ရက္ခိုင့်တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခနှင့် အင်တာဗျူး

ရက္ခိုင့်တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခနှင့် အင်တာဗျူး
by -
Salai Hung Htun Gei

ရက္ခိုင့်တပ်မတော်က ချင်းပြည်နယ် ပလက်ဝမြို့နယ်ရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့ ဦးဝှေ့တင်းကို ဖမ်းစီးထားတာဖြစ်ပြီး အခုအထိ ထိန်းသိမ်းထားဆဲဖြစ်ပါတယ်။ ဦးဝှေ့တင်းရဲ့ အသက်ဘေး လုံခြုံရေးအခြေအနေအပါအဝင်၊ ချင်းအရပ်ဖက်လူမှုအဖွဲ့အစည်းအချို့ထုတ်ပြန်တဲ့ ချင်းတိုင်းရင်းသား တွေရဲ့ဖမ်းဆီးခံရမှု၊ တောင်းဆိုမှုတွေနဲ့ လက်ရှိပဋိပက္ခဖြစ်ပွားနေတဲ့ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ချင်းဝေါလ်သတင်းဌာနရဲ့ တာဝန်ခံအယ်ဒီတာက အေအေရဲ့ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နဲ့ပတ်သက်ပြီး ကြေညာချက်တွေကို အဲန်အယ်ဒီ အပါအဝင် ချင်းလူမှုအဖွဲ့အစည်းတွေက ပြန်လည်လွှတ်ပေးဖို့ထုတ်ပြန်ချက်တွေ ထုတ်တယ်။ သူ့အသက်လုံခြုံရေးကိစ္စအပေါ်လည်း စိုးရိမ်နေကြတယ်။ အခုသူ့ကို ဘယ်လိုထိန်းသိမ်းနေလဲခင်ဗျ။

ဖြေ။ ။ လောလောဆယ်တော့ ဦးဝှေ့တင်းနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးတွေလုပ်တုန်းရှိသေးတယ်။ စစ်ဆေးရေးလုပ်နေတုန်းဆိုတော့ ထွေထွေထူးထူး ထုတ်ပြောစရာတော့ မရှိသေးဘူး။ ဒါပေမယ့် သူကျန်းကျန်းမာမာရှိတယ်။ ကျွန်တော်တို့သူ့ကို ကောင်းကောင်းထိန်းသိမ်းထားတာဖြစ်တယ်။ ကျန်းမာရေးလည်းကောင်းတယ်။ ဘာမှစိုးရိမ်စရာမရှိဘူးဆိုတာတော့ ကျွန်တော်ပြောလို့ရတယ်။

မေး။ ။ လွှတ်တော်အမတ်ကို ပြန်လွှတ်ပေးဖို့အဲန်အယ်ဒီပါတီ အပါအဝင် လူမှုအဖွဲ့အစည်းတွေက တောင်းဆိုမှုတွေလည်းရှိတယ်။ လွှတ်ပေးဖို့အစီအစဉ်ရှိသလား။

ဖြေ ။ ။ စုံစမ်းစစ်ဆေးမှုပြီးသွားရင်တော့ သူနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ဘယ်လိုဆုံးဖြတ်မလဲ ဆိုတာကတော့ စုံစမ်းစစ်ဆေးမှုပြီးမှ ပြောလို့ရမယ်။ အခုကတော့ စစ်ဆေးနေဆဲကာလပဲရှိသေးတာကိုး။

မေး။ ။ ဦးဝှေ့တင်းကို ဘာလို့ဖမ်းစီးတာလဲ။ သူနဲ့ပတ်သက်ပြီး ထုတ်ပြန်ချက်လည်း အေအေကထုတ်ပြန်ထားတယ်။ ထုတ်ပြန်ချက်မှာပါတဲ့ သူ့ကိုစွပ်စွဲတဲ့အပေါ် ဘယ်လိုသက်သေအခိုင်အလုံရှိလဲ။

ဖြေ။ ။ ကျွန်တော်တို့ကတော့ ထုတ်ပြန်ချက်ထဲမှာလည်း ရှင်းရှင်းလင်းလင်းရေးထားတာရှိတယ်။ ဦးဝှေ့တင်းကို ဖမ်းစီးတာက လူမျိုးရေးအရ၊ ဘာသာရေးအရ မဟုတ်ဘူး။ သူ့လုပ်ရပ်အပေါ်မှာ အခြေခံပြီးတော့ ကျွန်တော်တို့ဖမ်းတာဖြစ်တယ်။ ကျွန်တော်တို့က ချင်းညီအစ်ကိုတွေကိုပြောချင်တာကတော့ ဦးဝှေ့တင်းကို ချင်းမို့လို့ဖမ်းတာမဟုတ်ဘူး။ အဲန်အယ်ဒီအမတ်မို့လို့ဖမ်းတာမဟုတ်ဘူး။ သူ့ရဲ့လုပ်ရပ်အပေါ် အခြေခံပြီးဖမ်းတာဖြစ်တယ်။ ကျွန်တော်တို့လည်း ရှင်းရှင်းလင်းလင်းထုတ်ပြန်ချက်မှာ ရေးထားပြီး သားဖြစ်တယ်။ ဦးဝှေ့တင်းဟာ ဗမာစစ်တပ်အတွက် ထောက်လှမ်းရေးကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ပေးနေတယ်။ အဲဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့မှာ သက်သေခံအထောက်အထားတွေ အပြည့်အဝရှိတယ်။ သူ့ကိုဖမ်းတုန်းက သူနဲ့အတူပါတဲ့ သက်သေခံအထောက်အထားတွေကိုလည်း မှန်မှန်ကန်ကန် သိမ်းထားတာတွေရှိတယ်။

မေး။ ။ တစ်ချို့ကပြောတယ် ဒီလုပ်ရပ်က လူမျိုးရေးပြသနာမျိုးဖြစ်စေနိုင်တယ်ဆိုပြီးစိုးရိမ်ကြတယ်။ အဲဒါကို ပြောပေးပါစေချင်ပါတယ်။

ဖြေ။ ။ ပလက်ဝမြို့နယ်ထဲမှာ ချင်းနဲ့ရခိုင်ဖြစ်ဖြစ်၊ တစ်ခြားမျိုးနွယ်စုတွေဖြစ်ဖြစ် နှစ်ပေါင်း ထောင်ချီနေလာခဲ့တာ ဘာမှပြသနာမဖြစ်ခဲ့ဘူး။ အခုဗမာစစ်တပ်ရောက်လာပြီးမှ ခွဲခြားအုပ်ချုပ်မှု တွေလုပ်တယ်။ ခိုင်းလို့ရတဲ့သူတွေကို ပိုက်ဆံပေးပြီးခိုင်းတယ်။ အာဏာပေးပြီးခိုင်းတယ်။ နယ်ချဲ့တွေရဲ့သဘာဝအတိုင်းပေါ့။ သူ့အရိုးနဲ့သူကိုထိုးဆိုသလိုမျိုးပေါ့။ ပြသနာတွေအများကြီးဖန်တီးလာတယ်။

မေး။ ။ အဓိကတော့ လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်နေတယ်။ လွှတ်တော်ကိုယ်စားလှယ်ဆိုတာ လူထုကရွေးချယ်ရတာဖြစ်တယ်။

ဖြေ။ ။ သူက ပြည်သူရွေးကောက်တဲ့လွှတ်တော်ကိုယ်စားလှယ်မှန်တယ်။ ဒါပေမယ့် လွှတ်တော်ကိုယ်စားလှယ်အလုပ်ပဲ လုပ်လို့ရှိရင် ကျွန်တော်တို့ဘာမှ လုပ်စရာအကြောင်းမရှိဘူး။ အခုက လွှတ်တော်ကိုယ်စားလှယ်အလုပ်ထက်ပိုပြီး စစ်တပ်ရဲ့အလုပ်တွေကို တစ်စိုက်မတ်မတ်လုပ်နေတဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တော်လှန်ရေးကာလရဲ့ လိုအပ်ချက်အရ ကျွန်တော်တို့ထိန်းသိမ်းရတာဖြစ်တယ်။ ဒါပေမယ့် ကျွန်တော်တို့နှိပ်စက်ညှင်းပမ်းတာမျိုးလုံးဝမလုပ်ဘူး ခင်ဗျ။

မေး။ ။ AA အနေနဲ့အရပ်သားတွေကို ဖမ်းဆီးထိန်းသိမ်းတဲ့အပြင် နှိပ်စက်တာတွေရှိတယ် ဆိုတာတွေသိရတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ကော။

ဖြေ။ ။ အရင်က ကျွန်တော်တို့ဖမ်းစီးထိန်းသိမ်းတာတွေရှိတယ်။ ကျွန်တော်တို့ဘာမှမလုပ်ဘူး။ အဲဒါကြောင့်မို့လို့ ကျွန်တောတို့ချင်းညီအစ်ကိုတွေကို နားလည်စေချင်တာက ဒီကိစ္စမှာ လူမျိုးရေး၊ ဘာသာရေးကိစ္စဘာမှမပါဘူး။ ဦးဝှေ့တင်းလို ရခိုင်တိုင်းရင်းသားတစ်ယောက်လုပ်ရင်လည်း ကျွန်တော်တို့ဖမ်းမှာပဲ။ အဲဒါကို ကျွန်တော်တို့ ရှင်းရှင်းလင်းလင်းပြောချင်ပါတယ်။

တစ်ချို့လူတွေကပြောနေတာပေါ့။ လူမျိုးရေး၊ ဘာသာရေးပြသနာဖြစ်နိုင်တယ်ဆိုပြီး ပြောနေကြတာပေါ့ဗျာ။ အဲဒီလိုပြောတဲ့သူတွေက ဟိုးအရင်ကတည်းက အဲလိုဖွနေတဲ့သူတွေဖြစ်တယ်။ ဦးဝှေ့တင်းနောက်မှာ ဘယ်သူတွေရှိနေသလဲဆိုတာ ကျွန်တော်တို့ကောင်းကောင်းသိတယ်။

မေး။ ။ အဖမ်းခံရတဲ့ဒေသခံတွေနဲ့ ပတ်သက်ပြီးတော့ကော?

ဖြေ။ ။ ခင်ဗျားတို့ကြည့်လေ၊ ဗမာစစ်တပ်က ဖမ်းသွားလို့ရှိရင် အသက်ပါပျောက်သွားတယ်။ ရခိုင်တွေကို ဗမာစစ်တပ်ကဖမ်းလို့ သေတဲ့သူတွေ ၂၆ ယောက်ရှိပြီ။ တစ်ခြား မတရားပုဒ်မတပ်ပြီး ရုံးတင်ထားတဲ့သူတွေ၊ ရုံးမှာ အမှုရင်ဆိုင်နေရတဲ့သူတွေ၊ နောက်အမှုမရင်ဆိုင်ရသေးပဲ အဖမ်းစီးခံရတဲ့သူတွေ ၂၀၀ ကျော်လောက်ရှိတယ်။ အဲဒီလူတွေကလည်း ဗမာစစ်တပ်ရဲ့စစ်ဆေးရေးကာလပြီးရင် ဆေးရုံရောက်တဲ့သူတွေချည်းပဲ။ သွေးအန်တယ်။ တစ်ချို့က သွေးအန်တယ်။ သေတယ်။ ဘယ်သူမှ ကောင်းကောင်းမွန်မွန်ထွက်လာတာမရှိဘူး။ အခုကျွန်တော်တို့ဖမ်းစီးထိန်းသိမ်းထားသူတွေဆိုရင် ကြည့်ကြည့်လိုုက်၊ ကောင်းကောင်းမွန်မွန်ထိမ်းသိမ်းထားတာဖြစ်တယ်။ ဘာမှ နှိပ်စက်တာမလုပ်ဘူး။ တစ်ခုပြောမယ်ဆိုရင် မီးသတ်ဝန်ထမ်းတွေနဲ့အတူ ထိန်းသိမ်းတဲ့အထဲမှာ ဗမာလူမျိုးစစ်စစ်တွေပါတယ်။ ပန်းရံလုပ်တဲ့အရပ်သားတွေ၊ သူတို့က အရပ်သားစစ်စစ်တွေ၊ ကျွန်တော်တို့တိုက်နေတာက ဗမာစစ်တပ်ကို တိုက်နေတာဖြစ်တယ်။ အရပ်သားဗမာတွေဆိုရင်လည်း ကောင်းကောင်းမွန်မွန်ပြန်လွှတ်ပေးလိုက်တာပဲ။ ဘယ်သူ့ကိုမဆိုမေးကြည့်လို့ရတယ်။ လက်ဖျားနဲ့တောင် တုံ့တာမဟုတ်ဘူး။ ကျွန်တော်တို့ ULA အနေနဲ့ အစွန်းရောက်တာလက်မခံဘူး။ အဲလိုလုပ်တဲ့သူတွေကိုလည်း ဘယ်တော့မှသည်းခံမှာမဟုတ်ဘူး။ ကျွန်တော်တို့ လူမျိုးရေး၊ ဘာသာရေးတွေမကြည့်ဘူး။ လူပုဂ္ဂိုလ် နဲ့ သူ့လုပ်ရပ်ကိုပဲကြည့်တယ်။

မေး။ ။ ချင်းတိုင်းရင်းသားတွေ အဖမ်းခံရတုန်း၊ ပြန်လွှတ်လိုက်ပြီပြောတဲ့သူတွေလည်း အိမ်ပြန်မရောက်သေးတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဖြေပေးပါအုံး။

ဖြေ။ ။ CHRO ရဲ့ထုတ်ပြန်ချက်လိုမျိုးတွေ၊ လူ ၁၄ ဦးပျောက်နေသေးတယ်ဆိုတာမျိုး။ လူပျောက်တိုင်းကို ကျွန်တော်တို့ အေအေက ဖမ်းသွားတယ်ဆိုတဲ့ဟာမျိုး လိုက်ပြီးတော့ အခြေအမြစ်မရှိ စွပ်စွဲနေတယ်။ သူတို့မှာ ကျွန်တော်တို့ဖမ်းထားတယ်ဆိုတဲ့ အထောက်အထားရှိရင် ကျွန်တော်တို့ကိုပြလေ။ ကျွန်တော်တို့ စစ်တပ်တွင်းမှာ စုံစမ်းစစ်ဆေးဖို့အဆင်သင့်ပဲ။ ကျွန်တော်တို့ဖက်ကလည်း မှန်မှန်ဖြစ်ဖို့ အမြဲကြိုးစားတယ်။ ပြည်သူလူထုကိုလည်း ပွင့်လင်းမြင်သာစွာ ဖမ်းစီးတာတွေ၊ စစ်ဆေးတာတွေကို ပွင့်ပွင့်လင်းလင်းချပြတယ်။

မေး ။ ။ ဦးဝှေ့တင်းကိစ္စနဲ့ပတ်သက်ပြီး လွှတ်တော်မှာလည်းဆွေးနွေးဖို့လုပ်နေကြတယ်။

ဖြေ။ ။ ။ အခုချင်းအမတ်ကိုဖမ်းတယ်ဆိုပြီး ဖွနေတာမျိုးတွေရှိတယ်။ ခင်ဗျားတို့သိထားဖို့က ဦးဝှေ့တင်းက ချင်းလူမျိုးဆိုပေမယ့် ချင်းအမတ်မဟုတ်ဘူး။ အဲန်အယ်ဒီအမတ်ဖြစ်တယ်။ အဲန်အယ်ဒီပါတီကို ကိုယ်စားပြု တာဖြစ်တယ်။ အခုကျမှ ဦးဝှေ့တင်းနောက်ကလူတွေဖွတာ။ ချင်းလူမျိုးကိုဖမ်းလို့ရှိရင် ချင်းနဲ့ရခိုင်ဘာညာ ပြသနာဖြစ်နိုင်တယ်ဆိုပြီးပြောနေကြတာ။ ချင်းတိုင်းရင်းသားကြားမှာလည်း အဲလောက်အတွေးအခေါ် မညံ့လောက်ဘူးလို့ထင်တယ်။ ဗမာစစ်တပ်က အဆက်ဆက် ခွဲခြားအုပ်ချုပ်လာတယ်။ တစ်ခနဲဖြစ်ရင် ပလက်ဝကိစ္စက ပေါ်နေတယ်။ ကျွန်တော်တို့က ပလက်ဝကို ပြန်သိမ်းနေတာမဟုတ်ဘူး။

မေး။ ။ ပလက်ဝမြို့နယ်က ရခိုင်ပြည်နယ်ဖြစ်တယ်ဆိုပြီး အေအေ ရဲ့ တပ်တွေက ပြောနေတာမျိုးရှိတယ်ဆိုပြီးကြားရတယ်။

ဖြေ။ ။ ပြောမယ်ဆိုရင် ချင်းတွေရဲ့မြေဖြစ်တဲ့ ကလေးခရိုင်ဆိုရင် ဗမာက ဖြတ်လိုက်ပြီးတော့စစ်ကိုင်းတိုင်းကို ထည့်လိုက်တယ်။ ဒီဖက်မှာဆိုရင် ပလက်ဝကို ဖြတ်ပြီးတော့ ချင်းပြည်နယ်ထဲကိုထည့်လိုက်တယ်။ ဒါကို ဗမာအစိုးရအဆက်ဆက် ပြသနာကိုဖန်တီးတာ။ ဒီအတိုင်းပဲ ရှမ်းပြည်နယ်က မိုးကုတ်ကို ဖြတ်ပြီး မန္တလေးတိုင်းကိုထည့်လိုက်တယ်။ အဲလိုပြသနာဖန်တီးတာ မြန်မာပြည်အနှံ့မှာရှိတယ်။ ပြသနာမဖြစ်ဖြစ်အောင် ဖန်တီးတာတွေ။ ဒါကြောင့် ဟိုတစ်လောက ချင်းလူငယ်အချို့ကိုပြောတာရှိတယ်။ ချင်းနဲ့ရခိုင်က နှစ်ပေါင်းများစွာ အတူနေထိုင်လာတဲ့ ညီအစ်ကိုအရင်းတွေဖြစ်တယ်။ ချင်းနဲ့ရခိုင်သာ ကျောချင်းကပ်နိုင်လို့ရှိရင် အကုန်ပြေလည်နိုင်တယ်။ ဒီကိစ္စကို အမြင်ကျယ်ကျယ်နဲ့ကြည့်ဖို့တော့လိုတယ်။ ကျွန်တော်တို့လည်း အခုတော်လှန်ရေးလုပ်နေတယ်။ ရခိုင်တွေလွတ်မြောက်လို့ရှိရင် ချင်းညီအစ်ကိုတွေလည်း လွတ်မြောက်ရမယ်ဆိုတဲ့ ခံယူချက်ရှိတယ်။ ဒါကိုကျွန်တော်ရှင်းရှင်းလင်းလင်းပြောပြတာဖြစ်တယ်။

မေး။ ။ အေအေက ဖမ်းပြီး ပြန်လွတ်လာတယ်ဆိုတဲ့သူတွေရဲ့ အင်တာဗျူးတွေ နားထောင်ရတယ်။ အေအေက ဘယ်လို နှိပ်စက်ခဲ့သလဲဆိုတာမျိုးတွေကြားရတယ်။ ဒါမျိုးတကယ်ဖြစ်နေသလား။

ဖြေ။ ။ သူ့ကိုအင်တာဗျူးလုပ်ထားတာကိုကြည့်ကြည်လိုက်၊ သူ့မျက်နှာကို မဖော်ဘူး။ သူတို့အင်တာဗျူးလုပ်တဲ့အချိန်မှာ သတင်းစာရှင်းလင်းပွဲလုပ်ဖို့ တိတ်တစိတ်စီစဉ်တယ်။ ရခိုင်ဒေသမှာ အခြေစိုက်တဲ့ သတင်းဌာနတွေတောင် စစ်တွေမှာ သတင်းစာရှင်းလင်းပွဲလုပ်တာမသိလိုက်ဘူး။ အဲဒါကိုပဲကြည့် သူတို့ဘယ်လိုသူတို့ရိုးသားသလဲဆိုတာ။ သတင်းစာရှင်းလင်းပွဲမှာ ကျွန်တော်မြင်လိုက်တာက MAIN STREAM မီဒီယာက တစ်ချို့နဲ့ ဗမာစစ်တပ်က နောက်ကွယ်ကနေထောင်လိုက်တဲ့ မီဒီယာတွေကိုပဲခေါ်ပြီးလုပ်တယ်။ သတင်းစာရှင်းလင်းပွဲဆိုတာ ဘယ်သတင်းထောက်မဆို တက်ပြီး သတင်းယူပိုင်ခွင့်ရှိရမယ်။ အဲဒါမှပဲ သတင်းထောက်တွေကလည်းသိချင်တာတွေကို မေးလို့ရမယ်။ အခုကတော့ ပြောချင်တာကိုပဲပြောပြီး မျက်နှာလည်း မဖော်ပြရဲဘူးဆိုတာ စဉ်းစားလို့ရတာပဲ။

မေး။ ။ စစ်ပွဲတွေက ထပ်ဖြစ်အုံးမှာလား။

ဖြေ။ ။ ပြောရမယ်ဆိုရင် ဗမာစစ်တပ်က မြေပြင်စစ်ပွဲမှာ အရှုံးကြီးရှုံးနေတယ်။ သူတို့တပ်တွေလည်း အများကြီးစိတ်ဓာတ်ကျနေတယ်။ အဲဒါကို ထိန်းဖို့အတွက် သူတို့လေယာဉ်တွေနဲ့ပစ်ပြီး အားထားနေရတာ။ အဲလိုလုပ်တဲ့အချိန်မှာ ဒေသခံတွေက ကျွန်တော်တို့တော်လှန်ရေးလုပ်တာကို မထောက်ခံအောင် နှိပ်စက်သတ်ဖြတ်တာတွေလုပ်နေတာ။

မေး။ ။ ဒေသခံတွေပျောက်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီး ထပ်ပြောပြစေချင်ပါတယ်။

ဖြေ။ ။ အခု CHRO ကပြောထားတဲ့ လူပျောက်တယ်ဆိုတဲ့ဟာက တစ်ချို့ဆိုရင် ရွာမှာမနေနိုင်တော့လို့ တစ်ခြားနေရာကို ထွက်သွားတာရှိတယ်။ တစ်ချို့ဆိုရင် ဘင်္ဂလားဒေ့ရှ်ဖက်ဖြစ်ဖြစ်၊ အိန္ဒိယဖက်ဖြစ်ဖြစ် ထွက်သွားတာရှိတယ်။ အဲဒါကို CHRO က လူပျောက်တယ်။ အေအေကဖမ်းသွားတယ်ဆိုပြီးပြောတယ်။ ဒါညီအစ်ကိုချင်းချင်းမဖြစ်သင့်တဲ့ကိစ္စလေ။ ကျွန်တော်တို့က အဲဒီလူတွေကို ဘာအကြောင်းကြောင့် ထိန်းသိမ်းထားမှာလဲ။ ကျွန်တော်တို့တစ်ယောက်ဖမ်းတဲ့သူရဲ့စားစရိတ်နဲ့ရဲဘော်တစ်ယောက်ကို ထမင်းကျွေးလို့ရတယ်။ ကျွန်တော်တို့က အလဟသဘာကြောင့် သူတို့ကို ထမင်းခေါ်ကျွေးမှာလဲ။ တော်လှန်ရေးလုပ်တဲ့သူမှန်သမျှသိပါတယ်။ ဘယ်လောက်ခက်ခက်ခဲခဲနဲ့ လုပ်နေရတယ်ဆိုတာ။ ဘာလို့ အလဟသ ကျွန်တော်တို့က ထိန်းသိမ်းထားရမှာလဲ။ နောက်တစ်ခုက အဲလူတွေကို ဖမ်းလို့ ကျွန်တော်တို့ဘာရမှာမို့လို့လဲ။

မေး။ ။ အဲဒါဆိုရင် ပျောက်သွားတဲ့သူတွေက ဘယ်နေရာတွေမှာ ရောက်နေတာလဲ။

ဖြေ။ ။ ကျွန်တော်တို့သိရသလောက်ဆိုရင် တစ်ချို့သူတွေကို ဗမာစစ်တပ်က လမ်းမှာတွေ့ပြီး အထမ်းသမားအဖြစ် ခေါ်သွားတယ်။ ဘယ်သူမှမတွေ့လိုက်ဘူး။ နောက်တော့ သတ်လိုက်တယ်။ ဒါကို အေအေက လုပ်သလိုမျိုးပြောတယ်။ တစ်ချို့သူတွေက တစ်ခြားဒေသကိုထွက်သွားတယ်။ တစ်ချို့ကတော့ အထဲကို ဝင်သွားကြတယ်။ ဒါကို CHRO ကတစ်ဖက်သတ်တွေးပြီးလုပ်တာ။ CHRO ရဲ့နောက်ကွယ်မှာ ဘယ်သူရှိတယ်ဆိုတာ ကျွန်တော်တို့ကောင်းကောင်းသိတယ်။ ကျွန်တော်တို့က PROJECT နိုင်ငံရေးလုပ် တာမဟုတ်ဘူး။ ကိုယ့်နယ်မြေပြန်ရဖို့ ဗမာစစ်တပ်နဲ့တိုက်ပွဲဝင်နေတာ။

မေး။ ။ အေအေ ရဲ့တော်လှန်ရေးကာလတွေမှာ ဒေသခံတွေအေးချမ်းဖို့ ဘယ်လိုဆောင်ရွက်မှာလဲ?

ဖြေ။ ။ ကျွန်တော်တို့ကတော့ ဖမ်းရင်ဖမ်းမယ်ပြောမယ်။ ဘာကြောင့်ဖမ်းလဲဆိုတာပြောမယ်။ ဒါက ကျွန်တော်တို့ဖက်က ပွင့်လင်းမြင်သာစွာလုပ်နေတာဖြစ်တယ်။ ချင်းညီအစ်ကိုတွေမှာ ကျွန်တော်တို့မရိုးမသားလုံးဝမလုပ်ဘူး။ ကျွန်တော်တို့စစ်တပ်က ဒေသခံတွေဆီကို မတရားယူတာရှိရင်၊ ပြန်သာတောင်း နှစ်ဆပြန်ပေးမယ်ဆိုပြီး ကျွန်တော်တို့ပြောထားပြီးသား။ တစ်ကယ်လည်းပေးဖူးတယ်။

 

May 3, 2024
စစ်ကိုင်းတိုင်း ကလေးမြို့ မြောက်ပိုင်း ကလေး - လက်ပံချောင်း လမ်းမဘေးမှာတည်ရှိတဲ့...
April 29, 2024
မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ ဧပြီ(၂၆)ရက်နေ့ တစ်ရက်အတွင်း အထောက်အထားမဲ့ ရွေ့ပြောင်းအလုပ်သမား ၂...