စစ်တွေ- ရန်ကုန်ပြေးဆွဲနေသည့် ခရီးသည်တင် တိုးရတနာယာဉ်သည် ယမန်နေ့က မကွေးတိုင်းထဲတွင် မတော်တဆဖြစ်မှုကြောင့် စပယ်ယာတစ်ဦး သေဆုံးသွားကြောင်းသတင်းရရှိသည်။
ဇွန်လ ၅ ရက်နေ့က ခရီးသည် ၄၀ ကျော်အားတင်ဆောင်ပြီး စစ်တွေမှ ရန်ကုန်သို့ထွက်ခွာသွားသည့် တိုးရတနာယာဉ်သည် မကွေးတိုင်း မင်းတုန်းမြို့နယ် မိုးနတ်ရွာအလွန် မိုင်တိုင်အမှတ် ၁၅၆ အနီးတွင် ၁၂ ဘီးယာဉ်တစ်စီးအား မတော်တဆ နောက်မှ တိုက်မိခဲ့ခြင်းဖြစ်ကြောင်း တိုးရတနာယာဉ်လိုင်းမှ ယာဉ်မောင်း ကိုထွန်းဝင်းက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။
သူက “မနေ့ကည ဆယ့်တစ်နာရီ လောက်ရှိမယ်ထင်ပါတယ်။ ကုန်ကားတစ်စီးက ရှေ့ကနေသွားတယ်။ တိုးရတနာကားက နောက်ကဆိုတော့ လမ်းတောင်းပြီးကျော်တက်တာမှာ တိုက်မိတာလို့ ပြောပါတယ်။ တိုက်မိတဲ့ အချိန်မှာ စပယ်ယာက ကားခေါင်းကအလွတ်ဆိုတော့ သူဆုံးသွားတယ်လို့ သိရပါတယ်။” ဟုပြောသည်။
အဆိုပါဖြစ်စဉ်ကြောင့် ခရီးသည်များတစ်စုံတရာ ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်ပြီး တိုးရတနာယာဉ်လိုင်းပိုင်ရှင် ကိုညီညီအား နိရဉ္စရာသတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့ရာ မတော်တဆဖြစ်သည်မှာ ဟုတ်မှန်ကြောင်း အတည်ပြုပြောကြားသည်။
“ ကုန်ကားတစ်စီးနဲ့ မတော်တဆဖြစ်တာ။ ဘယ်လိုဖြစ်တယ်၊ ဘယ်အချိန်ဖြစ်လဲဆိုတာ မသိရသေးဘူး။ အဲဒါကို ရောက်မှသိမယ်”ဟု သူက ဆိုသည်။
သေဆုံးသွားသည့် စပယ်ယာအမည်အား ဆက်လက်မေးမြန်းခဲ့ရာ ၎င်းအနေဖြင့် ပြောပြ၍မရနိုင်ကြောင်း ဖြေကြားသွားသည်။
ဇွန်လ ၃ ရက်နေ့တွင်လည်း စစ်တွေနှင့် ရန်ကုန်သို့ပြေးဆွဲနေသည့် ကစ္ဆပ ခရီးသည်တင် ယာဉ်တစ်စီး မကွေးတိုင်းအတွင်းတွင် လမ်းချော်တိမ်းမှောက်ခဲ့မှု ဖြစ်ပွားခဲ့သည်ဟု သိရှိရသည်။







