ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စည်တောင်ရွာမှ မတ်လ ၂၁ ရက်နေ့က ကျည်ဆံထိမှန် ပြီး ဒဏ်ရာ ရရှိသူ ၉ ဦးထဲမှ ဒဏ်ရာ ပြင်းထန်သူ အမျိုးသမီး ၂ ဦးကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီ ကော်မတီ ( ICRC) နှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ပူးပေါင်းအဖွဲ့မှ စပိဘုတ်ဖြင့် ယနေ့နံနက်က စစ်တွေသို့ ယူဆောင်သွားကြောင်း သတင်းရရှိသည်။
၎င်းအမျိုးသမီး ၂ ဦးမှာ စည်တောင်ကျေးရွာမှ ဒေါ်တင်အေးသိန်း (၄၁) နှစ် (ဘ) ဦးမောင်စောနှင့် မစိုးနန်းခင် (၁၇) နှစ် (ဘ) ဦးကျော်ရွှေ ဖြစ်ကြောင်း သိရသည်။
စေတီတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးသို့ ဆက်သွယ်ရာ အမျိုးသမီး ၂ ဦးကို စစ်တွေသို့ ယူဆောင် သွားခြင်းမှာ မှန်ကန်ပြီး နောက်ထပ် ဒဏ်ရာသူ ၇ ဦး စေတီတောင် တိုက်နယ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်ဟု ပြောကြားသည်။
စေတီတောင်တိုက်နယ် ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသူ ၇ ဦးမှာ စည်တောင်ကျေးရွာမှ ဒေါ်မသန်းဌေး (၄၃) နှစ်(ဘ) ဦးမောင်စံကျော်၊ မဖြူဖြူခိုင် (၁၈) နှစ် (ဘ) ဦးအောင်ကျော်ဇံ၊ ဦးမောင်ဝေသူ (၅၂) နှစ် (ဘ) ဦးဖြူသီးအောင်၊ ဒေါ်ခင်သန်းနု (၃၉) နှစ်(ဘ) ဦးမောင်ဖိုးယဉ်တို့ ဖြစ်ကြပြီး နောက်ထပ် ၂ ဦးမှာ စပါးထားကျေးရွာမှ မမိုးနှင်းနွယ် (၂၁) နှစ် (ဘ) ဦးသာအောင်ဖြူနှင့် မောင်ဝင်းခိုင်ဇော် (၁၃) နှစ် (ဘ) ဦးဇော်ဝင်းတို့ ဖြစ်ကြသည်။
စည်တောင်ရွာမှ သေဆုံးသွားသူ အလောင်း ၅ လောင်းကိုလည်း ICRC နှင့် ကြက်ခြေနီ ပူးပေါင်း အဖွဲ့မှ ဘူးသီးတောင်မြို့သို့ ယူဆောင်သွားကြောင်း သိရသည်။
မတ်လ ၂၁ ရက် ဘူးသီးတောင်မြို့နယ် စည်တောင်ရွာအတွင်း ပစ်ခတ်မှုကို စစ်တပ်မှ ပြုလုပ်ကြောင်း ကျေးရွာသားများက ပြောဆိုသော်လည်း စစ်တပ်ဘက်မှ AA နှင့် အပြန်အလှန် ပစ်ခတ်မှု အတွင်းထိ မှန်ခြင်း ဖြစ်ကြောင်း ပြောဆိုထားသည်။







