ဇင်းကျိုက်အကျဉ်းဦးစီးကျောက်ထုတ်စခန်း ကျောက်မိုင်းခွဲရာတွင် လူထိခိုက်ဒဏ်ရာရရှိမှုဖြစ်

ဇင်းကျိုက်အကျဉ်းဦးစီးကျောက်ထုတ်စခန်း ကျောက်မိုင်းခွဲရာတွင် လူထိခိုက်ဒဏ်ရာရရှိမှုဖြစ်

မွန်ပြည်နယ် ပေါင်မြို့နယ်အတွင်းရှိ ဇင်းကျိုက်အကျဉ်းဦးစီးဌာန ကျောက်ထုတ်စခန်းမှ ကျောက်မိုင်းခွဲရာတွင် ကျောက်စမှန်ပြီး လူထိခိုက်ဒဏ်ရာရရှိမှုဖြစ်ပေါ်ခဲ့ကြောင်း ပေါင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူးက ပြောသည်။

ယင်းသို့ ကျောက်မိုင်းခွဲရာတွင် ကျောက်တုံးများ လွင့်စင်ပြီး လူနေအိမ်ပေါ် ကျရောက်နေသည့်အပြင် ကျောက်စမှန်ပြီး ထိခိုက်ဒဏ်ရာရရှိနေသည့်အပေါ် မည်ကဲ့သို့ အရေးယူဆောင်ရွက်သွားမည်ကို စက်တင်ဘာ ၂၃ ရက်နေ့တွင် ကျင်းပခဲ့သည့် ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် (၁၄) ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် ပေါင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူးက မေးမြန်းခဲ့သည်။

“ဒေသခံတွေက သူတို့ပတ်ဝန်းကျင်မှာ ကျောက်တွေအမြဲကျနေတယ် သူတို့အတွက် အသက်အိုးအိမ်မလုံခြုံဘူးလို့ ခံစားနေရတယ်ဆိုပြီး ကျွန်တော့်ကို တင်ပြလာတယ်၊ တစ်လထဲမှာ ၂ ကြိမ်လောက် လူထိသွားတဲ့ အဖြစ်မျိုးတွေလည်းရှိတယ်၊ ဒါက လူ့အသက်အန္တရာယ်လည်း ထိခိုက်နိုင်တယ် ဒါကြောင့်မို့ ဒီမေးခွန်းကို မေးရတာဖြစ်တယ်”ဟု ဦးဇော်ဇော်ထူးက ပြောသည်။

ပြီးခဲ့သည့် အစိုးရသက်တမ်းတွင် ကျောက်မိုင်းခွဲရာမှ ကျောက်စမှန်သဖြင့် လူသေဆုံးသည်အထိ ရှိခဲ့ပြီး အရေးယူဆောင်ရွက်ထားသည့် မှတ်တမ်း မှတ်ရာများ မတွေ့ရကြောင်း ၎င်းက ဆိုသည်။

နေအိမ်ပေါ်သို့  ကျောက်စများ လွင့်စင်ကျရောက်မှုရှိနေသည့်အတွက် ကျောက်မိုင်းခွဲခြင်းကို စနစ်ပြောင်းပြီး လုပ်ဆောင်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက ဆိုသည်။

“နောက်ပိုင်း ဒီလိုမျိုး မဖြစ်အောင် ကြပ်မတ်ဆောင်ရွက်သွားပြီးတော့မှ အနီးဆုံးရှိတဲ့ ပြည်သူလူထုနဲ့ ညှိနှိုင်းတိုင်ပင်ပြီးတော့မှ အတတ်နိုင်ဆုံး အန္တရာယ်ကင်းအောင် ဆောင်ရွက်ပေးသွားပါ့မယ်၊ ဒီလိုဆောင်ရွက်ပြီးနောက်ပိုင်း ဖြစ်လာတဲ့ပြဿနာတွေကို ဥပဒေအရဆက်လက် အရေးယူဆောင်ရွက်ပေးသွားမယ်”ဟု ဗိုလ်မှူးကြီး နေထွဋ်ဦးက ပြောသည်။

လမ်းခင်းကျောက်ထုတ်လုပ်ခွင့်ကို မော်လမြိုင်တွင် ၂၇ နေရာ၊ သထုံခရိုင်တွင် ၆၄ နေရာရှိသည့်အနက် ပေါင်မြို့နယ်တွင် ကုလားမတောင်တန်း (ဇင်းကျိုက်တောင်) တစ်လျှောက်တွင် လမ်းခင်းကျောက် ထုတ်လုပ်နေသည့် လုပ်ငန်း ၂၀ ကျော်ရှိပြီ မွန်ပြည်နယ်တစ်ခုလုံးတွင် ပေါင်မြို့နယ်သည် လမ်းခင်းကျောက်အများဆုံး ထုတ်လုပ်နေသည့်နေရာ ဖြစ်သည်။

ထို့အတူ ပေါင်မြို့နယ်အတွင်း တောင်ပြိုကျနိုင်သည့်နေရာ ၂၁ ခု တွေ့ရှိထားကြောင်း စက်တင်ဘာလ ၁၉ ရက်က ကျင်းပပြုလုပ်သော ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ၁၄ ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ပထမနေ့)တွင် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးက ပြောသည်။

Most read this week

March 10, 2026
မွန်ပြည်နယ်တွင် စက်သုံးဆီဝယ်ယူမှုကို ယာဉ်အမျိုးအစားအလိုက်ကန့်သတ်ထားပြီး...
March 9, 2026
မွန်ပြည်နယ်ရှိ ပြည်နယ်အဆင့် လူမှုကူညီရေးအသင်းများ ဘဏ်စာရင်းအတွင်း မတည်ငွေကျပ်သိန်း ၅၀၀...
March 7, 2026
“၂ နှစ်ပြည့်ရင် အိမ်ပြန်ခွင့်ရပြီ။ ၂ နှစ်ပြည့်တဲ့နေ့ကို စောင့်နေတာ” ဒါကတော့ မကြာခင်ကမှ...
March 6, 2026
အရပ်သားပြည်သူများကို ပိုမိုဆိုးရွားစွာ စောင့်ကြည့်နိုင်ရန် ဗဟိုမိုဘိုင်းလ်စက်ပစ္စည်း သက်သေခံ...