ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ဆင်အိုးကျေးရွာအုပ်စု၊ ရောမနီ ကျေးရွာမှ ရွာသား ၄ ဦးသည် လေးမြို့မြစ်အထက်ပိုင်းသို့ သူတို့ ဝယ်ယူ စုဆောင်းထားသောပဲများကို စက်လှေဖြင့် တင်ဆောင်ရန် သွားရောက်စဉ် ပျောက်ဆုံးနေကြောင်း ကျေးရွာသားများက နိရဉ္စရာ သတင်းဌာနသို့ ပြောကြားသည်။
“ ပျောက်သွားတဲ့ ၄ ယောက်ထဲမှာ နှစ်ယောက်စီ၊ နှစ်ယောက်စီ သီးခြား ပျောက်သွားတာပါ။ ပထမ ၂ ယောက်က မတ်လ ၂၁ ရက်နေ့ နံနက်ပိုင်းမှာ ပျောက်သွားတာပါ။ ကျန် ၂ ယောက်က မတ်လ ၂၂ ရက်နေ့ ညနေပိုင်းမှာ ပျောက်သွားတာပါ။ အခုအချိန်က ပဲပေါ်ချိန်ဆိုတော့ သူတို့က မိုးတွင်းကတည်းက ငွေစရန် ပေးထားတဲ့ လေးမြို့မြစ် အထက်ပိုင်းက ရွာတွေက ပဲတွေကို စုဆောင်းပြီး ယူဆောင်ဖို့ သွားကြတာပါ” ဟု ရောမနီကျေးရွာ လူကြီး တစ်ဦးက ပြောသည်။
ပထမ ပျောက်ဆုံးနေသူ ၂ ဦးမှာ ရောမနီကျေးရွာမှ ဦးဘောချော (၃၄) နှစ် (ဘ) ဦးအောင်ကျော်၊ နိုင်နိုင်ဦး (၂၄) နှစ် (ဘ) ဦးအောင်သန်းတို့ ဖြစ်ကြပြီး မတ်လ ၂၁ ရက် နံနက် ၁၀ နာရီခွဲ ဝန်းကျင်လောက်ကတည်းက ပျောက်ဆုံးနေခဲ့သည်ဟု သိရသည်။
“ သူတို့နှစ်ဦးက မတ်လ ၂၁ ရက် နံနက် ၈ နာရီခွဲမှာ စက်တပ်လှေနဲ့ ရွာက လေးမြို့မြစ်အထက်ပိုင်းကို ထွက်သွားပါတယ်။ သူတို့မှာ ပိုက်ဆံ ၁၅ သိန်း၊ ဆန်နှစ်သိုက် (တစ်ပြည်)နဲ့ ဓာတ်ဆီ ၂ ဂါလံ ပါသွားပါတယ်။ သူတို့ကို နံနက် ၁၀ နာရီခွဲလောက်မှာ မော်ရွာ၊ ခြိတ်ချောင်း ပတ်ဝန်းကျင်လောက်မှာ လက်နက်ကိုင်ဆောင်ထားတဲ့ အဖွဲ့တစ်ခုကနေ ဖမ်းခေါ်သွားတယ်လို့ သိရပါတယ်။ ဘယ်အဖွဲ့ဆိုတာကို ကျွန်တော်တို့ စုံစမ်းလို့ မရပါ။ ဖုန်းတွေပါသွားပေမယ့် ဖုန်းတွေ အကုန်လုံးပိတ်ထားပါတယ်” ဟု ၎င်း ရောမနီကျေးရွာ လူကြီးက ပြောကြားသည်။
ဒုတိယ အဖမ်းခံရသူ ၂ ဦးမှာ ၎င်း ရောမနီကျေးရွာမှ သားဖနှစ် ဦး ဖြစ်ကြသည့် ဦးမောင်ရွှေဘ (၅၄) နှစ် (ဘ) ဦးအောင်ကျော်စိန်နှင့် ၎င်း၏သား ကျော်လိူင်ထွန်း (၂၂)နှစ်တို့ ဖြစ်ကြပြီး မတ်လ ၂၂ ရက် ညနေ ၄ နာရီခန့်တွင် လေးမြို့မြစ်အထက်ပိုင်းမှ ရွာသို့ ပြန်ဆင်းလာနေစဉ် ပျောက်ဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။
“ သူတို့ သားဖနှစ်ဦးက မတ်လ ၂၂ ရက် ညနေ ၄ နာရီလောင်မှာ ရွာကို စက်တပ်လှေနဲ့ ပြန်ဆင်းလာစဉ် အဲဒီ မော်ရွာ၊ ခြိတ်ချောင်းဝန်းကျင်မှာဘဲ ပျောက်သွားတာပါ။ ကျွန်တော်တို့ သိရတာက လေးမြို့မြစ်အတွင်း အဆင်းအတက် လုပ်နေတဲ့ လူတွေဆီက တစ်ဆင့် ကြားရတာပါ။ အခု စက်လှေတွေကိုဘဲ တွေ့ရတယ်။ လူတွေကို ပြန်မတွေ့ရဘဲ ဖြစ်နေပါတယ်” ဟု ပြောကြားသည်။
၎င်းကျေးရွာသား ၄ ဦးပျောက်ဆုံးနေသည်မှာ လေးငါးရက်ခန့် ရှိနေပြီ ဖြစ်သဖြင့် မိသားစုများလည်း အထူးစိုးရိမ်နေကြောင်း၊ ပြန်လာနိုးဖြင့် စောင့်နေသည်မှာ လေးငါးရက် ကြာလာပြီဖြစ်ကြောင်း၊ တိုင်တန်းစရာ နေရာလည်း မရှိသဖြင့် မည်သူ့ကို တိုင်ကြားရမည်ကို မသိကြောင်း၊ ကျန်ရစ်သူ မိသားစုများမှာ ကြောက်လန့်ပြီး ဘယ်ကိုမှ မထွက်ရဲဘဲ ဖြစ်နေကြောင်း ပြောကြားသည်။
ဆင်အိုးအုပ်စု ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းသို့ဆက်သွယ်ရာ သူက “ ပျောက်နေတာမှန်ပါတယ်။ သူတို့က လေးမြို့မြစ်အထက်ပိုင်းမှာ ချင်းအမျိုးသားကျေးရွာတွေ ရှိပြီး အဲဒီမှာ ပဲတွေစိုက်ပျိုးကြပါတယ်။ ပဲတွေဝယ်ဖို့ မိုးတွင်းကတည်းက သူတို့က စရန် ပိုက်ဆံ ထုတ်ပေးထားတာရှိတယ်။ ဒီအချိန်က ပဲပေါ်တဲ့ အချိန်ဆိုတော့ အခုအချိန်မှာ ပဲတွေကို လိုက်မသိမ်းရင် မရတော့ဘူး။ ဒါကြောင့် အခု အခြေအနေ နည်းနည်း ငြိမ်လာချိန်မှာ ပဲတွေကို ယူဆောင်ဖို့ စက်တပ်လှေတွေနဲ့ သွားကြတာပါ။ လေးမြို့မြစ် အထက်ပိုင်း ပလက်ဝမြို့နယ် အတွင်းမှာ မြေပဲနဲ့ ပဲဖြူစေ့တွေ စိုက်ကြပါတယ်။ အခု ရောမနီက ရွာသားလေးယောက်စလုံးပျောက်နေပါတယ်။ ဘယ်အဖွဲ့က ဖမ်းတယ်ဆိုတာလည်း စုံစမ်းလို့ မရပါဘူး။ ပျောက်နေတာ လေးငါးရက်ခန့်ရှိပါပြီ။ ကျွန်တော်လည်းမနေ့ကမှ သိရတော့ ဘယ်ကိုမှ မတိုင် ရသေးပါဘူး” ဟု ပြောကြားသည်။
သူတို့၏ စက်တပ်လှေများအား မော်ရွာ၊ ခြိတ်ချောင်းအနီးရှိ လေးမြို့မြစ်အတွင်း ချည်ထားသည်ကို တွေ့ရပြီး လူများကို အစအနတောင် မတွေ့ရဟု ၎င်းက ဆိုသည်။
ရောမနီ ကျေးရွာမှာ မြောက်ဦးမြို့ အရှေ့ဘက် ၄ မိုင်ခန့်အကွာ လေးမြို့မြစ်ဘေးတွင် တည်ရှိကြောင်းသိရသည်။
၎င်းကျေးရွာအနီး ပန်းမြောင်းကျေးရွာမှ မတ်လ ၁၉ ရက် ညနေပိုင်းက တပ်မတော် စစ်ကြောင်း တစ်ခုမှ ခေါ်ယူသွားသူ ဦးစောတင်မောင်နှင့် ဒေါ်တင်တင်ဝင်းတို့သား ၂၃ နှစ်အရွယ် စောဝင်းနိုင် (ပန်းထိမ်ဆရာ)၊ စိတ်မနှံ့သူ မောင်မြင့်နိုင် (၃၀) နှစ်၊ မြိုချောင်ကျေးရွာမှ ဦးမောင်လှသာနှင့် ဒေါ်မခင်ရွှေသား အသက် ၃၀ အရွယ် ဦးခင်မောင်နှင့် ဦးနှင်းသာထွန်းနှင့် ဒေါ်ခင်ခင်လှ တို့၏သား ကျော်အေးမောင် (၂၀)နှစ်တို့မှာလည်း ယခုအချိန်ထိ အိမ်ကို ပြန်မရောက်သေးသဖြင့် မိသားစုများအနေဖြင့် အထူးစိုးရိမ်နေကြသည်ဟု စောဝင်းနိုင်၏ မိခင်ဖြစ်သူ ဒေါ်တင်တင်ဝင်းက ပြောသည်။







