သျှမ်းပြည်နယ် တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ် ကျောက်မီးသွေး စက်ရုံ အနီးပတ်ဝန်းကျင် တွင်နေထိုင်သည့် ကလေးငယ်များ၏ ဆံပင်တွင် သတ္တုအဆိပ်သင့်နေကြောင်း သတင်းရရှိသည်။
တီကျစ် ကျောက်မီးသွေး စက်ရုံ အနီး ပတ်ဝန်းကျင် ကျေးရွာ ၃ရွာ မှ ဒေသခံ ကလေးငယ် ၁၂ဦး ၏ ဆံပင်ကို ယူကာ သြစတြေးလျ နိုင်ငံ ဓာတ်ခွဲခန်းသို့ ပို့ဆောင်ပြီး စမ်းသပ်ခဲ့သည်။
ထိုစမ်းသပ်မှုတွင် ကလေးငယ်များ ၏ ဆံပင်တွင် သတ္တုအဆိပ် သင့်နေကြောင်း ဟု မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှု၊တာဝန်ယူမှု နှင့် တာဝန်ခံမှုဆိုင်ရာ အရပ်ဘက် မဟာမိတ် အဖွဲ့ ( MATA) သျှမ်းပြည်နယ် ဗဟိုအလုပ်အဆောင် စိုင်းထူး က သျှမ်းသံတော်ဆင့် သို့ ပြောသည်။
“ အစက နိုင်ငံခြားသား ပညာရှင်တွေက ကျနော်တို့သောက်သုံးရေ စိမ့်စမ်းရေ ကို အရင်ဆုံး သုတေသန လုပ်တယ်။ အဲ့မှာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း( WHO ) သတ်မှတ်ချက်ထက် ၂၇ဆ မြင့်နေတာတွေ့တယ်။ အဲ့ဒါနဲ့ ကလေးငယ်တွေ ဆံပင်ကို ယူပြီး သြစတြေးလျ ဓာတ်ခွဲခန်းကို ပို့ပြီး စမ်းသပ်လိုက်တော့ သတ္တုအဆိပ်သင့်နေတာကို အဖြေထွက်လာပါတယ်” ဟု စိုင်းထူး က ဆိုသည်။
တီကျစ် ဒေသ နေထိုင်သည့် ကလေးငယ်များ၏ ဆံပင်တွင် သတ္တုဆိပ်သင့် ဖြစ်နေသဖြင့် ဒေသခံပြည်သူများ စိုးရိမ်ထိတ်လန့်မှုများ ရှိကြောင်း၊ ထို့ကြောင့် အစိုးရ အနေဖြင့် ကျောက်မီးသွေး စက်ရုံ ရပ်ဆိုင်းပြီး ပတ်ဝန်းကျင် နှင့် လူမှု စီးပွား ထိခိုက် နစ်နာမှုဆိုင်ရာ စစ်တမ်း( EIA/SIA) ပြန်လည် သုံးသပ်ပေးရန်လည်း ပင်လောင်းမြို့နယ် တီကျစ် စက်ရုံ တွင်နေထိုင်သည့် သူများ က တောင်းဆိုလိုက်သည်။
“ ကလေးငယ် ဆံပင် ဓာတ်ခွဲခန်း အဖြေထွက်လာတော့ ကျနော် လန့်သွားတယ်။ စိုးရိမ်မှုလည်း အရင်ကထက် ပိုရှိလာတယ်။ ဒါတောင် ကလေး ရဲ့ ဆံပင် အနည်းငယ်ပဲရှိသေးတယ်။ တကယ်လို အများကြီး စမ်းသပ်ရင်အဲ့ထက်မကဘူးလို့ ခံစားရတယ်” ဟု တီးကျစ်ဒေသခံ ခွန်ဝင်းထိန် က ပြောသည်။
တီကျစ်ဒေသအတွင်း ကြုံတွေ့နေရသည့် ကျန်းမာရေး ဆိုးကျိုးများ၊ ကလေးငယ်များ၏ အနာဂတ် များအတွက် အလွန်စိုးရိမ်နေရကြောင်း လည်း ခွန်ဝင်းထိန် က ပြောသည်။
တီကျစ်စက်ရုံ ကို မြန်မာ E-Guard Environmental Services ကုမ္ပဏီ မှ EIA အစီရင်ခံစာ ထုတ်ပြန်ခဲ့ပြီး၊ ထိုအစီရင်ခံစာတွင် လျော်ချော်မှုရှိနေကြောင်း၊ အမှားအယွင်းရှိနေသော်လည်း ကျောက်မီးသွေး စက်ရုံ အစမ်းသပ်ကာလ ၃နှစ် ထပ်မံ သက်တမ်းတိုးလုပ်ပိုင်ခွင့် ထပ်ပေးခဲ့သည်။
ထို အစမ်းသပ်ကာလ ၃နှစ် ထပ်မံ တိုးလိုက်သည့် အပေါ် တီကျပ် ဒေသခံ များစိုးရိမ်းမှုရှိနေသဖြင့် ကျောက်မီးသွေးစက်ရုံ ရပ်ဆိုင်းပြီး EIA/SIA ကို ပြန်လည် ဆန်းစစ်ရန်လည်း ဒေသခံများက တောင်းဆိုလိုက်သည်။
“ EIA/SIA ပြန်သုံးသပ်မည်ဆိုရင် ကျောက်မီးသွေး စက်ရုံကို ရပ်ဆိုင်ပြီး လုပ်ရမယ်။ အခု EIA/SIA က ပြည်သူတွေကို မျက်ကွယ်ပြုတဲ့သဘောပါပဲ” ဟု MATA မှ စိုင်းထူး က ပြောသည်။
ယခု တီကျစ် ကျောက်မီးသွေး စက်ရုံ ၃နှစ် အစမ်းသပ် ထပ်မံပေးလိုက်ခြင်းသည် ပွင့်လင်းမြင်သာမှု မရှိကြောင်း၊ တီကျစ်ဒေသခံ များ အစမ်းသပ်ခံ ဘဝ ဖြစ်နေကြောင်း လည်း စိုင်းထူး က ထပ်လောင်းဖြည့်စွတ်ပြောသည်။
ထို့ပြင် E-Guard Environmental Services မှ ထုတ်ပြန်ထားသည့် တီကျစ် စီမံကိန်း EIA အစီရင်ခံစာတွင် ထိခိုက်မှုများ သေချာစွာ လေ့လာဖော်ပြမှု မရှိခြင်း၊ စီမံကိန်း မှ ညစ်ညမ်းမှု အဆင့်မမျှ အထိ ထုတ်လွှတ်နေသည့်ကို ရှာဖွေ တင်ပြရန် ပျက်ကွက်ခြင်းများကြောင့် တီကျစ်ကျောက်မီးသွေး သုံး လျှပ်စစ်ဓာတ်အားစက်ရုံ စမ်းသပ်လည်ပတ်နေမှု အားရပ်တန်ပေးရန်လည်း MATA မှ အောက်တိုဘာ ၂၅ ရက် တွင် ထုတ်ပြန်ချက် ထုတ်ခဲ့သည်။
“ ဒီစက်ရုံ ကို ယာယီ ရပ်ထားတာနဲ့ ပြီးမသွားဘူး။ အစိုးရ အနေနဲ့ အဲ့ဒီ ဒေသမှာ ရှိတဲ့ လူတွေ အတွက် အနည်းဆုံး သန့်ရှင်းတဲ့ သောက်ရေ နဲ့ စိုက်ပျိုးရေ တွေ ရအောင် ချက်ချက်ငး လုပ်ပေးဖို့လိုတယ်” ဟု MATA အဖွဲ့ ကိုယ်စားလှယ် ကိုအောင်ကျော်မိုး က ပြောဆိုလိုက်သည်။
မြန်မာနိုင်ငံတွင် ကျောက်မီးသုံး လျှစပ်စစ်ထုတ်စက်ရုံ (၃) ရုံ ရှိသည့် အနက် တီကျစ် ကျောက်မီးသွေး သုံး လျှပ်စစ်ရုံသည် အကြီးဆုံးနှင့် ပထမဦးဆုံး လည်ပတ်သည့် စက်ရုံ တရုံဖြစ်ကြောင်း သိရသည်။







