တွေ့ဆုံမေးမြန်းခြင်း

တွေ့ဆုံမေးမြန်းခြင်း

''ဥပမာပြောရရင် တနင်္သာရီတိုင်းဝန်ကြီးချုပ်တို့၊ ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ်တစ်ဦးတို့ တိုင်းဒေသကြီးအဆင့် ဥပဒေချုပ်တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်ဆောင်ရွက်ခဲ့တာတွေ၊ အခြားသောအုပ်ချုပ်ရေးယန္တရား၊ တရားစီရင်ရေးယန္တရားက အဂတိလိုက်စားခဲ့တဲ့ နိုင်ငံ့ဝန်ထမ်းတွေကို အရေးယူဆောင်ရွက်နေတာက မြင်သာပါတယ်၊ အဲဒီအတွက်လည်း ခုဖြစ်စဉ်ကို ဥပဒေနဲ့အညီ စိစစ်ပြီးတော့ ဖောက်ဖျက်တယ်ဆိုရင် တရားဥပဒေနဲ့အညီ အရေးယူပေးနိုင်ဖို့ မျှော်လင့်ထားပါတယ် ..... "

==============================

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပါပြဌာန်းချက်များအား ချိုးဖောက်ခဲ့သည်ဟု ယူဆမှုဖြင့် မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာအေးဇံအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌထံသို့တိုင်ကြားခဲ့ပြီး နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့အား မိတ္တူပေးပို့ခဲ့သူ ၉ ဦးတွင် တစ်ဦးအပါအဝင်ဖြစ်သည့် ရေးမြို့နယ်တွင်နေထိုင်သူ ရေးတော်ဝင်အခမဲ့သတင်းလွှာ တာဝန်ခံအယ်ဒီတာ ဦးအောင်နိုင်ဝင်းနှင့် တွေ့ဆုံမေးမြန်းထားပါတယ်။

မေး - တိုင်ကြားရတဲ့ရည်ရွယ်ချက်လေးသိပါရစေဆရာ။

ဖြေ - ရည်ရွယ်ချက်ကိုမပြောခင်မှာ တိုင်ကြားရတဲ့ဖြစ်စဉ်ကို စပြောမှ ပိုပြည့်စုံပါ့မယ်၊ ကျွန်တော်တို့ ပြီးခဲ့တဲ့ မွန်ပြည်နယ်လွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ ချောင်းဆုံလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦး မေးမြန်းခဲ့တဲ့ အောင်သပြေ-နှစ်ကရင်လမ်းနဲ့ပတ်သက်တဲ့ တင်ဒါကိစ္စ၊ နောက်တစ်ခုက ကျိုက်ထီးရိုးဘုရားအမှိုက်မီးရှို့စက်ဆောင်ရွက်ထားမှုအခြေအနေတွေနဲ့ပတ်သက်လို့ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်တွေဖြေကြားခဲ့တာတွေက စပါတယ်၊

အဲဒီဖြေကြားချက်တွေမှာ လက်ရှိတည်ဆဲဖြစ်နေတဲ့ဥပဒေတွေ၊ ညွှန်ကြားချက်တွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ လွဲမှားနေတာရယ်၊ လက်ရှိအစိုးရရဲ့ မူဝါဒတွေကို ချိုးဖောက်နေတာတွေတွေ့ရလို့ တိုင်ကြားခဲ့တာပါ။ ဆက်ပြောရရင် ကျွန်တော်တို့ နိုငံမှာ လက်ရှိကျင့်သုံးနေတဲ့ ဒီမိုကရေစီစနစ်ရဲ့ စံနှုန်းနဲ့ အနှစ်သာရတွေကိုလည်း တန်ဖိုးမဲ့အောင်လုပ်နေတယ်လို့မြင်မိတာကြောင့် တိုင်ခဲ့တာပါ။

မေး - ဒီလိုတိုင်ကြားခဲ့ဖို့အတွက် ဘယ်လိုပြင်ဆင်ခဲ့လဲ၊ ဘယ်သူတွေပါဝင်ပါသလဲ၊

ဖြေ - ပြီးခဲ့တဲ့ မွန်ပြည်နယ်လွှတ်တော် ပုံမှန်အစည်းအဝေးကျင်းပဆဲကာလကတည်းက ဒေါက်တာအောင်နိုင်ဦးရဲ့မေးခွန်းတွေအပေါ် မွန်ပြည်နယ်အစိုးရဖြေကြားတာနဲ့ပတ်သက်လို့ မွန်ပြည်နယ်မှာရှိတဲ့ ပြည်သူတွေကြားမှာ အတော်လေး ဂယက်ထခဲ့ပါတယ်၊ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သတင်းမီဒီယာလောက၊ နိုင်ငံရေးအသိုင်းအဝိုင်းအတွင်းမှာရော အတော်လေး ကျယ်ကျယ်ပြန့်ပြန့် ငြင်းခုံစရာဖြစ်ခဲ့ကြပါတယ်။ အဲဒီအတွက် ကျွန်တော်တို့မွန်ပြည်နယ်မှာရှိတဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေဆုံဖြစ်တဲ့အချိန်မှာ သဘောထားအမြင်တွေ အပြန်အလှန်မျှဝေဆွေးနွေးကြရင်း ခုနပြောခဲ့တဲ့ ချိုးဖောက်မှုတွေ၊ အမှားတွေကို တိတိကျကျ သုံးသပ်လာနိုင်ခဲ့တယ်၊ အဲဒါကြောင့် ဒီကိစ္စအပေါ်မှာ ပြည်ထောင်စုအစိုးရကပဲဖြစ်ဖြစ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကပဲဖြစ်ဖြစ် သက်ဆိုင်ရာပါတီကပဲဖြစ်ဖြစ် အရေးယူဆောင်ရွက်မှုရှိလာမလားလို့ စောင့်ကြည့်ခဲ့ကြတယ်၊ ကာလအတော်အကြာအထိ ကျွန်တော်တို့မျှော်လင့်သလို အရေးယူဆောင်ရွက်မှု မရှိလာတော့ ကျွန်တော်တို့အနေနဲ့ ဒီကိစ္စကို တရားဥပဒေနဲ့အညီ စိစစ်နိုင်ဖို့ တိုင်တန်းကြဖို့ ဆုံးဖြတ်ကြတယ်။ အဲဒီအတွက် မွန်ပြည်နယ်မှာအခြေစိုက်တဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေထဲက သဘောမျှတဲ့ အဖွဲ့ ၉ ဖွဲ့က ဦးဆောင်သူ ၉ ဦး လက်မှတ်ရေးထိုး တိုင်တန်းခဲ့ကြတာဖြစ်ပါတယ်။

မေး - ဖြစ်စဉ်အပေါ်မှာ ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေကို ဘယ်လိုချိုးဖောက်ခဲ့တယ်လို့ ဆရာတို့သုံးသပ်ပါသလဲ။

ဖြေ - အဲဒီကျတော့ ကျွန်တော့်အနေနဲ့ မွန်ပြည်နယ်လွှတ်တော်၊ ၁၃ ကြိမ်မြောက် ပံုံမှန်အစည်းအဝေး ဒုတိယနေ့မှာ ဒေါက်ာအောင်နိုင်ဦးရဲ့ အောင်သပြေ-နှစ်ကရင် ကျေးရွာချင်းဆက်လမ်း (၄)မိုင် (၃)ဖာလုံကို မြေသားဘောင်ချဲ့တာ၊ (၁)မိုင် (၄)ဖာလုံကို ကွန်ကရင်လမ်းခင်းတဲ့လုပ်ငန်းနဲ့ပတ်သက်တဲ့မေးခွန်းပေ့ါ၊ အဲဒါက ၂၀၁၈ ခုနှစ်၊ မီနီဘတ်ဂျက်မှာ ကျပ်သန်းတစ်ထောင်နဲ့ ဆောင်ရွက်ခဲ့တဲ့ကိစ္စပါ၊ ဖြစ်စဉ်ကတော့ ပြည်နယ်အစိုးရက အဲဒီစီမံကိန်းကို လုပ်ထုံးလုပ်နည်းအရ တင်ဒါခေါ်ယူဆောင်ရွက်ခြင်းမပြုဘဲ SMD ကုမ္ပဏီကို တိုက်ရိုက်ပေးပြီးတော့ တာဝန်ယူဆောင်ရွက်စေခဲ့တာပါပဲ။

ဒါနဲ့ပတ်သက်လို့ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်ကဖြေတဲ့အခါမှာ မွန်ပြည်နယ်အစိုးရအဖွဲ့ရဲ့ အစည်းအဝေးအမှတ်စဉ် ၁၈/၂၀၁၈ အရနဲ့ တင်ဒါလုပ်ထုံးလုပ်နည်း ၁/၂၀၁၇ အပိုဒ် ၆ အရ ဥပဒေနဲ့အညီဆောင်ရွက်ခဲ့တယ်လို့ ဖြေကြားခဲ့ပါတယ်။

ဒီအဖြေအပေါ်မှာ ဒေါက်တာအောင်နိုင်ဦးက တင်ဒါလုပ်ထုံးလုပ်နည်း ၁/၂၀၁၇ ၊ အပိုဒ် ၆ ရဲ့သဘောအရ ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ တင်ဒါမခေါ်ဘဲ ကတ်ဘိနက်ဆုံးဖြတ်ချက်နဲ့ ကုမ္ပဏီတစ်ခုခုကို လုပ်ဆောင်စေလို့မရပါကြောင်း၊ လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ ပြည်ထောင်စုအဆင့်လုပ်ငန်းဆိုရင် တင်ဒါစိစစ်ရွေးချယ်ပြီး ပြည်ထောင်စုရဲ့အတည်ပြုချက်ယူရမှာဖြစ်တာရယ်၊ ပြည်နယ်အဆင့်လုပ်ငန်းဆိုရင် ပြည်နယ်အစိုးရအဖွဲ့ကို တင်ပြအတည်ပြုချက်ယူပြီးမှ လုပ်ရမယ်ဆိုတဲ့အချက်တွေ ပါဝင်တာကြောင့် ဝန်ကြီးရဲ့ဖြေကြားချက်ဟာ ကွဲလွဲနေတယ်ဆိုပြီး ထပ်ဆင့်မေးခွန်း မေးခဲ့ပါတယ်။

ဒီထပ်ဆင့်မေးခွန်းအပေါ် ဝန်ကြီးဦးမင်းကျော်လွင်က ဝန်ကြီးချုပ်ကိုဖြေကြားပေးဖို့ တောင်းဆိုခဲ့တာကြောင့် ဝန်ကြီးချုပ်ဒေါက်တာအေးဇံက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိိုလ်ရဲ့ညွှန်ကြားချက်အရ မီနီဘတ်ဂျက်မှာ တင်ဒါကင်းလွတ်ခွင့်ရှိတယ်လို့ ဖြေကြားခဲ့ပါတယ်။

အဲဒီအပေါ်မှာလည်း ဒေါက်တာအောင်နိုင်ဦးက မီနီဘတ်ဂျက်မှာ ၁/၂၀၁၇ ကင်းလွတ်ခွင့်ရှိတယ်လို့ ညွှန်ကြားချက်ရှိတယ်လို့ဆိုလို့ရှိရင် ဘယ်တုန်းက ဘယ်မှာ ဘယ်စာအမှတ်နဲ့ညွှန်ကြားခဲ့သလဲလို့ ထပ်ပြီးမေးမြန်းတယ်။ ဒီမေးခွန်းကို ဝန်ကြီးချုပ်က မီနီဘတ်ဂျက်ဟာ မိုးတွင်းကာလဖြစ်တာရယ်၊ ရရှိတဲ့အချိန်နည်းတာရယ်ကြောင့် တွေ့ကြုံရတဲ့အခက်အခဲတွေအရ ဒီလိုဆောင်ရွက်ခဲ့ရတာဖြစ်ကြောင်းနဲ့အတူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့နှုတ်မိန့်နဲ့ ဆောင်ရွက်ခဲ့တာလို့ ဆိုခဲ့ပြန်ပါတယ်။

အဲဒီ ၁၃ ကြိမ်မြောက်ပုံမှန်အစည်းအဝေးရဲ့ နောက်ပိုင်းနေ့မှာ ၂၀၁၈ မီနီဘတ်ဂျက်ကာလတုန်းက လျှပ်စစ်နဲ့စက်မှုလက်မှုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးမင်းတင်အောင်ဟန်က ဒီကိစ္စနဲ့ပတ်သက်လို့ အဲဒီကာလက ကတ်ဘိနက်အစည်းအဝေးတစ်ခုမှာ ဒီလမ်းပိုင်းကိစ္စကို တင်ဒါမခေါ်ဘဲ ကုမ္ပဏီကို တိုက်ရိုက်လုပ်ပိုင်ခွင့်ပေးရင် လွှတ်တော်မှာရှင်းရခက်မယ်လို့ထင်တယ်လု့ိ အကြံပြု တင်ပြတဲ့အချိန်မှာ ဝန်ကြီးချုပ်က သူတာဝန်ယူဖြေရှင်းမယ်လို့ ပြောခဲ့တာကြောင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ညွှန်ကြားချက်နဲ့ လုပ်ဆောင်ခဲ့တာမဟုတ်ဘူးလို့ မေးခွန်းတစ်ခုရဲ့အမေးမှာ ထည့်သွင်းပြောကြားသွားခဲ့တယ်။

ထူးခြားတာက ဦးမင်းတင်အောင်ဟန်ရဲ့ လွှတ်တော်ထဲက အဲဒီပြောကြားချက်ကို ဒေါက်တာအေးဇံက ဘာမှ ပြန်လည်ပြီး ဖြေရှင်းဆွေးနွေးခဲ့မှုမရှိတာပဲ။

တစ်ဆက်တစပ်တည်းပြောရရင် အဲဒီနောက်မှာ သမ္မရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဋ္ဌေးကလည်း စကားမှားသွားသည်လို့ ဖြေရှင်းချက်ပေးထားတယ်ဆိုတာရယ်၊ နောက် ဖြေရှင်းချက်တောင်းထားတယ်ဆိုတာရယ်ကို ပြောခဲ့ပြန်ပါတယ်။ ဒါနဲ့တစ်ဆက်တည်းပဲ မွန်ပြည်နယ်အစိုးရ ၃ နှစ်ပြည့်သတင်းစာရှင်းလင်းပွဲမှာလည်း ဦးမင်းကျော်လွင်က အောင်သပြေ-နှစ်ကရင်လမ်းပိုင်းရဲ့ တင်ဒါမခေါ်ဘဲ ဆောင်ရွက်ခဲ့တဲ့ကိစ္စကို အစိုးရအဖွဲ့ဆုံးဖြတ်ချက်နဲ့သာ ဆောင်ရွက်ခဲ့တယ်လု့ိ ထပ်ပြောခဲ့ပြန်ပါသေးတယ်၊ ပြောရရင် ဒီဖြစ်စဉ်မှာ အစိုးရအဖွဲ့ဝင်တွေရဲ့ ပြောကြားချက်တွေဟာ ရှေ့နဲ့နောက် ညီညွတ်မှုမရှိဘူးလို့ ကျွန်တော်မြင်တယ်။ ဒါက ကျွန်တော့်တစ်ဦးတည်းရဲ့အမြင်ပါ။

နောက်တစ်ချက်ကတော့ ကျိုက်ထီးရိုးတောင်ပေါ်မှာ ၂၀၁၈ မီနီဘတ်ဂျက်ကပဲ ကျပ်သန်း ၄၀၀ ကျော်နဲ့ဆောင်ရွက်ခဲ့တဲ့အမှိုက်ဖျက်ဆီးစက်ကိစ္စပါ၊ အဲဒီမှာလည်း ပြည်နယ်အစိုးရဘတ်ဂျက်ချထားပေးမှုနဲ့ ရောယှက်ပြီး ဘုရားရန်ပုံငွေတွေကို ထုတ်နှုတ်ဖြည့်စွက်သုံးစွဲခဲ့တဲ့ကိစ္စပါ၊ အဲဒီကိစ္စကလည်း ဘဏ္ဍာရေးဆိုင်ရာလုပ်ထုံးလုပ်နည်းတွေနဲ့ မညီညွတ်တာကို တွေ့ရပါတယ်၊

မေး - အဂတိမှုမြောက်တယ်ဆိုတာကို ဘယ်လိုအကြောင်းအချက်တွေအပေါ်မူတည်ပြီးတော့ ဆရာ့အနေနဲ့ သုံးသပ်ပါသလဲ။

ဖြေ - ပထမဦးဆုံးပြောချင်တာက အောင်သပြေ-နှစ်ကရင်လမ်းကိစ္စမှာ တင်ဒါလုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ခြင်းမပြုခဲ့တာပါပဲ၊ တစ်ဆက်တည်း သူတို့ရဲ့မှားယွင်းစွာဆောင်ရွက်မှုကို ဖုံးကွယ်လိုတဲ့ဇောနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့လမ်းညွှန်တဲ့ပုံစံဖြေကြားခဲ့တာဟာ ပြည်ထောင်စုအစိုးရနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေတာရယ်၊ တင်ဒါလုပ်ထုံးလုပ်နည်း ၁/၂၀၁၇ အပိုဒ် ၆ အရ ဆောင်ရွက်ခဲ့တယ်ဆိုတဲ့ဖြေကြားချက်ဟာ သူတို့လိုရာကို အဓိပ္ပါယ်ကောက်ပြီးတော့ အခွင့်အာဏာအလွဲသုံးစားဆောင်ရွက်ခဲ့တာရယ်၊ ကျိုက်ထီးရိုးစေတီတော်ဘဏ္ဍာငွေကနေ ကျပ် ၂၄၂ သန်းရယူသုံးစွဲတဲ့ကိစ္စမှာလည်း ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ဆောင်ရွက်ခဲ့တာ ပေါ်လွင်နေတာရယ်ကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို စတုတ္ထအကြိမိပြင်ဆင်တဲ့ဥပဒေပါ ပုဒ်မ-၃ ပုဒ်မခွဲ က ပုဒ်မခွဲငယ် ၂ မှာ ဖော်ပြထားတဲ့ အဂတိလိုက်စားမှုဆိုတဲ့စကားရပ်ရဲ့အဓိပ္ပါယ်မှာ '' မည်သူမဆို သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၊ အများပြည်သူဆိုင်ရာအဖွဲ့အစည်း(သို့မဟုတ်)အခြားအဖွဲ့အစည်း၏ ပြည်သူ့ဘဏ္ဍာကို ကိုင်တွယ်စီမံဆောင်ရွက်သည့် လုပ်ငန်းစဉ်တွင်ဖြစ်စေ၊ ယင်းတို့၏ပိုင်ဆိုင်မှုကို တောင်းခံခြင်း၊ ရယူခြင်း၊ စီမံခန့်ခွဲခြင်း၊ ရှင်းလင်းဖျက်သိမ်းခြင်းပြုလုပ်ရာတွင်ဖြစ်စေ၊ ယင်းတု့ိနှင့်သက်ဆိုင်မှုရှိသော သဘောတူစာချုပ်တစ်ခုတွင်ပါဝင်ခြင်း စီမံဆောင်ရွက်ခြင်းပြုလုပ်ရာတွင်ဖြစ်စေ တည်ဆဲဥပဒေ စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းတစ်ရပ်ရပ်ကို ဖောက်ဖျက်လျက် နိုင်ငံတော်၏ငွေကြေး၊ ပစ္စည်းနှင့် ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာပျက်စီးဆုံးရှုံးစေခြင်း '' ဟု ဖော်ပြထားတာကြောင့် ပြောရရင် ဒီဖြစ်စဉ်မှာ လုပ်ထုံးလုပ်နည်းတွေ၊ စည်းမျဉ်းစည်းကမ်းတွေချိးဖောက်သွားတာ မြင်သာပါတယ်။

ဒါ့အပြင် နိုင်ငံတော်သမ္မတကြီး ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာ ကျင်းပပြုလုပ်တဲ့ တွေ့ဆုံပွဲတွေမှာ ပြောကြားခဲ့တဲ့ တင်ဒါဆိုင်ရာအကျင့်ပျက်ခြစားမှုတွေမရှိရေးညွှန်ကြားချက်တွေ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ခရီးစဉ် လူထုတွေ့ဆုံပွဲတွေမှာ ပြောကြားခဲ့တဲ့ မူဝါဒဆိုင်ရာပြောဆိုချက်တွေကိုလည်း လိုက်နာခြင်းမရှိတာ ပေါ်လွင်ပါတယ်။

မေး - ခုလို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကိုတိုင်ကြားခဲ့ပြီး နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်တု့ိကို မိတ္တူပေးပို့တိုင်ကြားခဲ့တဲ့အပေါ် ဘယ်လိုမျှော်လင့်ထားပါသလဲ။

ဖြေ - အတိုဆုံးပြောရရင် ယုံကြည်လို့ တိုင်ကြားခဲ့တာပဲ၊ ယုံကြည်တယ်ဆိုတာက လက်ရှိ NLD ဦးဆောင်တဲ့အစိုးရရဲ့မူဝါဒတွေ၊ လုပ်ငန်းစဉ်တွေ၊ အဂတိလိုက်စားမှုကိုတိုက်ဖျက်နေတဲ့အစီအစဉ်တွေကို ယုံကြည်တာပါ၊

သမ္မတကြီးဦးဝင်းမြင့် တက်လာကတည်းက မူဝါဒဆိုင်ရာပြောကြားချက်တွေ၊ နောက်ပိုင်း အစိုးရတွေအုပ်ချုပ်ရေးယန္တရားတွေ၊ တရားစီရင်ရေးမဏ္ဍိုင်တွေအပေါ်မှာ အဂတိတရားကင်းစင်ဖို့ ဒီမိုကရေစီလမ်းစဉ်နဲ့အညီ ဆောင်ရွက်ဖို့ ပြောဆိုခဲ့သလို လက်တွေ့လုပ်ဆောင်ခဲ့တာတွေဟာလည်း အားလုံးအသိပဲဖြစ်ပါတယ်၊ အဲဒီမူဝါဒတွေနဲ့အညီ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကလည်း ၂၀၁၈ ခုနှစ်ကစပြီး ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်ခဲ့တာတွေ အများကြီးရှိလာနေတယ်၊ ဥပမာပြောရရင် တနင်္သာရီတိုင်းဝန်ကြီးချုပ်တို့၊ ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ်တစ်ဦးတို့ တိုင်းဒေသကြီးအဆင့် ဥပဒေချုပ်တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်ဆောင်ရွက်ခဲ့တာတွေ၊ အခြားသောအုပ်ချုပ်ရေးယန္တရား၊ တရားစီရင်ရေးယန္တရားက အဂတိလိုက်စားခဲ့တဲ့ နိုင်ငံ့ဝန်ထမ်းတွေကို အရေးယူဆောင်ရွက်နေတာက မြင်သာပါတယ်၊ အဲဒီအတွက်လည်း ခုဖြစ်စဉ်ကို ဥပဒေနဲ့အညီ စိစစ်ပြီးတော့ ဖောက်ဖျက်တယ်ဆိုရင် တရားဥပဒေနဲ့အညီ အရေးယူပေးနိုင်ဖို့ မျှော်လင့်ထားပါတယ်။

မေး - သီးခြားပြောချင်တာများရှိရင် ပြောပေးပါဦးဆရာ။

ဖြေ - ကနဦးအစတုန်းကပြောခဲ့သလိုပဲ ဒီမိုကရေစီစနစ်ကိုသွားနေတဲ့ ကျွန်တော်တို့နိုင်ငံမှာ ဒီမိုကရေစီစံနှုန်းတွေ၊ အနှစ်သာရတွေ၊ ယဉ်ကျေးမှုတွေဖွံ့ဖြိုးလာဖို့လိုပါတယ်၊ လက်ရှိကျွန်တော်တို့နိုင်ငံရဲ့အခြေအနေနဲ့ နိုင်ငံသားတွေရဲ့ သဘောသဘာဝက ရာစုနှစ်ဝက်လောက် ကြုံတွေ့ဖြတ်သန်းခဲ့ရတဲ့ အစိုးရတွေ၊ စနစ်တွေရဲ့အားနည်းချက်ကြောင့် အကြောက်တရားလွှမ်းမိုးမှုတွေ၊ နိုင်ငံသားတစ်ယောက်ရဲ့ တာဝန်နဲ့ အခွင့်အရေးတွေကို မသိ/မလိုက်နာနိုင်တာတွေ များနေတယ်လို့ ထင်ပါတယ်၊ နောက်တစ်ခုက မင်း/အစိုးရ/နိုင်ငံဝန်ထမ်းတွေရဲ့ စီမံလုပ်ဆောင်မှုတွေအပေါ် မှန်မှန်ကန်ကန် ဝေဖန်ထောက်ပြတာ၊ တင်ပြတိုင်တန်းတာတွေလုပ်တတ်တဲ့အလေ့အကျင့်တွေလည်း အားနည်းနေပါသေးတယ်။

ဒါ့ကြောင့် ကျွန်တော့်အနေနဲ့ ဒီမိုကရေစနစ်ရဲ့ အနှစ်သာရနဲ့ စံနှုန်းတွေဖွံ့ဖြိုးတိုးတက်လာစေချင်တာကြောင့် ခုကိစ္စတိုင်တန်းမှုဖြစ်စဉ်မှာ ပါဝင်ခဲ့တာဖြစ်ပါတယ်၊ မည်သည့်လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းကိုမှ တိုက်ခိုက်လိုတဲ့ရည်ရွယ်ချက်နဲ့ဆောင်ရွက်တာမဟုတ်ဘဲ စနစ်တစ်ခုတိုးတက်ကောင်းမွန်ဖို့ကိုပဲရည်ရွယ်ခဲ့ပါတယ်။

ခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။

တွေ့ဆုံမေးမြန်းသူ - ဝင်းနိုင်သက်

Most read this week

May 17, 2024
တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတဲ့ တနင်္သာရီတိုင်းမှာ စစ်ရှောင်ဒုက္ခသည် အရေအတွက် ၆၀၀၀၀ ဝန်းကျင်အထိ...
May 17, 2024
မွန်ပြည်နယ် ဘီးလင်းမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ...
May 16, 2024
နိုင်ငံတဝန်းမှာ တစ်ပတ်အတွင်း စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်နဲ့...
May 15, 2024
စစ်ကောင်စီ အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ မွန်ပြည်နယ်မှာ စစ်မှုထမ်းအပတ် စဉ် ၂ သင်...