မြန်မာစစ်တပ်နှင့် ဆက်နွယ်သော စီးပွားရေး လုပ်ငန်းကုမ္ပဏီများကို ပစ်မှတ်ထား ပိတ်ဆို့မှုများ ပြုလုပ်ရန်နှင့် လက်နက်ရောင်းချမှုကို ပိတ်ဆို့ရန် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးကော်မရှင် FFM က သြဂုတ် ၅ ရက်နေ့ တောင်းဆိုလိုက်သည်
ယင်း စီးပွားရေးလုပ်ငန်းမှ ရရှိသောငွေကြေးထောက်ပံ့မှုများြဖင့် တိုင်းရင်းသားအုပ်စုများအပေါ် ရက်ရက်စက်စက် စစ်ဆင်ရေး ပြုလုပ်ခြင်း၊ ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများကို မြန်မာစစ်တပ်က ပြုလုပ်နေကြောင်း ပြောဆိုထားပါသည်။
မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက် MEHL နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း MEC တို့က နိုင်ငံအတွင်း စီးပွားရေး ကဏ္ဍမျိုးစုံတို့မှ အနည်းဆုံး လုပ်ငန်းပေါင်း ၁၂၀ ကို ပိုင်ဆိုင်ထားပြီး ကချင်နှင့် ရှမ်းပြည်နယ်တို့တွင် ကျောက်စိမ်းနှင့် ပတ္တမြား တူးဖော်ရေး လိုင်စင်များပင် ရရှိထားကြောင်း ထုတ်ဖော်ထားပါသည်။
၂၀၁၇ သြဂုတ်လမှစတင်ပြီး ရခိုင်ပြည်နယ်တွင် စစ်တပ်က နယ်မြေရှင်းလင်းရေး ပြုလုပ်ပြီး ရက်သတ္တပတ်အနည်းငယ်အကြာ မြန်မာပြည်ရှိ ကုမ္ပဏီနှင့်အဖွဲ့အစည်းပေါင်း ၄၅ ခု က မြန်မာစစ်တပ်ကို ဒေါ်လာ (၁၀)သန်းကျော် အလှူပေးခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထိုအထဲတွင် ကမ္ဘောဇအုပ်စု [Kanbawza (KBZ) Group] နှင့် မက်စ်မြန်မာ (Max Myanmar) တို့လည်း မြန်မာ–ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက်တွင် ခြံစည်းရိုးကာရန် ငွေကြေးထောက်ပံ့ခဲ့သဖြင့် ရာဇဝတ်မှုအတွက် တရားစွဲဆိုနိုင်ရန် စုံစမ်းစစ်ဆေးသင့်ကြောင်း မစ်ရှင်မှ ကျွမ်းကျင်ပညာရှင် ခရစ်စီဒိုတီ က ဆိုထားသည်။
ကမ္ဘောဇအုပ်စု (KBZ) က ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များဆောင်ရွက်ရေးကော်မတီ ကို ဒေါ်လာ ၂ ဒသမ ၂ မီလီယံ နှင့် ကာကွယ်ရေး ဦးစီးချုပ်ကို ဒေါ်လာ ၂ ဒသမ ၄ မီလီယံ ကို ၂၀၁၇ စက်တင်ဘာလ ၁ရက်နေ့ လှူဒါန်းခဲ့ပြီး၊ မက်စ်မြန်မာအုပ်စု (Max Myanmar) ကတော့ ရခိုင်ပြည်နယ်အကြံပြုချက်အကောင်ထည်ဖော်ကော်မတီကို ဒေါ်လာ ၆၅၄၀၀၀ နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ဒေါ်လာ ၉၇၆၈၅၇ လှူဒန်းခဲ့ခြင်းဖြစ်ပြီး ၎င်းငွေကြေးများကို ခြံစည်းရိုးရံခြင်း လုပ်ငန်းများတွင် သုံးစွဲခဲ့ကြောင်း အစီရင်ခံစာက ဖော်ပြထားသည်။
၂၀၁၁ ခုနှစ်မှ ကချင်ဒေသတိုက်ပွဲများပြန်လည်ြဖစ်ပွားလာပြီးနောက် ကချင်ပြည်နယ် ဖားကန့်ကျောက်မျက်တူးဖော်မှု နှင့် တရုတ်ပြည်ကို ရောင်းချမှုလမ်းကြောင်းကို စစ်တပ်က အုပ်စိုးလိုက်ပြီး မြောက်ပိုင်းတိုင်းစစ်ဌာန (မပခ)မှ အရာရှိ အဆင့်ဆင့်မှလည်း ကျောက်တူးဖော်မှုကနေ အကျိုးအမြတ်ရကြောင်း ပြောဆိုထားပါသည်။
၂၀၁၇ တနိုင်းတိုက်ပွဲများတွင်လည်း ပြည်သူများ ထိခိုက်ခံရမှုနှင့် အတင်းအဓမ္မ အလုပ်စေခိုင်းမှုတို့ကို တပ်မတော်က လုပ်ဆောင်ကာ နိုင်ငံတကာ လူ့အခွင့်အရေးကို ချိုးဖောက်ခဲ့ကြောင်း ဖော်ထုတ်ထားပါသည်။
၂၀၁၆ ခုနှစ်မှစပြီး မြန်မာစစ်တပ်ကို တိုက်လေယာဉ်များ၊ သံချပ်ကာ တိုက်ယာဉ်များ ၊ စစ်သဘောင်္များ၊ ဒုံးများနှင့် ဒုံးလွှတ်အမြောက်များကို ပေးခဲ့သော ပြည်ပနိုင်ငံ (၇)နိုင်ငံမှ နိုင်ငံခြား ကုမ္ပဏီပေါင်း (၁၄) ခုကိုလည်း မြန်မာနိုင်ငံအား လက်နက်ရောင်းချမှုကို ပိတ်ဆို့ရန် Fact-Finding Mission က တောင်းဆိုထားပါသည်။
ယခုအချက်အလက်ရှာဖွေရေးမစ်ရှင်၏ အပြီးသတ်အစီရင်ခံစာကို လာမည့် စက်တင်ဘာတွင် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသို့ တင်ပြမည်ဖြစ်ကြောင်း သိရပါသည်။







