မွန်ပြည်နယ်တွင် မိုဘိုင်းစနစ်ဖြင့် မွေး၊ သေ မှတ်ပုံတင်ခြင်းကို ပထမဆုံးစတင်အကောင်ထည်ဖော်နေပြီ

မွန်ပြည်နယ်တွင် မိုဘိုင်းစနစ်ဖြင့် မွေး၊ သေ မှတ်ပုံတင်ခြင်းကို ပထမဆုံးစတင်အကောင်ထည်ဖော်နေပြီ
အခမ်းအနားတွင် မွေးစာရင်း ချက်ချင်းထုတ်ပေးနေသောပုံ(MNA)
အခမ်းအနားတွင် မွေးစာရင်း ချက်ချင်းထုတ်ပေးနေသောပုံ(MNA)

မွန်ပြည်နယ်တွင် မိုဘိုင်းစနစ်ဖြင့် မွေး၊ သေ မှတ်ပုံတင်ခြင်းကို ပထမဆုံး စတင်အကောင်ထည်ဖော်နေပြီဖြစ်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဒုတိယဝန်ကြီး ဦးတင်မြင့်က ပြောကြားသည်။

မော်လမြိုင်မြို့၊ ရိုင်ရယ်ဟင်္သာဟိုတယ်တွင် အောက်တိုဘာ ၃ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုသော "မွန်ပြည်နယ်အတွင်း Mobile Tablet ဖြင့် မွေးဖွားမှုနှင့် သေဆုံးမှု မှတ်ပုံတင်ခြင်း နည်းပညာဆိုင်ရာ အသိပေးခြင်း" အခမ်းအနားအပြီးတွင် သတင်းမီဒီယာများကို ပြောကြားခဲ့ခြင်းဖြစ်သည်။

"မွန်ပြည်နယ်က အေးချမ်းတယ် ငြိမ်းချမ်းတယ်၊ နောက်ပြီး မွန်က ပြည်သူတွေက အရမ်းတက်ကြွတယ်၊ ပူးပေါင်းပါဝင်မှုအားကောင်းတဲ့အတွက် ရွေးချယ်ခဲ့တာပါ"ဟု ဦးတင်မြင့်က ဆိုသည်။

မွန်ပြည်နယ်တွင် စတင်ဆောင်ရွက်ခြင်းမှ ရရှိသော အောင်မြင်မှုများကို အခြေခံပြီး မြန်မာနိုင်ငံ တစ်နိုင်ငံလုံးအတိုင်းအတာထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး အားနည်းချက်၊ အားသာချက်များကို စနစ်တကျ စာရင်းပြုစုသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ပဋိပက္ခဖြစ်နေသည့် ဒေသများမှ လွဲ၍ ကျန်သည့် ပြည်နယ်နှင့် တိုင်းအသီးသီးတွင် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မွေးဖွားသမျှ၊ သေဆုံးသမျှကို စာရင်းတိတိကျကျဖြင့် လက်လှမ်းမီစေရန် ဆောင်ရွက်နေပြီး"Leave no one behind" "တစ်ဦးတစ်ယောက်မျှ ချန်ထားခြင်းမရှိ"ဟူသော ဆောင်ပုဒ်ဖြင့် ပံ့ပိုးကူညီသွားမည်ဖြစ်သည်။

မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါက်တာထွန်းအောင်ကြည်က "အရင်ကကျတော့ မွေး၊သေ မှတ်ပုံတင်စာရင်းတွေက စာရွက်တွေနဲ့ဆိုတော့ ထိန်းသိမ်းရတာခက်တာပေါ့၊ အခုက Mobile Tablet တွေနဲ့ဆိုတော့ ထိန်းသိမ်းရတာလည်း လွယ်ကူတယ်၊ အချက်အလက်တွေကိုလည်း တိတိကျကျ ထိန်းသိမ်းနိုင်တာပေါ့"ဟု ပြောသည်။

သားဖွားဆရာမများသည် Mobile Tablet ဖြင့် မွေး၊ သေ မှတ်ပုံတင်ခြင်းဆိုင်ရာ အချက်အလက်များကို ဖြည့်စွက်ကာ အွန်လိုင်းမှတစ်ဆင့် သက်ဆိုင်ရာ မြို့နယ်ကျန်းမာရေးဌာနသို့ ပေးပို့ရမည်ဖြစ်ပြီး မြို့နယ်ဆရာဝန်ကြီး လက်မှတ်ထိုးပြီးပါက မွေး၊သေ မှတ်ပုံတင်စာရင်းကို ထုတ်ယူနိုင်မည်ဖြစ်သည်။

မွန်ပြည်နယ်တွင် မိုဘိုင်းစနစ်ဖြင့် မွေး၊ သေ မှတ်ပုံတင်ခြင်းကို စတင်အကောင်ထည်ဖော်ရန် Mobile Tablet အလုံး ၁၀၀၀ ကျော် ချထားပေးပြီးဖြစ်ကြောင်း သိရသည်။

March 9, 2026
မွန်ပြည်နယ်ရှိ ပြည်နယ်အဆင့် လူမှုကူညီရေးအသင်းများ ဘဏ်စာရင်းအတွင်း မတည်ငွေကျပ်သိန်း ၅၀၀...
March 7, 2026
“၂ နှစ်ပြည့်ရင် အိမ်ပြန်ခွင့်ရပြီ။ ၂ နှစ်ပြည့်တဲ့နေ့ကို စောင့်နေတာ” ဒါကတော့ မကြာခင်ကမှ...
March 6, 2026
အရပ်သားပြည်သူများကို ပိုမိုဆိုးရွားစွာ စောင့်ကြည့်နိုင်ရန် ဗဟိုမိုဘိုင်းလ်စက်ပစ္စည်း သက်သေခံ...
March 5, 2026
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းကို ဖွင့်လှစ်နိုင်ရေး စစ်ကော်မရှင်ဘက်မှ...