မွန်ပြည်နယ် တပ်တွင်းမဲရုံများကို လွတ်လပ်စွာစောင့်ကြည့်နိုင်မည်ဟုဆို

မွန်ပြည်နယ် တပ်တွင်းမဲရုံများကို လွတ်လပ်စွာစောင့်ကြည့်နိုင်မည်ဟုဆို
Photo- တပ်တွင်းမဲရုံ၌ တပ်မတော်သားတစ်ဦး မဲဆန္ဒပေးရန်ပုံစံဖြည့်စွက်နေစဉ်(VOA)
Photo- တပ်တွင်းမဲရုံ၌ တပ်မတော်သားတစ်ဦး မဲဆန္ဒပေးရန်ပုံစံဖြည့်စွက်နေစဉ်(VOA)

၂၀၂၀ ရွေးကောက်ပွဲတွင် မွန်ပြည်နယ်ရှိ တပ်တွင်းမဲရုံများကို လွတ်လပ်စွာစောင့်ကြည့်ခွင့်ပေးထားသည်ဟု မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးထံမှ သိရသည်။

လာမည့် ရွေးကောက်ပွဲအတွက် အခြေခံမဲစာရင်းပြုစုရေး စီမံချက်အရ မွန်ပြည်နယ်တွင် စက်တင်ဘာလကုန်အထိ မဲစာရင်း ၁၇ သိန်း ၂ သောင်းကျော် ကောက်ခံရရှိထားပြီး တပ်မတော်သားများနှင့် အတူနေအိမ်ထောင်စုဝင်များ မပါဝင်သေးဟု ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ၊ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က ပြောသည်။

“မဲရုံသွားတဲ့လမ်းကို free ပေးထားတယ် ဆိုတော့ စောင့်ကြည့်လေ့လာတဲ့အဖွဲ့တွေကလည်း free စောင့်ကြည့်လေ့လာလို့ရတယ် တပ်တွင်းမဲရုံကော အပြင်မဲရုံကော ရပ်ကွက်ရုံးချင်းအတူတူပဲ သွားကြည့်လို့ရတယ် အဲဒါကိုလည်း သက်ဆိုင်ရာ တပ်ဌာနချုပ်တွေနဲ့အကုန်လုံးပြောပြီးသား အဲ့မှာ မီဒီယာတွေကော စောင့်ကြည့်သူတွေကော မဲရုံကိုယ်စားလှယ်ကော သွားစောင့်ကြည့်လို့ရတယ် အဲဒီတော့ ကန့်သတ်ထားတာ ဘာမှမရှိဘူး” ဟု ၎င်းကဆက်ပြောသည်။

ရွေးကောက်ပွဲနည်းဥပဒေတွင်  တပ်မတော်သားများနှင့် အတူနေအိမ်ထောင်စုဝင်များ၏ အမည်စာရင်းကို သက်ဆိုင်ရာ တပ်မှူး၏ အကူအညီဖြင့် ယင်းတို့၏ တပ်ရင်းဌာနချုပ်တည်ရှိရာ ရပ်ကျေးမဲစာရင်းတွင် ထည့်သွင်းရမည်ဟု ပါရှိသည်။

တပ်တွင်းမဲရုံများသည် များသောအားဖြင့် ပညာရေးဌာနအောက်ရှိ စာသင်ကျောင်းများဖြစ်ကြောင်း၊ သို့သော်လည်း ခွင့်ပြုထားသည့် မဲရုံသွားသည့်လမ်းကြောင်းကို အသုံးပြုရန်လိုပြီး ဗဟိုကင်း လက်နက်တိုက် စသဖြင့် ကန့်သတ်ထားသောနေရာများကိုမူ သွားခွင့်မရှိကြောင်း ဦးဟိဏ်းလင်းထက်က ဆိုသည်။

တပ်မတော်သားများနှင့် အတူနေမိသားစုဝင်များ၏ အမည်စာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားသည့်အချိန်တွင် ပြုစုသွားမည်ဖြစ်ကြောင်း ဦးဟိဏ်းလင်းထက်က ပြောသည်။

သို့ရာတွင် မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး(၁) နိုင်လယိတမက “တပ်မိသားစုအတွက် မဲရုံသက်သက်ဆိုတာက မရှိသင့်ဘူးလေ တပ်မိသားစုဝင်မဲဆန္ဒရှင်တွေကလည်း သူလည်းသက်ဆိုင်ရာ ကျေးရွာအုပ်စုအတွင်းမှာ ရှိနေတဲ့ မဲဆန္ဒရှင်တွေဖြစ်တဲ့အတွက် သူ့ရဲမဲဆန္ဒစာရင်းဟာ သက်ဆိုင်ရာ ကျေးရွာအုပ်စုထဲမှာပဲ ပါသင့်တာပေါ့ သူ့ကို တပ်အတွက်မဲရုံသီးခြားထားတာက သိပ်ပြီးတော့ ပွင့်လင်းမြင်သာမှုမရှိသလိုဖြစ်နေတယ်” ဟု ပြောသည်။

ထို့ကြောင့် တပ်မတော်သားနှင့် မိသားစုဝင်များသည် ရပ်ရွာထဲရှိ ပြည်သူများနှင့် မဲရုံတစ်ခုတည်း အတူတူမဲပေးသည့်စနစ်ကို ဖြစ်စေချင်ကြောင်း ၎င်းကထောက်ပြသည်။

ထို့အတူ ရွေးကောက်ပွဲဥပဒေအရ တပ်မတော်သားနှင့် တပ်မိသားစုဝင်များ၏ မဲစာရင်းမှာ ရပ်ကွက်မဲစာရင်းတွင်သာ ပါရှိရမည်ဖြစ်ပြီး မဲရုံများကိုတပ်တွင်ထားရှိရန် ရွေးကောက်ပွဲဥပဒေတွင် မပါရှိကြောင်း၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကာလက ညှိနှိုင်းခဲ့သော်လည်း ပြေလည်မှု မရခဲ့ကြောင်း၊ အငြင်းပွားဖွယ်ဖြစ်နေသည့် တပ်တွင်းမဲရုံများ ထားရှိမှုကိစ္စကို ၂၀၂၀ ရွေးကောက်ပွဲ မတိုင်ခင်တွင် တပ်မတော်ခေါင်းဆောင်များနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ပြောသည်။

မွန်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲ၌ မဲရုံပေါင်း ၉၁၉ ရုံရှိပြီး တပ်တွင်းမဲရုံ ၄၉ ရုံ ရှိခဲ့သည်ဟု ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးထံမှသိရသည်။

December 19, 2025
တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ က...
December 18, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင် ဌာနဆိုင်ရာရုံးများကို တော်လှန်ရေး...
Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...