ပေါင်မြို့နယ်တွင် တောင်ပြိုနိုင်သည့်နေရာ ၂၁ ခုတွေ့ရှိထား

ပေါင်မြို့နယ်တွင် တောင်ပြိုနိုင်သည့်နေရာ ၂၁ ခုတွေ့ရှိထား
မလတ်တောင်ပြိုကျမှု(MNA)
မလတ်တောင်ပြိုကျမှု(MNA)

မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်း တောင်ပြိုကျနိုင်သည့်နေရာ ၂၁ ခု တွေ့ရှိထားကြောင်း စက်တင်ဘာလ ၁၉ ရက်က ကျင်းပပြုလုပ်သော ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ၁၄ ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ပထမနေ့)တွင် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

ပေါင်မြို့နယ်တွင် မြေပြိုမှုနှင့် ပတ်သက်၍ မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဆောင်ရွက်ထားမှုအခြေအနေနှင့်ပတ်သက်၍  ပေါင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂ )ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူး၏ မေးမြန်းခြင်းကို ဖြေကြားခြင်းဖြစ်သည်။

သဲဖြူကုန်းကျေးရွာရှိ တောင်ပြိုကျမှုဖြစ်စဉ်ဖြစ်ပွားပြီးနောက် ပေါင်မြို့နယ်အတွင်းရှိ တောင်တန်းများအား ဘူမိဗေဒကျွမ်းကျင်ပညာရှင်အဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ပြီး မြေပြိုမှုဖြစ်နိုင်သည့်နေရာ ၂၁ နေရာ တွေ့ရှိခဲ့ကြောင်း ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

မုတ္တမကြိုးဝိုင်းတောင်မှာလည်း ပြတ်ရွှေ့ တော်တော်များများတွေ့ရပြီး ပြတ်ရွေ့များကလည်း မြေပြိုမှုကို ဖြစ်စေနိုင်ကြောင်း ၎င်းက ဆိုသည်။

"တောင်ပြိုနိုင်တဲ့နေရာက ၂၁ နေရာရှိတယ်လို့ ဝန်ကြီးကပြောသွားတယ်။ ဘယ်နေရာတွေလဲ မေးတဲ့အခါကျတော့ ပြည်သူလူထု အထိတ်တလန့် ဖြစ်မှာကြောက်လို့ ဒီနေရာတွေကို မပြောခဲ့ဖူး၊ ဒါပေမယ့် မြို့နယ်အုပ်ချုပ်ရေးမှူးမှ တဆင့် ဒီနေရာတွေကို ပြည်သူလူထုက ဆောင်ရန် ရှောင်ရန်တွေ့နဲ့ ပတ်သက်ပြီး အသိပညာပေး ဟောပြောပွဲတွေ လုပ်မယ်လို့ ဝန်ကြီးက ဖြေသွားတယ်"ဟု  ပေါင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂ )ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူးက ပြောသည်။

တောင်ပြိုနိုင်သည့်နေရာ ၂၁ နေရာများကို ပြည်သူလူထုအား တရားဝင်အသိပေးသင့်ကြောင်းနှင့် တောင်ပြိုနိုင်သည့်နေရာ ၂၁ နေရာများကို အတိအကျသိရှိရန် မွန်ပြည်နယ်အစိုးရအဖွဲ့ကို စာဖြင့် တရားဝင်မေးမြန်းသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပေါင်မြို့နယ်အတွင်း၌ မြေပြိုမှုဖြစ်ပွားနေသည့်နေရာ ၁၅ နေရာခန့်ရှိကာ မြေပြိုမှုဖြစ်ပွားနေသည့်နေရာများတွင် လူများနေထိုင်နေကြပြီး တစ်ချို့မှာ ပြောင်းရွှေ့နေထိုင်နေရကြောင်း ၎င်းက ဆိုသည်။

သဲဖြူကုန်းကျေးရွာရှိ မလတ်တောင် သြဂုတ်လ ၉ ရက်နေ့က ပြိုကျခဲ့မှုကြောင့် လူ ၇၀ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။

Most read this week

March 10, 2026
မွန်ပြည်နယ်တွင် စက်သုံးဆီဝယ်ယူမှုကို ယာဉ်အမျိုးအစားအလိုက်ကန့်သတ်ထားပြီး...
March 9, 2026
မွန်ပြည်နယ်ရှိ ပြည်နယ်အဆင့် လူမှုကူညီရေးအသင်းများ ဘဏ်စာရင်းအတွင်း မတည်ငွေကျပ်သိန်း ၅၀၀...
March 7, 2026
“၂ နှစ်ပြည့်ရင် အိမ်ပြန်ခွင့်ရပြီ။ ၂ နှစ်ပြည့်တဲ့နေ့ကို စောင့်နေတာ” ဒါကတော့ မကြာခင်ကမှ...
March 6, 2026
အရပ်သားပြည်သူများကို ပိုမိုဆိုးရွားစွာ စောင့်ကြည့်နိုင်ရန် ဗဟိုမိုဘိုင်းလ်စက်ပစ္စည်း သက်သေခံ...