ဖမ်းဆီးမိသော DKBA ခွဲထွက်အဖွဲ့ဝင် ၆ ဦးကို မွန်ပြည်သစ်ပါတီပြန်လွှတ်ပေးလိုက်ပြီ

ဖမ်းဆီးမိသော DKBA ခွဲထွက်အဖွဲ့ဝင် ၆ ဦးကို မွန်ပြည်သစ်ပါတီပြန်လွှတ်ပေးလိုက်ပြီ

မွန်ပြည်သစ်ပါတီ NMSP ဖမ်းဆီးမိခဲ့သော တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော်-DKBA ခွဲထွက်အဖွဲ့ဝင် ၆ ဦးကို ထိုင်း-မြန်မာနယ်စပ်တစ်နေရာ၌ ယမန်နေ့တွင် ပြန်လွှတ်ပေးလိုက်ပြီဖြစ်သည်။

မွန်ပြည်သစ်ပါတီ ပြောခွင့်ရပုဂ္ဂိုလ် နိုင်အောင်မငေးက “စက်တင်ဘာ ၁၇ ရက်နေ့မှာ သူတို့စခန်းကို ကျနော်တို့သွားရှင်းလင်းတော့ စောဆန်းအောင်တို့အဖွဲ့က လက်နက် ၅ လက်နဲ့ လူ ၆ ယောက်ကို ကျနော်တို့ ဖမ်းမိထားပါတယ်၊ အဲဒီလူတွေကို သွားချင်တဲ့နေရာသွားဆိုပြီး နယ်စပ်တစ်နေရာမှာမနေ့ကပဲ ကျနော်တို့ ပြန်လွှတ်ပေးလိုက်ပြီ” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

ဗိုလ်မှူး စောဆန်းအောင် ခေါင်းဆောင်သည့် DKBA ခွဲထွက်အဖွဲ့သည် ထိုင်း-မြန်မာနယ်စပ်တလျောက်ရှိ မွန်ပြည်သစ်ပါတီ အုပ်ချုပ်ရေးနယ်မြေသို့ မကြာမီလပိုင်းအတွင်းက ဝင်ရောက်အခြေစိုက်လာကြောင်း၊ မွန်ပြည်သစ်ပါတီ၏ တပ်ရင်းတပ်ဖွဲ့စခန်းဌာနများအနီးတဝိုက်တွင် DKBA စခန်းချနေထိုင်၍မရသည်ကို ပြီးခဲ့သည့် စက်တင်ဘာ ၆ ရက်နေ့နှင့် ၉ ရက်နေ့များက မွန်ပြည်သစ်ပါတီမှ သွားရောက်ရှင်းလင်းပြောကြားခဲ့သည်ကို လက်မခံကြောင်း နိုင်အောင်မငေးက ဆိုသည်။

“ကျနော်တို့ရဲ့ အုပ်ချုပ်မှုဂွင်ထဲမှာ စခန်းဌာနအနီးအနားမှာ ဒီလိုလာပြီးစခန်းချ နေလို့တော့မရပါဘူး၊ ဒီကနေ ဖယ်ထုတ်ပါ အမြန်ထွက်သွားပါလို့ သွား ပြောပါတယ်၊ ဒါကို သူတို့လက်မခံဘူး၊ လက်မခံတော့ ကျနော်တို့ဝင်ရောက်ရှင်းလင်းရမယ် ပြောတယ်၊ အဲဒါနဲ့ တပ်ပိုင်းက ဝင်ရှင်းတယ်၊ ထိုခိုက်ဒဏ်ရာတော့ ဘာမှမရှိကြပါဘူ့း” ဟု ၎င်းက ဆက်ပြောသည်။

ဗိုလ်မှူး စောဆန်းအောင်သို့ မွန်သတင်းအေဂျင်စီ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ရာတွင် ဧရိယာပြင်ပဖြစ်နေသည်။

DKBA (ခွဲထွက်) မှ ဗိုလ်ချုပ်စောကျော်သက်က “ကျနော်နဲ့ အလှမ်းဝေးတော့ အသေအချာတော့ မသိသေးဘူး။ ဒါပေမဲ့ ကျနော်သိသလောက်က ကျနော်တို့ဘက်လူတွေနဲ့ သူတို့ ထိုင်းဘက်ခြမ်းမှာ တွေ့ကြပြီး ကျနော်တို့ လူတွေ အပြန်မှာ သူတို့(NMSP)က လမ်းမှာစောင့်ဖမ်းပြီး ကျနော်တို့ နေရာကို လိုက်ပြခိုင်းတယ်။ လိုက်ပြခိုင်း ပြီး ကျနော်တို့ လူတွေကို တက်ပစ်တာပဲ။ သူတို့ပစ်တော့ ကျနော်တို့လည်း ပြန်ပစ်တာပေါ့။ ကျနော်တို့ လူ ၆ ယောက်ကို ဖမ်းမိ တယ်လို့တော့ ကြားတယ်” ဟု ယမန်နေ့တွင် ကရင်သတင်းစဉ် ကေအိုင်စီသို့ ပြောကြားခဲ့သည်။

တပ်မတော်နှင့် ကရင်နယ်ခြားစောင့်တပ် BGF တို့မှ နယ်မြေစိုးမိုးလာနိုင်သဖြင့် ဖားအံနှင့် လှိုင်းဘွဲမြို့နယ်များတွင်  DKBA ခွဲထွက်အဖွဲ့ရပ်တည်မရနိုင်သည့်အနေအထားသို့ဆိုက်ရောက်လာသောကြောင့် လွန်ခဲ့သည့် ၆ လကျော်ခန့်က ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူဒေသရှိ မွန်ပြည်သစ်ပါတီအုပ်ချုပ်ရေးနယ်မြေသို့ မသိမသာဝင်ရောက်လာနေကြောင်း နယ်စပ်စစ်ရေးစောင့်ကြည့်လေ့လာသူများက သုံးသပ်သည်။

ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့နှင့် မိဇိုင်းတောင်ဆရာတော် ဥူးစန္ဒာဝရတို့ ညှိနှိုင်းမှုဖြင့် DKBA ခွဲထွက်အဖွဲ့မှ စောတင်ဝင်း ဦးဆောင်၍ အင်အား ၄၅ ယောက် လက်နက်မျိုးစုံ ၂၉ လက်နှင့်အတူ ပြီးခဲ့သည့် ဇွန်လအတွင်းက အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးထံ လက်နက်ချအလင်းဝင်ခဲ့သည်။

Photo- မွန်ပြည်သစ်ပါတီတပ်ဖွဲ့များ၏ ရှေ့တန်တစ်နေရာ(NMSP)

Most read this week

March 10, 2026
မွန်ပြည်နယ်တွင် စက်သုံးဆီဝယ်ယူမှုကို ယာဉ်အမျိုးအစားအလိုက်ကန့်သတ်ထားပြီး...
March 9, 2026
မွန်ပြည်နယ်ရှိ ပြည်နယ်အဆင့် လူမှုကူညီရေးအသင်းများ ဘဏ်စာရင်းအတွင်း မတည်ငွေကျပ်သိန်း ၅၀၀...
March 7, 2026
“၂ နှစ်ပြည့်ရင် အိမ်ပြန်ခွင့်ရပြီ။ ၂ နှစ်ပြည့်တဲ့နေ့ကို စောင့်နေတာ” ဒါကတော့ မကြာခင်ကမှ...
March 6, 2026
အရပ်သားပြည်သူများကို ပိုမိုဆိုးရွားစွာ စောင့်ကြည့်နိုင်ရန် ဗဟိုမိုဘိုင်းလ်စက်ပစ္စည်း သက်သေခံ...