မွန်ပြည်နယ်အစိုးရအဖွဲ့တင်ဒါမခေါ်ဘဲ ငွေကျပ် ၁၀ သန်းကျော်လုပ်ငန်း ၅ ခုဆောင်ရွက်ခဲ့ကြောင်း ပြည်နယ်စာရင်းစစ်ချုပ်တင်ပြ

မွန်ပြည်နယ်အစိုးရအဖွဲ့တင်ဒါမခေါ်ဘဲ ငွေကျပ် ၁၀ သန်းကျော်လုပ်ငန်း ၅ ခုဆောင်ရွက်ခဲ့ကြောင်း ပြည်နယ်စာရင်းစစ်ချုပ်တင်ပြ

မွန်ပြည်နယ်အစိုးရအဖွဲ့သည် ၂၀၁၈ ခုနှစ်ဧပြီလမှ စက်တင်ဘာလအထိ Mini Budget ကာလတွင် ငွေကျပ် ၁၀ သန်းကျော်သောလုပ်ငန်း ၅ ခုကို တင်ဒါမခေါ်ယူဘဲဆောင်ရွက်ခဲ့ကြောင်း မွန်ပြည်နယ်စာရင်းစစ်ချုပ်က ပြည်နယ်လွှတ်တော်အစည်းအဝေး၌ တင်ပြခဲ့သည်။

နိုင်ငံတော်သမ္မတ ညွှန်ကြားချက် တင်ဒါလုပ်ထုံးလုပ်နည်း ၁/၂၀၁၇ အရ ငွေကျပ် ၁၀ သန်းနှင့်အထက်လုပ်ငန်းများကို တင်ဒါခေါ်ရမည်ဖြစ်သော်လည်း အဆိုပါလုပ်ငန်း ၅ ခုကို တင်ဒါမခေါ်ဘဲ ဆောင်ရွက်ခဲ့ကြောင်း မွန်ပြည်နယ်စာရင်းစစ်ချုပ် ဒေါ်သိန်းသိန်းဦးက တင်ပြခဲ့ခြင်းဖြစ်သည်။

"လုပ်ငန်း (၅) ခုစလုံးမှာ ကျပ်သန်း (၁၀) ကျော်သော်လည်း တင်ဒါခေါ်ယူဆောင်ရွက်ခြင်းမရှိခဲ့ပါ။ လုပ်ငန်း ၃ ခုကို ပြည်နယ်အစိုးရအဖွဲ့ခွင့်ပြုချက်နဲ့ ကျေးလက်လမ်းဦးစီးဌာနက ဆောင်ရွက်ထားကြောင်း တွေ့ရှိရပါတယ်” ဟု ဒေါ်သိန်းသိန်းဦးက ဆိုသည်။

တင်ဒါမခေါ်ယူဘဲဆောင်ရွက်သောလုပ်ငန်း (၅) ခုအနက် ရေးမြို့နယ်ရှိ အောင်သပြေ - နှစ်ကရင် ကွန်ကရစ်ခင်းခြင်းနှင့် ပေါင်မြို့နယ်ရှိ ညောင်ကုန်ကြီး - ထန်းပင်ချောင်းလေးလမ်း ကတ္တရာခင်းခြင်းအတွက် ကုမ္ပဏီ ၂ ခုကိုလုပ်ကိုင်ခွင့်ပေးခဲ့ပြီး ကျန်လုပ်ငန်း ၃ ခုကို ကျေးလက်လမ်းဦးစီးဌာနကို ဆောင်ရွက်စေခဲ့သည်ဟု ဆိုသည်။

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၄) ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် မွန်ပြည်နယ်၏ ၂၀၁၈ ခုနှစ်(ဧပြီလမှ စက်တင်ဘာလအထိ) အရအသုံးခန့်မှန်းခြေငွေစာရင်း စစ်ဆေးတွေ့ရှိချက်၊ ဝန်ကြီးဌာနတချို့၏ ထူးခြားသော စစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်းသော အစီရင်ခံစာအား မွန်ပြည်နယ်စာရင်းစစ်ချုပ်က မွန်ပြည်နယ်လွှတ်တော်သို့တင်ပြခဲ့ခြင်းဖြစ်သည်။

သို့သော် ကျိုက်ထီးရိုးအမှိုက်ဖျက်စက်တည်ဆောက်သည့်လုပ်ငန်းတွင် ပြည်နယ်စာရင်းစစ်ချုပ်၏တွေ့ရှိချက်နှင့် လွှတ်တော်မှရရှိထားသောအချက်အလက်များ ကွဲလွဲနေကြောင်း မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ ဒေါက်တာအောင်နိုင်ဦးက ထောက်ပြသည်။

“၂၀၁၈ ဘဏ္ဍာရေးနှစ်မှာ အစိုးရအဖွဲ့ရဲ့ ငွေလုံးငွေရင်းခေါင်းစဉ်အောက်မှာ ကျပ်သန်း ၄၀၀ ကျိုက်ထီးရိုးအမှိုက်ဖျက်ဆီးစက်တည်ဆောက်မယ်ဆိုတာ အသင့်ပါပြီးသား၊ ဒီနေရာမှာတော့ အစိုးရအဖွဲ့ ၂၄၂ သန်းနဲ့ ဘုရားဂေါပကရန်ပုံငွေက ၂၄၂ သန်းဆိုပြီးတော့ ဖော်ပြတာ ဒါကလွဲနေပြီလို့ ကျနော်ယူဆတယ်” ဟု ဒေါက်တာအောင်နိုင်ဦးက လွှတ်တော်အစည်းအဝေး၌ တင်ပြခဲ့သည်။

ပြည်နယ်စာရင်းစစ်ချုပ်၏အစီရင်ခံစာပါ တင်ဒါမခေါ်ဘဲ လုပ်ငန်း ၅ ခုဆောင်ရွက်ခဲ့သည့်အပေါ် မွန်ပြည်နယ်အစိုးရအဖွဲ့မှ တစ်စုံတစ်ရာပြန်လည်ချေပပြောဆိုခြင်းမရှိသလို ကောင်းမွန်သောအစီရင်ခံစာဖြစ်ကြောင်း အစိုးရဝန်ကြီးတစ်ဦးမှတ်ချက်ပြု၍ ပြည်နယ်လွှတ်တော်တွင် မှတ်တမ်းတင်ခဲ့သည်။

Photo- မွန်ပြည်နယ်စာရင်းစစ်ချုပ် လွှတ်တော်သို့အစီရင်ခံတင်ပြစဉ်(MNA)

May 23, 2026
စစ်တပ်၏ စစ်မှုထမ်းကင်းလွတ်ခွင့်ရရန်နှင့် အခြားအကျိုးစီးပွါးခံစားခွင့်များရရှိရန် ကရင်ပြည်နယ်၊...
May 22, 2026
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မုဒုံ-ဘုရားသုံးဆူ ကားလမ်းပိုင်းတွင် ဇမိမြစ်ရေ...
May 21, 2026
ထိုင်း-မြန်မာနယ်စပ်၊ တနင်္သာရီတိုင်း၊ မောတောင်မြို့ကို စစ်ကောင်စီအဖွဲ့များက ဒေသခံများကို...
May 20, 2026
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာမှ ရေလုပ်သားအဖွဲ့များ ငါးဖမ်းရာသီရပ်နားထားသဖြင့် ...