ULA/AA ၏ သဘောထား ထုတ်ပြန်ချက်အပေါ် CHRO Field Director နှင့်တွေ့ဆုံမေးမြန်းခြင်း

ULA/AA ၏ သဘောထား ထုတ်ပြန်ချက်အပေါ် CHRO Field Director နှင့်တွေ့ဆုံမေးမြန်းခြင်း
by -
Salai Khup Khup

သြဂုတ်လ ၁၄ ရက်နေ့မှာ ချင်းလူ့အခွင့်အရေးအဖွဲ့(CHRO) နှင့် ချင်းအမည်ခံ မီဒီယာများမှ ULA/AA အဖွဲ့အပေါ် စွပ်စွဲရေးသားမှုများကန့်ကွက်ကြောင်းသဘောထားထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါကန့်ကွက်စာတွင် တာဝန်ခံမှုမရှိသည့် ရေးသားချက်၊ နိုင်ငံရေး၊ လူမျိုးရေး၊ အဂတိတရားမကင်းရှင်းသော စွပ်စွဲချက်၊ အမုန်းတရားနှင့် မနာလိုမှုများကို ပေါင်းစပ်ကာ ရေးသားသည့်ရေးသားချက်၊ မြန်မာအစိုးရ၊ စစ်တပ်(ရန်သူ) နှင့်ပူးပေါင်း မိမိတို့အား နိုင်ငံရေးအရ တိုက်ခိုက်သည့်ထိုးနှက်ချက်တစ်ခုဟုမှတ်ယူကြောင်း ပါရှိသည်။ အဆိုပါ ULA/AA ၏ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေညာချက်နှင့်ပတ်သက်ပြီး ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ၏ Field Director Pu Terah ကိုတွေ့ဆုံမေးမြန်းထားပါတယ်။  

မေး။ ။ CHROနဲ့ ချင်းမီဒီယာဖွဲ့ အချို့က စွပ်စွဲရေးသားတယ်လို့ ပြောတဲ့အပေါ် ဘယ်လိုပြောချင်လဲ?

ဖြေ။ ။ လက်ခံနိုင်စရာအကြောင်းမရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က သူတို့ကို မတရားစွပ်စွဲပြီး ပြောဆိုရေးသားတာ တစ်ကြိမ်တစ်ခါမှမရှိခဲ့ဖူးဘူး။ ကျွန်တော်တို့ အချက်အလက်တွေက ခံရသူဖြစ်ဖြစ် ဒေသခံတွေရဲ့ ပြောဆိုချက်အပေါ် အခြေခံပြီးတော့ ရေးသားဖော်ပြခြင်းဖြစ်တယ်။ ကျွန်တော်တို့ရဲ့ အာဘော်တစ်ခုမှ မပါဘူးဆိုတာ ကျွန်တော်ပြောစရာကိုမလိုတာပါ။

မေး။ ။ AA နဲ့ အစိုးရတပ်မတော်ကြား စစ်ပွဲဖြစ်ပွားနေမှုအပေါ် CHROရဲ့ရပ်တည်ချက်က ဘာဖြစ်မလဲ?

ဖြေ။ ။ ကျွန်တော်ကတော့ အမှန်တရားပေါ်မှာ ရပ်တည်မှာဘဲ ဘယ်သူ့ကိုအသာပေး၊ ဘယ်သူ့ကိုအပြစ်မြင် ဆိုတာမရှိဘူး အမှန်တရားပေါ်မှာဘဲ ကျွန်တော်တို့ရပ်တည်တယ်။ ချင်းလူ့အခွင့်ရေးအဖွဲ့ဆိုတာ လူ့အခွင့်ရေးကို စောင့်ကြည့်နေတာနဲ့အညီ အဓိကအမှန်တရားပေါ်မှာဘဲ ရပ်တည်ပါတယ် ဟိုပုဂ္ဂိုလ်စွဲ ဒီပုဂ္ဂိုလ်စွဲ ကျွန်တော်တို့မှာမရှိပါဘူး။ အဓိကအမှန်တရားပေါ်မှာ ရပ်တည်မယ် အပြစ်မဲ့ပြည်သူနဲ့ အကာကွယ်မဲ့ပြည်သူတွေရှေ့မှာ ကျွန်တော်တို့မားမားမတ်မတ် ရပ်တည်သွားမှာဖြစ်တယ်။

မေး ။ ။ ကြေညာချက်မှာ AAအနေနဲ့ လူ့အခွင့်ရေးကို လေးစားတန်ဖိုးထားတယ်လို့ ပြောတာကိုလက်ခံ နိုင်ပါသလား?

 ဖြေ။ ။ သူတို့အပြောသက်သက် ပြောတာဖြစ်တယ်။ လက်တွေ့ကျတော့ သူတို့အဲလိုမဟုတ်ဘူးဆိုတာ  သေချာပါတယ်။

မေး ။ ။ ရခိုင်နဲ့ချင်းလူမျိုးများကို တန်းတူဆက်ဆံရေး မူဝါဒထားတယ်လို့ ပြောထားတဲ့အပေါ်အမြင်ကကော?

ဖြေ။ ။ သူတို့ရခိုင်လူမျိုးတွေကို  ဘယ်လိုဆက်ဆံတာလဲဆိုတာတော့ ကျွန်တော်တို့မသိဘူး။ ချင်းလူမျိုးတွေကို ဘယ်လိုဆက်ဆံလဲဆိုတာတော့ ကျွန်တော်တို့သိတာပေါ့။

မေး။ ။  ရက္ခိုင့်တပ်မတော်ဖက်ကနေပြီးတော့ မျှမျှတတ စဉ်းစဉ်းစားစား ထိန်းထိန်းသိမ်းသိမ်း ရေးဖို့တိုက်တွန်းတာကို လက်ခံနိုင်သလား?

ဖြေ ။ ။ လူ့အခွင့်ရေးချိုးဖောက်တယ်ဆိုတာ အဲလိုမျှမျှတတ ထိန်းထိန်းသိမ်းသိမ်းနဲ့ ရေးဖို့မလိုပါဘူး။ အရှိကို အရှိတိုင်း အဖြစ်ကို အဖြစ်တိုင်း ကျွန်တော်တို့တင်ပြရမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ဖြစ်ပျက်မှန်သမျှကို မှန်အောင်ဘဲ ကျွန်တော်တို့ရေးလို့ရတယ်။ ပေါ့အောင်ဘဲဖြစ်ဖြစ် အမှုကြီးအောင်ဖြစ်ဖြစ် ကျွန်တော်တို့လုပ်လို့မရပါဘူး။ ကျွန်တော်တို့က အရှိကိုအရှိတိုင်းရေးမှာဖြစ်တယ်။

မေး ။ ။ စစ်ပွဲဖြစ်တဲ့ဖက်မှာ လူ့အခွင့်ရေးချိုးဖောက်မှုက ဘယ်လိုဟာမျိုးတွေလဲ။ CHRO ကကော ဘယ်လိုဟာမျိုးအပေါ် အခြေခံပြီး ကြေညာချက်ထုတ်သလဲ။?

ဖြေ။ ။ လူ့အခွင့်ရေးချိုးဖောက်မှာ ညှင်းပမ်းနှိပ်စက်မှု အစအနပျောက်ဆုံးမှု တချို့ဆိုရင် အတင်းအဓ္ဓမ ပေါ်တာထမ်းခိုင်းတာတို့ မတရားဖမ်းဆီးတာတို့ အကြောင်းမဲ့ဖမ်းဆီးတာတို့ ရိုက်နှိက်တာတို့ သတ်ဖြတ်တဲ့အထိ ကျူးလွန်တဲ့အမှုတွေအပေါ် အဓိကထားပြီး ရေးသားထုတ်ပြန်တာတို့လုပ်တယ်။

မေး။ ။ ဘာလို့AAဖက်က အခုလိုကြေညာချက်ထုတ်တယ်လို့ ထင်ပါသလဲ?

ဖြေ။ ။ သူတို့မှာ တာဝန်ယူမှု တာဝန်ခံမှုကင်းမဲ့တယ်လို့ ကျွန်တော်ယူဆတယ်။

မေး ။ ။ စစ်ပွဲကြောင့် လူ့အခွင့်ရေးချိုးဖောက်မှုတွေကို ဘယ်လိုဆက်ပြီး အစီရင်ခံစာတွေ ဘယ်လိုဆက်ထုတ်မလဲ။?

ဖြေ။ ။ အရှိကို အရှိတိုင်းဘဲ ဒေသခံတွေရဲ့ခံစားချက်၊ လက်ရှိဖြစ်ပျက်နေတဲ့ ဟာတွေကိုဘဲ ကျွန်တော်တို့ ဖော်ထုတ်ပြောဆိုမှာဖြစ်တယ်။

May 3, 2024
စစ်ကိုင်းတိုင်း ကလေးမြို့ မြောက်ပိုင်း ကလေး - လက်ပံချောင်း လမ်းမဘေးမှာတည်ရှိတဲ့...
April 29, 2024
မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ ဧပြီ(၂၆)ရက်နေ့ တစ်ရက်အတွင်း အထောက်အထားမဲ့ ရွေ့ပြောင်းအလုပ်သမား ၂...