သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်း လှုပ်ရှားနေသော သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA နှင့်အစိုးရတပ်မတော်တို့ တိုက်ပွဲအကြိမ်ကြိမ်ဖြစ်ပွါးခဲ့ကြောင်းသိရသည်။
နိုဝင်ဘာလ ၉ ရက်နေ့ ညနေပိုင်းက အစိုးရတပ်မတော် အမှတ် ၇၅၇ တပ်ရင်းမှ အင်အား ၄၀ ကျော်သည် မိုင်းကိုင်မြို့နယ် ဟိုခိုင်းအုပ်စုရှိတောတောင်ဘက်သို့ဝင်ရောက်လှုပ်ရှားရာ RCSS/SSA နှင့် ၂ ကြိမ် တိုက်ပွဲ ဖြစ်ပွါးခဲ့ကြောင်းသိရသည်။
မိုင်းကိုင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းလုံက – “ ကျနော်တို့ကြားသိရတာကတော့ အစိုးရတပ်မတော်တွေ ဟမ်းငိုင်းမြောက်ဘက်မှာရှိတဲ့ ဟိုခိုင်းအုပ်စုက လွယ်တွန်းတောင်ပေါ်ကိုတက်သွားတာကြောင့် ပစ်ခတ်မှုဖြစ်ပွါးတာဖြစ်တယ်လို့ကြားသိရတယ်။………………. ရပ်ရွာနဲ့ဝေးတော့ လူထုထိခိုက်မှုတော့မရှိပါဘူး။ ဒါပေမယ့် စစ်ရှောင်တွေ ရှိလာရင် ချက်ချင်း ကူညီမှုပေးနိုင်အောင်လို့ ကျနော်တို့ မပြတ်စောင့်ကြည့် နားထောင် နေပါတယ်” – ဟု သျှမ်းသံတော်ဆင့်အားပြောသည်။
၎င်းနှင့်ပတ်သက်ပြီး RCSS ပြောခွင့်ရပုဂ္ဂိုလ်ထံ ဆက်သွယ်သော်လည်း မရခဲ့ပေ။ သို့သော်မိုင်းကိုင်- ကျေးသီးမြို့နယ်အတွင်း RCSS တာဝန်ရှိ အကြီးအကဲများက – ပစ်ခတ်မှုတော့ဖြစ်ပွါးတယ်။ တိုက်ပွဲအကြီးတော့မဟုတ်ဘူး။ အစိုးရတပ်ကဝင်လာလို့ မိမိကိုယ်ကိုကာကွယ်တာဘဲဖြစ်ပါတယ်- ဟု သျှမ်းသံတော်ဆင့်အားပြောသည်။
အသက် ၆၀ ကျော်အရွယ် မိုင်းကိုင်ဒေသခံ ရပ်မိရပ်ဖတဦးကလည်း – မနေ့က လွယ်တွန်းဘက်ကထွက်တဲ့ပစ်ခတ်သံ နဲနဲတော့ကြာတယ်- ဟုပြောသည်။
RCSS/SSA သည် ၂၀၁၁ နှစ်နှောင်းပိုင်းတွင်ပြည်နယ်အဆင့်၊ ၂၀၁၂ နှစ်ဆန်းပိုင်းတွင် ပြည်ထောင်စုအဆင့် အစိုးရနှင့် အပစ်ရပ်လက်မှတ်ရေးထိုးထားသော်လည်း တိုက်ပွဲပေါင်း ၁၇၂ ကြိမ်ဖြစ်ပွါးခဲ့ပြီဖြစ်ကြောင်းသိရသည်။ အောက်တိုဘာလ ၁၅ ရက် ၂၀၁၅ ခုနှစ်နောက်ပိုင်းတိုက်ပွဲပေါင်း ၅၁ ကြိမ်နှင့် ဒီဇင်ဘာလ ၂၃ ရက် ၂၀၁၈ အစိုးရတပ်မတော်ဘက်မှ တဖက်သတ်အပစ်ရပ်ကြေငြာပြီးနောက်ပိုင်း တိုက်ပွဲပေါင်း ၄ ကြိမ်ဖြစ်ပွါးခဲ့ကြောင်းသိရပါသည်။
<><><><>
Caption : အစိုးရတပ်မတော်နှင့် သျှမ်းပြည်တပ်မတော် RCSS တပ်သားများ







