သျှမ်းပြည် မြောက်ပိုင်းတွင် တိုက်ပွဲ ဆက်တိုက်ဖြစ်ပွား ဒေသခံများစစ်ဘေးရှောင်နေရ

သျှမ်းပြည် မြောက်ပိုင်းတွင် တိုက်ပွဲ ဆက်တိုက်ဖြစ်ပွား ဒေသခံများစစ်ဘေးရှောင်နေရ
Credit to Mongngaw youth- နိုဝင်ဘာလ ၂၀ ရက်နေ့က မိုင်းငေါ့နဲ့ကျောက်မဲကြား ကျေးရွာတွေအပေါ်ဝဲပျံသည့်တပ်မတော်ရဟတ်ယာဉ်
Credit to Mongngaw youth- နိုဝင်ဘာလ ၂၀ ရက်နေ့က မိုင်းငေါ့နဲ့ကျောက်မဲကြား ကျေးရွာတွေအပေါ်ဝဲပျံသည့်တပ်မတော်ရဟတ်ယာဉ်

သျှမ်းပြည် မြောက်ပိုင်း နမ့်ဆန်မြို့နယ်အတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA နှင့် မြန်မာ့ တပ်မတော်တို့တိုက်ပွဲများဖြစ်ပွါးရာ လက်နက်ကြီးပစ်ခတ်မှု ရဟတ်ယာဉ်ဖြင့် ဝဲပျံမှုများရှိသဖြင့်ဒေသခံရွာသားများတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ ၂၀ ရက်  နံနက် ၈ နာရီအချိန်ခန့်က မြန်မာ့တပ်မတော်သည် မိုင်းငေါ့မြို့နယ် ဘက်မှ နမ့်ဆန်မြို့နယ် စခန်းသာဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ နေ့လည်ပိုင်းတွင်လည်း တပ်မတော်ဘက်မှ ရဟတ်ယာဉ် ဖြင့် လာရောက် ပျံဝဲကြောင်း TNLA မှ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးတားအိုက်ကျော် က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ တိုက်ပွဲ တော့ မဟုတ်ဘူး။ မြန်မာ့တပ်မတော်က ကျနော်တို့ကိုလာပစ်တာ။ ရဟတ်ယာဉ်တွေလာပျံတယ်။ တပ်က ရမ်းပစ်နေတာ” ဟု တားအိုက်ကျော် က ဆိုသည်။

ရဟတ်ယာဉ်သည် နိမ့်စွာ ဝဲပျံသဖြင့် မိုင်းငေါ့နှင့်ကျောက်မဲကြား မန့်ခေါပ် မန့်ကန်ရွာဘက်ရှိ လူနေအိမ် သက်ကယ်ခေါင်မိုးများ ထရံများ လွှင့်စင်သည်အထိဖြစ်သဖြင့်ဒေသခံများ ထိတ်လန့်ကာ ထွက်ပြေးကြကြောင်းလည်း မိုင်းငေါ့ဘက်မှ ဒေသခံများကပြောသည်။

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ နမ့်ဆန်တွင် နိုဝင်ဘာ ၁၁ရက်နေ့မှ ၁၇ ရက်ထိ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး၊ နိုဝင်ဘာ ၁၈ ရက်နေ့မှယနေ့တိုင် မြန်မာ့တပ်မတော် မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ပြုလုပ်နေကြောင်း လည်း တားအိုက်ကျော် က ပြောသည်။

“ အခု တပ်က ရမ်းပစ်တော့ ပြည်သူတွေ ထွက်ပြေးနေရတယ်။ ပြည်သူတွေပဲ ဒုက္ခရောက်တယ်” ဟု တားအိုက်ကျော် က ဆိုသည်။

ယနေ့တိုက်ပွဲကြောင့် ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့နယ်ခွဲ ခုံငင်း ကျေးရွာ အတွင်း လက်နက်ကြီးများ ကျကြောင်း ၊ လက်ရှိအချိန်အထိ ဒေသခံ ၈၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရပြီး စားဝတ်နေရေး ခက်ခဲနေကြောင်း အိုမ်တမောဝ်လူမှုကူညီရေး အသင်းမှ အဘမ်း က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

အဆိုပါ စစ်ဘေးရှောင်များသည် ကျောက်မဲမြို့နယ် ပန်နင်းကျေးရွာ၊ ကျောက်ဖြူလေး ကျေးရွာ နှင့် မန်ခေါက် ကျေးရွာတွင် တိမ်းရှောင်နေရကြောင်း အဘမ်း ကပြောသည်။

“ အခု အစားအစာတွေ နေစရာ အခင်း တွေ လိုအပ်နေတယ်။ အဲ့ဘက်ကို သွားဖို့က ခက်ခဲတယ်။ ကူညီတဲ့သူတွေကလည်း မသွားရဲကြဘူး။ တိုက်ပွဲဖြစ်တော့ သွားရမှာ ကြောက်တယ်” ဟု အဘမ်း က ဆိုသည်။

တိုက်ပွဲကြောင့် လူနေအိမ်များ လက်နက်ကြီး ကျကာ ပျက်စီးမှု ရှိသော်လည်း လူထိခိုက်မှု မရှိကြောင်းသိရသည်။ သျှမ်းမြောက်တွင် အောက်တိုဘာလနှင့် နိုဝင်ဘာလတွင် တိုက်ပွဲကြောင့် သေဆုံးသူ ၅ဦး နှင့်ထိခိုက်ဒဏ်ရာရရှိသူ ၃၀ဦးတို့ ရှိကြောင်း သိရသည်။

Most read this week

December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...
December 19, 2025
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ရနဲကျေးရွာအုပ်စု ကို စစ်ကော်မရှင်တပ်က နေအိမ်များကို...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...
December 19, 2025
မြန်မာနိုင်ငံတွင် စစ်ရေး ပဋိက္ခ၊ စီးပွားရေး ပြိုလဲမှုနှင့် စစ်မှုထမ်း ကိစ္စရပ်များကြောင့်...