက် သွားတဲ့သူရှိမှ ၊ ဒါတောင် အခက်အခဲရှိရင် ချည်က ပါမလာဘူး၊ ချည်ကြောင့်မို့ အခက်အခဲတွေ အများကြီး ကြုံခဲ့ရတယ်”ဟု ရက်ကန်းယက်လုပ်နေသူ ဒေါ်ထွေးက ပြောသည်။

ချည်များ ရရှိရန်အတွက် တစ်ချိန်က ဝါဂွမ်း ဝါဖတ်များဖြင့် ကိုယ်တိုင် ပြုလုပ်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် ပပျောက်သွားကာ အသင့်လာသော ချည်များဖြင့် ရက်လုပ်လာကြသည်။

ချည်များ ရရန်အတွက် တစ်ဖက်နိုင်ငံသို့ သွားရောက်ဝယ်ယူကာတစ်ခါ တစ်ရံ ချည်အမျိုးအစား မတူညီမှုများ၊ အရောင်မတူမှုများကြောင့် ရက်ကန်းလုပ်ငန်းများကို ရပ်နားထားကြရသည်။

“ရက်ကန်းဆင်ထားပြီးတော့မှ ချည်မရှိတော့လို့ စောင့်ဆိုင်းရတာ တစ်မျိုး၊ ယူခဲ့တဲ့ ချည်အမျိုးအစားနဲ့ ကိုယ် ယက်တဲ့ချည် မတူညီတာတို့၊ အရောင်ကွဲတာက တစ်ကြောင်း၊ ကိုယ် လိုချင်တဲ့ အမျိုးအစား မရတာက တစ်ကြောင်း၊ ရက်ကန်းစင်ကြီး ဆင်ထားပြီးမှ ဒီအတိုင်း ပစ်ထားရတယ်”ဟု ဒေါ်ထွေးက ပြောသည်။

ရက်ကန်းနှင့် ရှမ်းနီချည်ထည်

ရှမ်းနီအဝတ်အစားများသည် များသောအားဖြင့် လွန်ခဲ့သည့် နှစ်ပေါင်းတစ်ရာကျော်က တွေ့ရသည်မှာ ထဘီအထက်ဆင်ကို အနီရောင် တပ်ဆင်ခြင်းပင်။

"ဟိုမေနိုင်း”ဟုပြောလိုက်လျှင်ဖြင့် တိုင်းနိုင်းရိုးရာထဘီဟုပင် အားလုံး သိနေကြသည်။

ရှမ်းနီလူမျိုးများသည် အထက်ဆင်ကို အနီရောင်အဖတ်ကြီးဖြင့် ဝတ်ဆင်လာခဲ့ကြပုံ တူသည်။ ထို ဝတ်စားဆင်ယင်မှုကို ယက်လုပ်ထားသည့် ကတ်သာကျေးရွာက ရက်ကန်းများသည်လည်း ပျောက်ကွယ်သွားပြီး တစ်ချိန်က ယက်လုပ်ခဲ့သည့် ရှမ်းနီထဘီကို ယက်လုပ်နိုင်ခြင်းမရှိတော့ချေ။ ၄င်းတို့၏ ဘိုးဘွားများ ယက်လုပ်ထားခြင်းကြောင့်သာ မှတ်တမ်း တစ်ထည်တည်း ကျန်ရှိနေခဲ့သည်။

“၁ ပြား ၂ ပြားခေတ်တုန်းကဆိုတော့ အဘွားတို့လည်း မမီခဲ့ဘူး။ ထိန်းသိမ်းလွန်းလို့သာ အခု မြင်တွေ့နေရတာ” ဟု ဒေါ်ထွေးက ပြောသည်။ အဆိုပါ နမူနာ ကျန်ခဲ့သည့် ပုံစံများအတိုင်း နောက်ပိုင်းတွင် ဒီဇိုင်းမျိုးစုံ ထွင်ပြီး ယက်လုပ်လာကြသည်။

သို့သော်လည်း  ရှမ်းနီများ ယက်လုပ်ခြင်း မဟုတ်ဘဲ အခြားတိုင်းရင်းသားများ ယက်လုပ်နေခြင်းပင်ဖြစ်သည်။ ရက်ကန်းလုပ်ငန်းကို လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ယက်လုပ်ခဲ့သည့် ကက်သာကျေးရွာတွင်ပင် လူငယ်လူလတ်ပိုင်း ယက်လုပ်တတ်သူဟူ၍ နှစ်ယောက် သုံးယောက်ခန့်သာ ကျန်ရှိတော့သည်။

ယခုနောက်ပိုင်းတွင် ရှမ်းနီဒေသအချို့တွင် ကိုယ်ပိုင်ရက် ကန်းများ တည်ထောင်ပြီး ယက်လုပ်မှုများလည်း ရှိလာသည်။ သို့သော်လည်း ဈေးကွက်ထဲသို့ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိလာခြင်း မရှိသေးချေ။

လက်ရက်ကန်းများအစား စက်ရက်ကန်းများက နေရာ ဝင်ယူလာခြင်းကြောင့်လည်း လက်ရက်ကန်း ယက်လုပ်မှုများ တဖြည်းဖြည်း လျော့နည်းလာခဲ့ရသည်။

ရှမ်းနီတိုင်းရင်းသားတို့သည် မိမိတို့ရိုးရာ အထည်ရက် လုပ်မှုလုပ်ငန်းများ ရှိပါဘလျက်နှင့် လုပ်ကိုင်မှု မရှိသလောက် ပပျောက်နေသည်ကို ကိုယ်တိုင် သတိပြုသင့်ကြပေသည်။ တိမ်ကောပျောက်ကွယ်သွားခြင်း မရှိအောင်လည်း ရှမ်းနီမျိုးဆက်သစ်များ တွေးဆ စဉ်းစားရန် လိုအပ်နေပေသည်။

ထိုရက်ကန်းလုပ်ငန်းများ လျော့ကျပျောက်ကွယ်သွားလျှင် ကိုယ့် လူမျိုး၊ ကိုယ့်ဝတ်စုံမှ ကိုယ် မယက်လုပ်လျှင် မည်သူကမျှ လာရောက် ယက်လုပ်ပေးမည် မဟုတ်ချေ။

ထို့အတွက်ကြောင့် ရှမ်းနီတိုင်းရင်းသားများ၏ ဝတ်စားဆင်ယင်မှုအဆင့်အတန်းကို အဆင့်တစ်ခုထိ ရောက်အောင် မြင့်တက်လိုပါလျှင် ရက်ကန်းလုပ်ငန်းသည် အခြေခံကျသည့် လုပ်ငန်းတစ်ခု ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပေသည်။

Most read this week

May 16, 2024
ပညာသင်ယူမှုပြီးမြောက်လျှင် လူ့အသက်များကို ကယ်တင်ရင်း အမျိုးသားရေးပခုံးပြောင်းတာဝန်များကို...
May 15, 2024
စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် မေလ ၁၄ ရက်နေ့မှာ ပြည်သူ့စစ်မှုထမ်း...
May 7, 2024
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ထီးချိုင့်မြို့နယ်မှာ စစ်ကောင်စီနှင့်...
May 2, 2024
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုအားလုံးနီးပါးတွင်...