DKBA ခွဲထွက်အဖွဲ့ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေသို့ ဝင်ရောက်လာသဖြင့် ထိတွေ့ပစ်ခတ်မှုဖြစ်

DKBA ခွဲထွက်အဖွဲ့ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေသို့ ဝင်ရောက်လာသဖြင့် ထိတွေ့ပစ်ခတ်မှုဖြစ်
ရှေ့တန်းတစ်နေရာတွင် လှုပ်ရှားနေသည့် မွန်ပြည်သစ်တပ်ဖွဲ့(Internet)
ရှေ့တန်းတစ်နေရာတွင် လှုပ်ရှားနေသည့် မွန်ပြည်သစ်တပ်ဖွဲ့(Internet)

မွန်ပြည်သစ်ပါတီ-NMSP ထိန်းချုပ်နယ်မြေသို့ ဝင်ရောက်လာသည့် တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော်-DKBA ခွဲထွက်အဖွဲ့ငယ်တစ်ဖွဲ့နှင့် ယခုရက်ပိုင်းအတွင်း ထိတွေ့ ပစ်ခတ်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့သည်ဟု စုံစမ်းသိရှိရသည်။

ဘုရားသုံးဆူ ထိုင်း-မြန်မာနယ်စပ်တစ်နေရာ၌ DKBA(ခွဲထွက်)မှ ဗိုလ်ချုပ်စောကျော်သက် လက်အောက်ခံအဖွဲ့နှင့် မွန်ပြည်သစ်ပါတီတပ်ဖွဲ့တို့ စက်တင်ဘာ ၁၇ ရက်နှင့် ၁၈ ရက် နေ့များအတွင်း ထိတွေ့မှု ၂ ကြိမ်အနည်းငယ် ဖြစ်ပွားခဲ့ရာတွင် ထိခိုက်သေဆုံးဒဏ်ရာရရှိမှုများကို အတည်မပြုနိုင်ခဲ့ပေ။

မွန်ပြည်သစ်ပါတီသည် နယ်မြေချင်းထိစပ်လျက်ရှိသည့် ကရင်လက်နက်ကိုင်အဖွဲ့များနှင့် တစ်ခါတရံပစ်ခတ်ထိတွေ့မှုရှိခဲ့သော်လည်း DKBA ခွဲထွက်အဖွဲ့နှင့်မူ ယခုအခါ ပထမဆုံးကြိမ်ထိတွေ့မှုဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါဖြစ်စဉ်များနှင့်ပတ်သက်၍ အခြေအနေမှာရှုပ်ထွေးနေသေးသဖြင့် မွန်သတင်းအေဂျင်စီသို့ အတည်ပြုချက်ပေးရန် မွန်ပြည်သစ်ပါတီက ငြင်းဆိုထားသည်။

ဖားအံနှင့် လှိုင်းဘွဲမြို့နယ်များတွင် တပ်မတော်နှင့် ကရင်နယ်ခြားစောင့်တပ် BGF တို့မှ နယ်မြေပိုမိုလှုပ်ရှားစိုးမိုးနိုင်ခဲ့သဖြင့်  DKBA ခွဲထွက်အဖွဲ့အနေဖြင့် ရပ်တည်မရနိုင်သည့်အနေအထားသို့ဆိုက်ရောက်လာသောကြောင့် လွန်ခဲ့သည့် ၆ လကျော်ခန့်က ဘုရားသုံးဆူဒေသဘက်ဆီသို့ မသိမသာပြောင်းရွှေ့ဝင်ရောက်လာနေသည်ဟု နယ်စပ်စစ်ရေးစောင့်ကြည့်လေ့လာသူများက သုံးသပ်သည်။

ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့နှင့် မိဇိုင်းတောင်ဆရာတော် ဥူးစန္ဒာဝရတို့ ညှိနှိုင်းမှုဖြင့် DKBA ခွဲထွက်အဖွဲ့ စောတင်ဝင်း ဦးဆောင်၍ အင်အား ၄၅ ယောက် လက်နက်မျိုးစုံ ၂၉ လက်နှင့်အတူ ပြီးခဲ့သည့် ဇွန်လ ၂၃ ရက်နေ့တွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးထံ လက်နက်ချအလင်းဝင်သည့်ဖြစ်စဉ်များ ရှိခဲ့သည်။

Most read this week

March 10, 2026
မွန်ပြည်နယ်တွင် စက်သုံးဆီဝယ်ယူမှုကို ယာဉ်အမျိုးအစားအလိုက်ကန့်သတ်ထားပြီး...
March 9, 2026
မွန်ပြည်နယ်ရှိ ပြည်နယ်အဆင့် လူမှုကူညီရေးအသင်းများ ဘဏ်စာရင်းအတွင်း မတည်ငွေကျပ်သိန်း ၅၀၀...
March 7, 2026
“၂ နှစ်ပြည့်ရင် အိမ်ပြန်ခွင့်ရပြီ။ ၂ နှစ်ပြည့်တဲ့နေ့ကို စောင့်နေတာ” ဒါကတော့ မကြာခင်ကမှ...
March 6, 2026
အရပ်သားပြည်သူများကို ပိုမိုဆိုးရွားစွာ စောင့်ကြည့်နိုင်ရန် ဗဟိုမိုဘိုင်းလ်စက်ပစ္စည်း သက်သေခံ...