မိုင်းခုတ် ကျောက်မီးသွေးစီမံကိန်း ဒေသခံများ အလိုမရှိကြောင်း ဆုတောင်းပွဲပြုလုပ် ဆန္ဒထုတ်ဖော်

မိုင်းခုတ် ကျောက်မီးသွေးစီမံကိန်း ဒေသခံများ အလိုမရှိကြောင်း ဆုတောင်းပွဲပြုလုပ် ဆန္ဒထုတ်ဖော်

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းခုတ်မြို့နယ် အတွင်း သဘာဝ ပတ်ဝန်းကျင်အား ထိခိုက်စေမည့် ကျောက်မီးသွေး တူးဖော်ရေးစီမံကိန်းအတွက် ဒေသခံပြည်သူများကန့်ကွက်သည့် အနေဖြင့် ဆုတောင်းပွဲ ပြုလုပ်ခဲ့ ကြောင်းသိရသည်။

ဆုတောင်းပွဲလုပ်ခြင်းဖြင့် ဆန္ဒထုတ်ဖော်မှု ကို မိုင်းခုတ်မြို့နယ် အတွင်း မိုင်းဖုန်းဆရာတော် တည်ထားသည့် စိုင်မိန်းဓာတ်တော် စေတီတော်တွင် အောက်တိုဘာ ၂၂ ရက်နေ့က ပြုလုပ်ခဲ့ ပါသည်။

ကျောက်မီးသွေး စီမံကိန်းကြောင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးခြင်း ကို ကာကွယ်သည့် အနေဖြင့် မိမိတို့ယုံကြည် ကိုးကွယ်သည့် ဘာသာဓလေ့ ရိုးရာ ဆုတောင်းခြင်း ဖြစ်ကြောင်း မိုင်းခုတ်မြို့ ခံ ဦးစိုင်းလုံ က ပြောသည်။

“ ကျနော်တို့ ဆုတောင်းပွဲပြုလုပ်ရခြင်း ကတော့ ဘေးအန္တရာယ် ဝေးကွာစေဖို့နဲ့ ကျောက် မီးသွေးတွေကို မူလအတိုင်းဆက်လက်တည်ရှိစေဖို့ဘဲ ဖြစ်ပါတယ်။ ကျောက်မီးသွေးတူးရင်ကျနော်တို့ရဲ့ လုပ်ကိုင်စားသောက်မယ့်မြေနေရာ၊ သစ်တောနဲ့ မြစ်ရေတွေ ပျက်စီးသွားမှာမို့လို့ပါ။ ” ဟု ဦးစိုင်းလုံ က ပြောပါသည်။

မိုင်းခုတ်မြို့နယ် အတွင်း ကျောက်မီးသွေး များအား ထိုင်းနိုင်ငံ SAHAKOL EQUIPMENT (SQ) Co. Ltd နှင့် မြန်မာနိုင်ငံရှိ GOLDEN LAKE Co.Ltd ကုမ္ပဏီတို့ ပူးပေါင်းပြီး ကျောက်မီးသွေးတူးဖော်ရေးအတွက် ထိုင်းဘတ်သန်း ၃၀၀ ဖြင့် ရင်းနှီးမြုပ်နှံထားကြောင်း သျှမ်းလူ့အခွင့်အရေး မဏ္ဍိုင်၏ စစ်တမ်းအရ သိရသည်။

ထိုင်း ကုမ္ပဏီမှ ရ၀ ရာခိုင်နှုန်း၊ (Golden Lake)ရွှေရေကန်ကုမ္ပဏီက ၃၀ ရာခိုင်းနှုန်းဖြင့် ရယူကြမည်ဖြစ်ပြီး တနှစ်လျှင်ကျောက်မီးသွေး တန်ပေါင်း ၃၀၀,၀၀၀ ရရှိအောင် တူးဖော် ကြမည် ဟုလည်း သိရသည်။

ထိုင်း-မြန်မာ ပူးပေါင်း ကုမ္ပဏီ သည် မိုင်းခုတ်တွင်ကျောက်မီးသွေး တူးဖော်ရန် စက်ယန္တရားများနှင့် လုပ်ငန်းခွင် သုံးမြေသိမ်းကား၊ မြေတူးစက် များ သယ်ဆောင်ထားရှိပြီးဖြစ်ကြောင်းလည်း ဒေသခံများ ပြောပြချက် အရသိရသည်။

ယခုနှစ်အောက်တိုဘာ ၂၅ ရက်နေ့က မိုင်းခုတ်မြို့ အနီး ကျောက်မီးသွေး စတင် အစမ်းသဘောဖြင့် ၃၂၀၀ ဧက တူးဖော်မည် ဖြစ်ကြောင်း ထိုင်း-မြန်မာ ပူးပေါင်း ကုမ္ပဏီ မှ တာဝန်ရှိသူများက ဒေသခံများကို လာရောက် ပြောဆိုခဲ့ကြောင်း သျှမ်းလူ့အခွင့်အရေး မဏ္ဍိုင် ၏ ထုတ်ပြန်ချက် အရသိရသည်။

“ ကျောက်မီးသွေးတူးဖော်ရင် သဘာဝတွေ ပျက်စီးတယ်။ဒေသခံတွေ က သဘာဝကို မှီတင်းပြီး လုပ်ကိုင်စားသောက်နေရတော့ စိုက်ပျိုးရေး ခက်လာမယ်။ နောက်ဆုံး နေရာပြောင်းရမယ်။ နေရာသစ်က ဘယ်မှာသွားနေရမလဲ ဒါတွေကိုဘယ်သူတာဝန်ယူမလဲ” ဟု သျှမ်းလူ့အခွင့်အရေး မဏ္ဍိုင်မှ ပြောရေးဆိုခွင့်ရှိသူ စိုင်းဟော်ရှဲန် က ပြောသည်။

ကျောက်မီးသွေး တူးဖော်ခြင်း၊ ကျောက်မီးသွေး စက်ရုံတည်ဆောက်ခြင်းတို့ကြောင့် ဒေသခံပြည်သူများ ကျန်းမာရေး ထိခို်က်နိုင်ကြောင်းလည်း စိုင်းဟော်ရှဲန် က ပြောသည်။

“ ကျောက်မီးသွေး တူးဖော်တာ ပြည်သူတွေအတွက် ကောင်းကျိုး၊ဆိုးကျိုး ဘာတွေရှိလဲ။ ကျနော်တို့ပြည်သူတွေက အသိပညာနည်းတယ်။ မသိကြဘူး။ ကျောက်မီးသွေး လုပ်နေတာ လုံးဝ ရပ်ဖို့ ကျနော်တို့လုပ်ရမယ်” ဟု စိုင်းဟော်ရှဲန် က ဖြည့်စွက််ပြောကြားသည်။

လွန်ခဲ့သည့် ၂ နှစ်ကျော်ကလည်း မိုင်းဆတ်မြို့နယ် မိုင်းခုတ်ကျေးရွာ အတွင်း ကျောက်မီးသွေး တူးဖော်ရန်နှင့် ပတ်သက်ပြီး ဒေသခံများလက်မှတ်ရေးထိုးကာ သက်ဆိုင်ရာသို့ စာတင်ခဲ့ဖူးကြောင်း သိရသည်။

အဆိုပါစီမံကိန်းအား မိုင်းခုတ်ဒေသခံများသာမက မိုင်းခုတ်ချောင်းတလျှောက်နေ သျှမ်းပြည်အရှေ့ပိုင်းနှင့် ထိုင်းနိုင်ငံမြောက်ပိုင်းမှ ဒေသခံလူထုများက အလိုမရှိကြောင်းလည်း ဆန့်ကျင်ကန့်ကွက်ဆန္ဒပြခဲ့ဖူးသည်။

May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...