ခူမီး ချင်းမျိုးနွယ်စုရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ ညှိနှိုင်းရေးမှူး ဦးအိုက်စောမြနှင့် အင်တာဗျူး

ခူမီး ချင်းမျိုးနွယ်စုရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ ညှိနှိုင်းရေးမှူး ဦးအိုက်စောမြနှင့် အင်တာဗျူး

ချင်းပြည်နယ်ပလက်ဝမဲဆန္ဒနယ်အမျိုးသားလွှတ်တော်အမတ်ဦးဝှေ့တင်းအား ရက္ခိုင့်တပ်တော် (AA)မှဖမ်းဆီးထားသည်မှာ ၂၅ ရက်ကြာမြင့်နေပြီဖြစ်ပါသည်။ ရက္ခိုင့်တပ်တော် (AA)မှ ပြောရေးဆိုခွင့်ရှိ သူခိုင်သုခမှ ပလက်ဝနယ်ကိုရခိုင်ပြည်မှ ချင်းပြည်သို့ဗမာအစိုးရမှရွေ့ခြင်းကြောင့် ချင်းရခိုင်လူမျိုးရေးပြသနာတက်ခြင်း၊ ဦးဝှေ့တင်းအားချင်းရခိုင်အကြားလူမျိုးရေး၊ ဘာသာရေးသွေးခွဲသူဟုစွတ်စွဲမူများနှင့် ပတ်သက်ပြီးခူမီး ချင်းမျိုးနွယ်စုရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ ညှိနှိုင်းရေးမှူး ဦးအိုက်စောမြနှင့်မေးမြန်းထားပါသည်။

CW ။ ရက္ခိုင့်တပ်တော် (AA)ရဲ့ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ ဗမာအစိုးရက ရခိုင်ပြည်ကနေ ပလက်ဝကို ချင်းပြည်နယ်ထဲရွှေ့ပေးလိုက်လို့ ရခိုင်နဲ့ချင်း ညီအကိုချင်း ပြသာနာတက်ရတယ်လို့ စွပ်စွဲထားတာကို ပလက်ဝသား ခူမီးချင်းမျိုးနွယ်စုရေးရာပေါင်း စပ်ညှိနှိူင်းရေးကောင်စီအနေနှင့် ဘယ်လိုဖြေရှင်းချင်ပါသလဲ။

ဒီကိစ္စ ရခိုင်တွေဘက်ကပြောဆိုနေတာ ခိုင်သုခရယ်မဟုတ်ပါဘူး၊တော်တော်များများပြောကြတာတွေ့ရတယ်။သူတို့ဘက်က အရိုးစွဲနေတဲ့ ရခိုင်းမင်းပိုင်နက် ဘာညာရှိမှာပေါ့လေ၊ ကျွန်တော်တို့ ဘက်ကလည်း သမိုင်းအထောက်ထားနဲ့ ပြန်ရှင်းပြတာတွေလုပ်ခဲ့ရှိပါတယ်။CNF ကဒေါက်တာရွှေခါးလည်း ဆောင်းပါးရှည်ရေးပြီး ပလက်ဝနယ်ကိစ္စကို အကျယ်တဝင့် ရေးထားတာတွေလည်းရှိပါတယ်။ အဲဒါကို မပြီးနိုင်မစီးနိုင် အခုလည်းထပ်ပြောပြန်တယ်ဆိုတာက နံပါတ် (၁) ခိုင်သုခ က သမိုင်းမသိလို့ စာမကြေလို့ဖြစ်မယ်။ နံပါတ်(၂) သိရက်သားနဲ့ ပြောတယ်ဆိုရင် ကျွန်တော်တို့ ချင်းရဲ့ ဖြစ်တည်မှုကို အလေးမထား၊ဂရုမစိုက်လို့ဖြစ်မယ်။

တကယ်တော့ ဒီပလက်ဝနယ်အကြောင်းကို ပြောရမယ်ဆိုရင် အဝေးကြီးသွားစရာမလိုဘူး၊မှတ်တမ်း တွေနဲ့အတိအကျပြောလို့ရတာ ၁၈၂၆ ပထမ အင်္ဂလိပ်-မြန်မာ ပထမစစ်အပြီး ရခိုင်ဒေသကို အင်္ဂလိပ်က သိမ်းတော့ ပလက်ဝနယ်မပါဘူး၊မပါဘူးဆိုတာ ရခိုင်နယ်မဟုတ်လို့ပေါ့ ၊၁၈၈၅ မန္တလေးနေပြည်တော်ကို သိမ်းတော့ ကချင်နယ်မပါဘူး၊ချင်းတောင်တန်းမပါဘူး ဆိုသလိုပေါ့။

အဲတော့ အင်္ဂလိပ်တွေက ၁၈၃၅ လောက်မှာ ပလက်ဝနယ်ကို တက်လာတယ်၊ ကျွန်တော်တို့ ခူမီးချင်းတွေ ပထမဆုံး ခုခံတဲ့နေရာက တင်းမကျေးရွာကနေပေါ့၊ အခုအဲဒီရွာ ကျောက်တော် ရခိုင်နယ်ထဲမှာ ရောက်သွားပြီ။ တောင်မင်းဆိန်ဒါတို့် တောင်မင်းဆိုက်ရုပ်တို့က ဦးဆောင်ခဲ့တာ သမိုင်းအတိအကျရှိတယ်၊ဆိုပါစို့ ခိုင်သုခပြောသလို ပလက်ဝကရခိုင်နယ်ဆိုရင် အဲတုန်းက ရခိုင်တွေဘယ်ရောက်ကုန်တာလည်း မေးစရာရှိတယ်။နောက်ပိုင်း ပလက်ဝနယ် အင်္ဂလိပ်လက်ရောက်သွားတယ်ဆိုပေမယ့် တစ်နယ်လုံးမဟုတ်ဘူး၊သူတို့ပိုင်တာ ကလက်ဝ အထိပဲ၊ အင်္ဂလိပ်ယူနီယံဂျက် အလံစိုက်တာက ပလက်ဝ၊မီးဇာအထက်နားအထိပဲ၊ကျန်တဲ့ အထက်ပိုင်းက ခူမီးချင်းတောင်မင်းဘဟေ အပိုင်၊ အဲလိုတွေရှိတယ်။

နောက် ၁၈၇၈ ပလက်ဝမှာ အင်္ဂလိပ်အရေးပိုင်မင်းခရိုင်ဝန်ရုံးစိုက်တော့ ခူမီးနွယ်အကြီးကဲ The Chief of Khumi Tribes အဖြစ် ခူမီးချင်းအမျိုးသားတောင်မင်း လဟောက်ကို တင်မြှောက်ခဲ့တယ်။ အုပ်ချုပ်ရေးကိုလည်း ဗမာပြည်မ အောက်မှာမထားဘူး၊ Northern Arkan Hill Track Regulation နဲ့ သီးခြား အုပ်ချုပ်ခဲ့တာ၊ ဒါတွေက ဘာကိုပြောနေသလဲ စဉ်းစားတတ်ရင်သိနိုင်တယ်၊လျှေက်ပြောလို့မရဘူး။

လွတ်လပ်ရေးပေးတောာ့မယ်ဆိုတဲ့အခါမှာလည်း ဒေသခေါင်းဆောင်တွေကို တောင်တန်းဒေသစုံစမ်းရေးကော်မရှင် (ရီးစ်ဝီလျံကော်မရှင်လို့လည်းလူသိများတယ်)က ခေါ်မေးတယ်။ အနာဂတ်လွတ်လပ်တဲ့ မြန်မာနိုင်ငံထဲမှာပါဝင်ရမှာမို့ ဗမာပြည်မနဲ့ ပေါင်းမှာလား ၊ ချင်းတောင်တန်းနဲ့ပေါင်းမှာလား ဆိုတာကို မေးတယ်။ပလက်ဝခေါင်းဆောင်တွေ(ကိုယ်စားလှယ်အဖွဲ့)က ရန်ကုန်မြို့မှာ ထွက်ဆိုချက်ပေးတယ်။ အဲဒီအဖွဲ့မှာ ခူမီးချင်းအမျိုးသား (၃)ဦး၊ဒိုင်း(ချင်း)အမျိုးသား(၁)ဦး၊ မီဇိုချင်းအမျိုးသား (၁) ဦးပါတယ်။အဲဒီထွက်ဆိုချက်အရ ချင်းတောင်တန်းနဲ့ပေါင်းဖို့ဖြစ်လာတယ်။ တကယ်လို့ အဲဒီတုန်းကသာ ဗမာပြည်မနဲ့ ပေါင်းမယ်လို့ ထွက်ဆိုခဲ့ရင် ပလက်ဝနယ်ကလည်း ရခိုင်တိုင်းထဲဖွဲ့စည်းတာမျိုးလည်း ဖြစ်သွားနိုင်တယ်။ ခိုင်သုခ ပြောသလို ဗမာတွေကရွှေ့တာမဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်းသိဖို့လိုတယ်။

CW ။ ပလက်ဝမှာ AA စစ်လှုပ်ရှားရခြင်းဟာ ဗမာစစ်တပ်က ဖိအားပေးထိုးစစ်မဆင်တော့ဘူးဆိုရင် ပလက်ဝနယ်ဟာပိုတည်ငြိမ်လာမယ်လို့ AA ပြောရေးဆိုခွင့်ရှိသူက ပြောဖူးတယ်။ ဒါနဲ့ ပတ်သတ်ပြီး ပြောချင်တာများရှိသလား။

အခြေအမြစ်မရှိတဲ့ ပြောကြားချက်ပါ။ သူတို့ (AA) ရောက်လာတာ ၂၀၁၅ မွပါ။ သူတို့ရောက်လာမှ ပလက်ဝဒေသဒုက္ခပင်လယ်ဝေရတာ အားလုံးသိတယ်။ ကျွန်တော်တို့မှမဟုတ်ဘူး။ပလက်ဝမှာရှိတဲ့ ရခိုင်တွေလည်းသိတယ်။

CW ။ ဦးဝှေ့တင်းကို ဖမ်းဆီးစစ်ဆေးရတာ ချငိးနဲ့ ရခိုင်ကြား ပြဿနာမီးမွှေးတယ်လို့ စွပ်စွဲထားတာနဲ့ပတ်သက်ပြီး ဦးဝှေ့တင်းအကြောင်းကို သိသလောက်ပြောပြပေးပါ။သူဘယ်လိုလူမျီုးလဲ။

တကယ်တန်း ချင်းနဲ့ရခိုင်ကြားမှာ ပြသာနာ မီးမွှေးနေတာ ပလက်ဝအမတ် ဦးဝှေ့တင်းမဟုတ်ပါဘူး သူတို့(AA) တွေပဲ ၊ ကျွန်တော်တို့ ခူမီးချင်းတိုင်းရင်းသားတွေကို ရခိုင်မျိုုးနွယ်စုထဲ ပါသလိုလိုပြောတယ်။ ပလက်ဝပါရခိုင်နဲ့အတူ လွတ်လပ်မယ်ပြောလို့ပြော၊ကျွန်တော်တို့မကျေနပ်လို့အသံတွေထွက်တော့ စစ်တပ်လက်ကိုင်တုတ်လို့ပြောလိုပြော၊သူတို့ပဲလုပ်နေတာ၊ဦးဝှေ့တင်းမဟုတ်ဘူး။ရခိုင့်တော်လှန်ရေးကိုနှောင့်ယှက်ရင် ဘယ်သူ့ကိုမဆိုဖမ်းဆီးမယ် ဆိုပြီး ခြိမ်းခြောက်တာလည်းသူတို့ပဲ။

CW။ AA ပလက်ဝမှာ စမလှုပ်ရှားခင်နဲ့ လှုပ်ရှားပြီးနောက်ပိုင်း ချင်းနဲ့ရခိုင်ကြားဆက်ဆံရေးအခြေနေ ဘာများပြောင်းလဲသွားတာရှိလဲ။

အရင်က ပလက်ဝနယ်မှာ ရခိုင်တိုင်းရင်းသားတွေက သူတို့ကိုသူတို့ချောင်းသားလို့သုံးတယ်၊မန်အောင်သား၊ရမ်းဗြဲသား ဆိုတာလိုမျိုးပေါ့၊ သူတို့ကျွန်တော်တီု့ ခူမီးတွေကြားမှာ ကတိသစ္စာ(၃) ကြိမ်တိုင်တိုင် လုပ်ထားတာရှိခဲ့တယ်။ အဲဒါကလည်း သူတို့ဘက်က စတင်ကမ်းလှန်းပြီးမှ လုပ်ခဲ့တာချည်းပဲ၊ တစ်ကြိမ်က လောင်ကဒူးမှာ၊နောက်တစ်ကြိမ်မှာ င\ဒက်သောင်မှာ ၊နောက်ဆုံးကအကြိမ်က ဖရုံချေင်း ချောင်းဝမှာ၊ဒီနယ်မြျေမှာ အန္တရယ်တစ်စုံတစ်ရာကျရောက်လာရင် တစ်ဦးအပေါ်တစ်ဦးကာကွယ်မယ်၊အဲဒီအန္တရယ်ကို အတူတူတွန်းလှန်မယ် ဆိုပြီး သစ္စာရေသောက်ပြီး ကတိကဝတ်ပြုတာ၊ဒါကို ပလက်ဝက ရခိုင်တွေ လည်း ဘယ်မေ့လိမ့်မတုန်း။ကျွန်တော်တို့ဘက်က ဒါကိုဘယ်တုန်းကမှသစ္စာမဖောက်ခဲ့ဘူး၊ကနေ့အထိ ကျွန်တော်တို့ (ခူမီးချင်း)ကြောင့် ရခိုင်တွေသွေးမြေကျရတယ်ဆိုတာမရှိဘူး။သူတို့အပေါ် ကူညီခဲ့တာပဲရှိတယ်။ဥပမာပြောမယ်၊ဆက္ကမ သူပုန်တွေထတော့ ဘင်္ဂလားဒေရှ့်ဘက်က ရခိုင်တွေ ဒီဘက်ရောက်လာတယ်၊အခုစက်ပစ်ြ့ပင်ဆိုတဲ့ရွာဖြစ်လာတယ်၊ရောက်စမှာ သူတို့စားရေးသောက်ရေးအတွက် ဥသာလင်းရွာက ကျွန်တော်တို့ခူမီးချင်းတွေ စပါးတောင်း(၄၀၀၀) လောက်ကူညီခဲ့တယ်။နောက်တစ်ခု ဇဉ်ဘောင်းပြင် ရွာအောက်နားမှာရွာလေးတည်ပြီး နေတဲ့ရခိုင်တွေကို ဒလက်မေချောင်းထဲက မျိုးနွယ်စုအချို့က တစ်ရွာလုံးသတ်မယ်ဆိုတာလုပ်တော့ တရွန်အိုင်က ကျွန်တော်တို့ခူမီးချင်း(ဘောက်လိုက်၊လိန်လွေ၊အမ္မလိုင်းအနွယ်)တွေက ကယ်တင်ခဲ့တယ်၊ သူတို့ကို တရွန်အိုင် အထက်ရွာ(ရွာသစ်) အဖြစ်နေထိုင်စေခဲ့တယ်။အခုထိ သမိုင်းအမှန်တွေ၊ဇတ်လမ်းဆင်ပြီးပြောနေတာမဟုတ်ဘူး။သူတို့ကိုယ်တိုင်လည်း ဘောက်လိုက်အနွယ်၊လိန်းလွယ်အနွယ်၊အမ္မလိုင်းအနွယ်ခံယူခဲ့ကြတယ်။ အခုတော်လှန်ရေးဆိုပြီးဝင်လာတော့ ဘယ်လိုပြောရမလဲ၊အချင်းချင်းကြား ယုံကြည်မှုတွေတဖြည်းဖြည်းလျော့ကုန်တာပေါ့ဗျာ။

CW ။ ချင်းနဲ့ ရခိုင်ကြားစည်းလုံးညီညွတ်ဖို့ဆိုရင် ရက္ခိုင့်တပ်တော် (AA)အနေနဲ့ ဘာတွေလုပ်ဆောင်ဖို့လိုမလဲဆိုတာအကြံပြုချက်ပြောပြပေးပါ။

ကျွန်တော်တော်လှန်ရေးသမားမဟုတ်တော့ သိပ်နားမလည်ပါဘူး ၊ သူတို့ပိုသိမှာပါ။ ကျွန်တော့် ဆန္ဒကတော့ ထိခိုက်မှုအနည်းဆုံးဖြစ်ပါစေပေါ့။ပလက်ဝနယ်က ကျွန်တော်တို့ခူမီးချင်းတွေကို ခုတုံးမလုပ်ပါနဲ့ ဒါပါပဲ။

Most read this week

May 3, 2024
စစ်ကိုင်းတိုင်း ကလေးမြို့ မြောက်ပိုင်း ကလေး - လက်ပံချောင်း လမ်းမဘေးမှာတည်ရှိတဲ့...
April 29, 2024
မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ ဧပြီ(၂၆)ရက်နေ့ တစ်ရက်အတွင်း အထောက်အထားမဲ့ ရွေ့ပြောင်းအလုပ်သမား ၂...