တပ်နေရာချထားရေးနှင့် ကြားနေစောင့်ကြည့်ရေး အဖွဲ့ဖွဲ့စည်းရေးတို့မှာ အပစ်ရပ် လက်မှတ်ရေးထိုးရေးအတွက် အဓိက အခက်အခဲဟု မြောက်ပိုင်း မဟာမိတ်ပြော

တပ်နေရာချထားရေးနှင့် ကြားနေစောင့်ကြည့်ရေး အဖွဲ့ဖွဲ့စည်းရေးတို့မှာ အပစ်ရပ် လက်မှတ်ရေးထိုးရေးအတွက် အဓိက အခက်အခဲဟု မြောက်ပိုင်း မဟာမိတ်ပြော

မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၄ ဖွဲ့နှင့် အစိုးရ၊ တပ်မတော်တို့ ပဏာမ အပစ်ရပ်စာချုပ် Bilateral လက်မှတ် ရေး ထိုးနိုင်ရန် တစ်ဆို့နေသည့် အဓိက အခက်အခဲမှာ တပ်နေရာချထားရေးကိစ္စရပ်နှင့် လက်မှတ်ရေး ထိုးပြီးပါက ပဋိပက္ခဖြေ ရှင်းရာတွင် ကြားနေစောင့်ကြည့်မည့် အဖွဲ့ဖွဲ့စည်းရေးတို့ဖြစ်သည်ဟု မြောက်ပိုင်း မဟာမိတ် အဖွဲ့က ပြောသည်။

မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့မှ တစ်ဖွဲ့ဖြစ်သည့် တအန်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က “အထူးသဖြင့်ကတော့ အချက် ၂ ချက်ပေါ့နော တပ်ပိုင်းဆိုင်ရာ အချက်နဲ့ တိုက်ပွဲ ကြားဝင်ဖြေရှင်းရေး အဖွဲ့ပေါ့နော။ ဒီတရုတ်နိုင်ငံပါဝင်မှု ကိစ္စရယ်။ အဲဒါက အဓိကကျတယ်” ဟုပြောသည်။

အစိုးရ၊ တပ်မတော်ဖက်မှ နယ်မြေပိုင်းခြားရေးကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံ နယ်နိမိတ်တွင်း ဖြစ်သည့် အတွက် နယ်မြေပိုင်းခြား သတ်မှတ်စရာ မလိုကြောင်းပြောသည်ဟု PSLF/TNLA က ဆိုသည်။

“အခုလက်မှတ်ထိုးပြီးသား အဖွဲ့တွေလည်းရှိတယ်။ ပြောမယ်ဆိုရင် NCA ထိုးတဲ့အဖွဲ့တွေရှိတယ် နောက်ပိုင်းမှာ တိုက်ပွဲပြန်ဖြစ်တာပေါ့နော အဲဒါကြောင့်မို့ ဒီကြားမှာ ဘယ်သူက လိုက်ပြီးတော့ ဖြေရှင်းပေးမလဲဆိုတာ အဲဟာ ကို မရှင်းဘူးဖြစ်နေတယ်။ အဲဒါကြောင့်မို့ ကျနော်တို့ အဲဟာတွေ ကျနော်တို့က လိုချင်တယ်။ စောစောပြောတဲ့ နယ်မြေပိုင်းခြားမှု မရှိတော့တဲ့အတွက် အခြားတိုက်ပွဲပြန်ဖြစ်တာတွေရှိတယ်” ဟု ဗိုလ်မှူးမိုင်းအိုက် ကျော်က ပြောသည်။

ထို့အပြင် တိုက်ပွဲများမှာ တရုတ်-မြန်မာ နိုင်ငံနယ်စပ်မျဉ်းတစ်လျှောက် ဖြစ်ပွားနေသကဲ့သို့ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်စဉ်တွင်လည်း တရုတ်နိုင်ငံ အနေဖြင့် ထဲထဲဝင်ဝင် လုပ်ဆောင်နေသည့်အတွက် အပစ်ရပ်ပြီး ပဋိပက္ခဖြစ်လာပါက ကြားနေ စောင့်ကြည်ရေး ကော်မတီတွင် တရုတ်နိုင်ငံကို ထည့်သွင်းရန် မဟာမိတ် ၄ ဖွဲ့ဘက်မှ အဆိုပြုသည့်အခါတွင်လည်း ပြေလည်မှု မရရှိခဲ့ဟု PSLF/TNLA က ပြောသည်။

ဗိုလ်မှူမိုင်းအိုက်ကျော်က “အထူးသဖြင့်ကတော့ သူတို့က တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ပါဝင်တာကို မလိုလားဘူး။ တရုတ် နိုင်ငံမထည့် ချင်ရင်တောင်မှ အသိသက်သေဆိုတဲ့ စကားလုံးပေါ့ နိုင်ငံအနေနဲ့ မထည့်ချင် ရင်တောင်မှ အသိသက်သေမှာ လက်မှတ်ထိုးတဲ့ အားလုံးကို ပူးတွဲစောင့်ကြည့်ရေး ကော်မတီထည့်ဖို့ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ မဟုတ်ရင်တောင်မှ ကျနော်တို့က ကြားဝင်ညှိနှိုင်း စေ့စပ်ရေးပေါ့ အဲလိုမျိုးပုံစံနဲ့ သုံးရင် ရမလား။ အဲဒါကျ တော့ ဒီတပ်ဖက်ကျတော့ သူက သူ့ဆီမှာ မန်းဒိတ် မပါလာဘူး” ဟု ပြောသည်။

ထို့အပြင် လက်မှတ်ရေးထိုးရေးနှင့် ပတ်သက်သည့် မြောက်ပိုင်း မဟာမိတ် အဖွဲ့က တစ်နေရာတည်း တစ်ချိန် တည်း တစ်ပြိုင်တည်း လက်မှတ်ရေးထိုးရန် ယခင်က အဆိုပြုထားချက်နှင့် တပ်မတော်ဖက်မှ ပြန်လည် ဆွေး နွေးလာသည့်အချက်များမှာ ကွာဟမှုများရှိနေသည်ဟု မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင်ဖြစ်သည့် ကချင်လွတ် လပ်ရေးအဖွဲ့ KIO/KIA က ပြောသည်။

“အဓိကကတော့ လက်မှတ်ထိုးတဲ့ ပုံစံမှာ ကွာဟမှု ရှိတယ်လို့ ပြောလို့ရတယ်။ ခုနပြောသလို တပ်မတော်က ယာယီ ပစ်ခတ် ရပ်စဲရေး လက်မှတ်ထိုးချင်တာ ဒီတိုင်းရင်းသားတွေကတော့ (နှစ်ဦးနှစ်ဘက် ) ဘိုင်လယ်ထရယ် လက်မှတ်ထိုး ချင်တာ အဲဒါက အဓိက ကွာဟချက်တွေပါ။ ကျနော်တို့ ဘိုင်လယ်ထရယ် ထိုးပြီဆိုတော့ စစ်ရှောင်ပြည်သူ လူထု တွေ အကြောင်းတွေ ကိုလည်း ကျနော်တို့ ဆွေးနွေး ရမှာ ဖြစ်ပါတယ်။ စစ်ရှောင်ပြည်သူလူထုတွေက လည်း ကိုယ့်နေရာကို ပြန်ရမှာ ဖြစ်ပါတယ်။ ယာယီအ ပစ်ခတ်ရပ်စဲရေး လက်မှတ်နဲ့တော့ အဲဒါတွေက ဆက်လုပ်လို့ တော့ မရဘူးဖြစ်နေတာ” ဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ က ပြောသည်။

တအန်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA က ဗိုလ်မှူးမိုင်းအိုက်ကျော်ကလည်း “တပ်ဖက်က ပြောတဲ့ ပုံစံက ဥပမာ ၄ ဖွဲ့ရှိတယ်။ ၄ ဖွဲ့ရှိတဲ့ထဲမှာ တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်တွေက တစ်ဖွဲ့ချင်း စီပဲတွေ့နိုင်တယ်။ ၄ ဖွဲ့လုံးနဲ့ မတွေ့နိုင်ဘူး အဲလိုမျိုး ပြန်ပြောလာတယ်” ဟု ပြောသည်။

ထို့ကြောင့် အဆိုပါကွဲလွဲမှုများကို သဘောတူညီမှု ရရှိရန် မြောက်ပိုင်း မဟာမိတ် အဖွဲ့အနေဖြင့် ဆက်လက် ဆွေးနွေးသွားမည်ဟု မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင်များက ပြောသည်။

မြောက်ပိုင်း မဟာမိတ် အဖွဲ့ ၄ ဖွဲ့ နှင့် အစိုးရ၊ တပ်မတော်တို့ ပြီးခဲ့သည့် စက်တင်ဘာလ ၁၇ ရက်နေ့က ရှမ်း ပြည်နယ် ကျိုင်းတုံမြို့တွင် ပဏာမအပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးနိုင်ရန် တွေ့ဆုံဆွေးနွေးခဲ့သည့် အချိန်က အဆိုပါ အကြောင်းအရာများကို ထည့်သွင်းဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ထိုဆွေးနွေးပွဲတွင် အချက် ၇ ချက်ကို သဘောတူညီခဲ့ကြသော်လည်း အပစ်ရပ် လက်မှတ်ရေးထိုးနိုင်ရန် အပြီး သတ် သဘောတူညီမှု မရရှိခဲ့ပေ။

မြောက်ပိုင်း မဟာမိတ် အဖွဲ့ ၄ ဖွဲ့နှင့် အစိုးရ၊ တပ်မတော်တို့ သဘောတူညီခဲ့သည့် အချက် ၇ ချက်မှာ Bilateral လက်မှတ်ရေးထိုးရေးနှင့် လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများ လုံးဝချုပ်ငြိမ်းသွားရေး ဆက်လက်ဆွေးနွေးရန်၊ တပ်နေရာချထားရေး တိုက်ပွဲများ ထပ်မံမဖြစ်ပွားရေး နှစ်ဖက်လိုက်နာရမည့် စည်းမျဉ်းစည်းများကို တပ်မ တော်နှင့် ဆက်လက်ဆွေးနွေးရန်၊ တိုက်ပွဲမဖြစ်ပွားအောင် ဆက်သွယ်နိုင်ရေးအတွက် ဆက်ဆံရေးရုံးများ ထားရှိရန်၊ NCA လက်မှတ်ရေးထိုးနိုင်ရေး နှစ်ဖက်လက်ခံနိုင်သည့် လုပ်ငန်းစဉ်ကို ဆွေးနွေးရန်၊ နေရပ်စွန့်ခွာ တိမ်းရှောင်သူများ ပြန်လည်နေရာချထားရေး ပြန်လည်ထူထောင်ရေးကိစ္စ ဆက်လက်ဆွေးနွေးရန် တို့ဖြစ်သည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် အစိုးရ၊တပ်မတော်တို့၏ ဆွေးနွေးပွဲတွင် ကြိုတင်သတ်မှတ်ချက်တွေကြောင့် ကွာဟချက်တွေ ရှိနေသည့်အတွက် ဆက်လက်ဆွေးနွေး အဖြေရှာရန်လိုသည်ဟု ကချင်ငြိမ်းချမ်းရေး အကျိုး တော်အဖွဲ့ PCG မှ ဦးဆမ်အောင်က ပြောသည်။

“အဲဒါကတော့ ဘယ်လိုဖြစ်ရမယ် ဘယ်လိုနေရ မလဲ ဘယ်လိုထိုင်ရမလဲ ဆိုတာ အစိုးရဖက်ကတော့ သတ် မှတ် ချက်တွေ ရှိတာပေါ့နော အဲဒါတွေကပြီးမှ ဆွေးနွေးရင် ကြာတယ်ဆိုတယ်ဆိုပြီး လက်နက်ကိုင် တွေဖက်က ကြို တင် စည်းကမ်းသတ်မှတ်ချက်တွေ မရှိပဲနဲ့ အပစ်ရပ်လက်မှတ် အရင်ထိုးမယ်ဆိုတဲ့ အနေအထားမျိုး အဲဒါကို ကွာဟမှု မရှိအောင် ဆွေးနွေးပြီးမှ ဖြစ်မယ့် သဘောရှိမယ်”

ထို့အပြင် အောက်တိုဘာလတွင် နောက်ထပ်တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ရန် နှစ်ဖက်ကိုယ်စားလှယ်များက သ ဘောတူညီထားသော်လည်း အစိုးရဖက်မှ တာဝန်ရှိသူများ မအားလပ်သည့်အတွက် သီတင်းကျွတ်ပြီး နောက် ပိုင်းမှသာ တွေ့ဆုံဆွေးနွေးမည့် နေရာနှင့် အချိန်ကို ဆက်လက်ညှိနှိုင်းမည့် သဘောရှိသည်ဟု ဦးဆမ်အောင်က ပြောသည်။

အစိုးရ၊ တပ်မတော်နှင့် Bilateral အပစ်ရပ်စာချုပ် ချုပ်ဆိုနိုင်ရန် ညှိနှိုင်းလျက်ရှိသည့် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့မှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA၊ ရက္ခိုင့်တပ်တော် ULA/AA၊ မြန်မာအမျိုးသားများ ဒီမိုကရက်တစ် တပ်ပေါင်းစု တပ်မတော် (MNTJP/ MNDAA- ကိုးကန့်အဖွဲ့)၊ တအန်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/ TNLA တို့ ဖြစ်ကြသည်။

၎င်းမြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့သည့် မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC ၏ အဖွဲ့ဝင်များလည်းဖြစ်သည်။

Most read this week

February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...
February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...