သမိုင်းဝင်ကျောက်တော်တောင်တွင် စစ်တပ်တပ်စွဲမှု တားမြစ်ပေးရန် ဆရာတော်ကြီး ၂၁ ပါးမေတ္တာရပ်ခံ

သမိုင်းဝင်ကျောက်တော်တောင်တွင် စစ်တပ်တပ်စွဲမှု တားမြစ်ပေးရန် ဆရာတော်ကြီး ၂၁ ပါးမေတ္တာရပ်ခံ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ သမိုင်းဝင် ဗုဒ္ဓအမွေအနှစ်များတည်ရှိရာ ကျောက်တော်တောင်တွင် စစ်တပ်မှ တပ်စွဲထားမှုကို တားမြစ်ပေးရန် ကျောက်တော်မြို့နယ် ဆရာတော်ကြီး၂၁ ပါးက ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးသို့ စာရေးသားကာ မေတ္တာရပ်ခံလိုက်သည်ဟု သတင်းရရှိသည်။

၎င်းမေတ္တာရပ်ခံစာကို ဆရာတော်ကြီး ၂၁ ပါးက လက်မှတ်ရေးထိုးပြီး မတ်လ ၂၅ ရက်နေ့က ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အနောက်ပိုင်းတိုင်း တိုင်းမှူးထံကို ပေးပို့ခဲ့သည်။

ကျောက်တော်မြို့နယ် သံဃာနာယက အဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တသောဘန (မဟာသဒ္ဒမ္မဇောတိကဓဇ) က “ ကျောက်တော်တောင် သြဝါဒစရိယ ဆရာတော်ကြီးတွေ၊ ကျောက်တော် မြို့ပေါ်က ဆရာတော်တွေနဲ့ ဦးဇင်းတို့ပါ လက်မှတ်ရေးထိုးပြီး ပို့လိုက်တယ်လေ။ ဆရာတော်ကြီးက ၂၁ ပါး။ မြို့နယ် သံဃာနာယက အဖွဲ့ဝင်တွေ ဆရာတော် အကုန်လုံးလက်မှတ်ထိုးပြီး ပို့တာပါ။ ကျောက်တော်တောင်က သမိုင်းဝင် နေရာလေ။ ဘုရားစေတီ ပုထိုးတွေလည်း အများအပြား ရှိတယ်လေ။ တပ်မက အမြောက်တွေ ဘာတွေပစ်တော့ အိမ်တွေဘာတွေ မှာ ကျလို့လည်း ရှိတယ်။ ဒါနဲ့ ကျောက်တော်တောင် ဗုဒ္ဓပူဇေနိယ ပွဲလည်း နီးကပ်လာပြီလေ။ ပွဲနဲ့ ဘာနဲ့ ဆိုတော့ သက်ဆိုင်ရာကို အကြောင်းကြားတာလေ ” ဟု မိန့်ကြားသည်။

တောင်ပေါ်တွင် အမြောက်များ တပ်ဆင်နေမှု ရှိ/ မရှိကို မသိရှိကြောင်း၊ ရေသန့် မင်္ဂလာပြုပွဲ ပြုလုပ်ချိန်တွင် တောင်ပေါ်တွင် စစ်တပ်ကို မြင်ခဲ့ရကြောင်း၊ ကျောက်တော်တောင်ရှိ နားနေဆောင်မှာ စစ်သား အများကြီးမြင်ခဲ့ရကြောင်း ဆရာတော်က ပြောကြားသည်။

“ မြောက်ဦးမှာ ဖြစ်တယ်လေ။ သာသနိက အဆောက်အဦးတွေ၊ ဘုရားတွေမှာ ထိခိုက်ပြီးတော့ ကျည်ဆံတွေ ကျတာတွေရှိတယ်လေ။ အဲဒါနဲ့ ဘုန်းဘုန်းတို့ ကျောက်တော်တောင်လည်း သမိုင်းဝင် တောင်ဖြစ်တယ်။ အဲဒီတောင်မှာ တပ်ချပြီးနေတယ်လေ။ အဲဒါနဲ့ မြို့ပေါ်က ဆရာတော်ကြီးတွေ၊ ပီးတော့ တကာကြီးတွေက ဒီတောင်ပေါ်မှာ နေတာ မသင့်တော့ဘူး။ နေမယ်ဆိုရင်လည်း နောက်သီးသန့် တစ်ခုမှာ နေပါလို့။ အခုလို ကျောက်တော်တောင်ပေါ်ပါ တပ်စွဲနေတာက တစ်ပတ်ကျော်လောက်ရှိပြီလေ” ဟု ဆရာတော်က မိန့်ကြားသည်။

ရခိုင်ပြည်နယ်သံဃာနာယက ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တသောမ (အဂ္ဂမဟာပဏ္ဍိတ) အား နိရဉ္စရာ သတင်းဌာနမှ ဆက်သွယ်ရာ ဆရာတော်ကြီးက “ဟုတ်တယ်။ ဒီကိစ္စကို သက်ဆိုင်ရာက ဆောင်ရွက်ပေးဖို့ ဆရာတော်က မနေ့ကဘဲ စာရေးပို့လိုက်တယ်။ အလေးထားဆောင်ရွက်ပေးဖို့ ဆရာတော်က မေတ္တာရပ်ခံတယ်လေ” ဟု ပြောကြားသည်။

ကျောက်တော်တောင်သည် သမိုင်းဝင် သာသနိက နေရာ တစ်ခု ဖြစ်ပြီး ဗုဒ္ဓဘာသာစေတီပုထိုးများစွာ တည်ရှိသည့် နေရာဖြစ်သည်။

ရခိုင်သမိုင်းအရ မြတ်စွာဘုရားရှင်သည် မဟာ သက္ကရာဇ် ၁၂၃ ခုနှစ် ရခိုင်ပြည် ဓညဝတီသို့ ကြွချီရာ ဂစ္ဆပနဒီ (ကုလားတန်မြစ်)၏ အရှေ့ဘက်ကမ်း မောရပဗ္ဗမည်သော သေလာဂီရိ ကျောက်တော် တောင်ထိပ်၌ သက်ဆင်း ရပ်နားတော်မူခဲ့ကြောင်း သိရသည်။

ဆရာတော်ကြီးများ ရေးသားထားသော စာထဲတွင် ကျောက်တော်တောင်မှာ လောကီ လောကုတ္တရာ အကျိုးအတွက် တန်ဖိုးမဖြတ်နိုင်သည့် သမိုင်းဝင် နေရာ ဖြစ်သဖြင့် စစ်မက် ပဋိပက္ခနှင့် ဆက်စပ်မှုလုံး၀ မဖြစ်သင့်ဟု စာထဲတွင် ဖော်ပြထားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး တပ်ဘက်က သဘောထားကို သိရှိနိုင်ရန် ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်နှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးသို့ ဆက်သွယ်ရာ ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိပါ။

Most read this week

January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...
ဗုံးကြဲခံခဲ့ရသည့်မြောက်ဦးပြည်သူ့ဆေးရုံအတွက် ဂျပန်နိုင်ငံတွင် အလှူငွေကောက်ခံနေ
January 12, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဗုံးကြဲခံလိုက်ရသည့်ပြည်သူ့ဆေးရုံအားထောက်ပံ့နိုင်ရန်...
January 9, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ယနေ့ အာရက္ခတပ်တော်(AA)၏ ခြုံခိုတိုက်ခိုက်မှုကြောင့် အင်အား ၁၀၀...