ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ တောဖျားချောင်းဒေသ၊ ဗုဒေါ္ဓကျေးရွာအနီးဝန်းကျင်တွင် မြန်မာ့ အစိုးရတပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲအတွင်း မတ်လ ၁၃ ရက် ညဉ့်အချိန်တွင် အစိုးရစစ်တပ်မှ ဂျက်တိုက်လေယာဉ်များကို အသုံးပြုပြီး တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများ ပြည်သူများက နိရဉ္စရာ သတင်းဌာနသို့ ပြောဆိုသည်။
“ တိုက်လေယာဉ်နဲ့ စတိုက်တာက ည ၁၀ နာရီကျော်လောက်က စတယ်။ ဗုဒေါ္ဓကျေးရွာအနီးက တောင်တန်းတွေကို တိုက်တာပါ။ လေယာဉ်ကိုတော့ မမြင်ရဘူး။ အသံကြားတာနဲ့ ရောက်လာတယ်။ ပစ်ချတဲ့ ဗုံးတွေ၊ ကျည်ဆံတွေကို နီရဲပြီး အမှောင်ထဲမှာ မြင်ရတယ်။ ထပ်ပျံလာတယ်။ ထပ်ချတယ်။ ဂျက်တိုက်လေယာဉ်လို့ ပြောနိုင်တာက အသံကြားရပါတယ်။ ခေါင်းကင်တစ်ခုလုံး လေယာဉ်ပျံသံ၊ ဗုံးပေါက်ကွဲသံ၊ လက်နက်ကြီးတွေနဲ့ ဆူညံနေပါတယ်” ဟု အနီးအနားရှိ ဒေသခံတစ်ဦးက ပြောကြားသည်။
ယခုလို တိုက်ပွဲမျိုးယခင်က တစ်ကြိမ်မှ မကြုံဖူးကြောင်း၊ ယခင် စစ်ရဟတ်ယာဉ်များဖြင့်သာ တိုက်ခိုက်သော်လည်း ယမန်နေ့ ညဉ့်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သည်မှာ စိုးရိမ် ထိတ်လန့်စရာကောင်းကြောင်း၊ ရွာသားများအနေဖြင့် တစ်ညဉ့်လုံး ကြောက်၍ မအိပ်ရဘဲ မိုးလင်းခဲ့ရကြောင်း ပြောကြားသည်။
အနီးအနားရှိ ဆင်သီကျေးရွာ ဒေသခံ တစ်ဦးကမူ “ ကျောက်တော်မြို့နယ် တောင်စောက် အမြောက်တပ်က အမြောက်ကြီးတွေနဲ့ အဲဒီနေရာဗုဒေါ္ဓကျေးရွာ အနောက်ဘက်တောင်ကြော တွေကို လှမ်းထုတယ်။ အဆက်မပြတ်ထုတယ်။ နည်းနည်းရပ်သွားရင် လေယာဉ်လာတယ်။ လာတာနဲ့ ဗုံးတွေချတော့တာပါဘဲ။ မြေကြီးတွေ တုန်သွားသလို ခံစားရပါတယ်။ လေယာဉ်ပြန်သွားရင် ကန်စောက် အမြောက်တပ် အမြောက်တွေ ဆက်လှမ်းထုတယ်။ ရပ်သွားရင် လေယာဉ်လာတယ်။ ဒီလိုဘဲ ချနေကြတာပါဘဲ။ ဂျိမ်း ဂျိမ်း ကြားရပါတယ်” ဟု ပြောကြားသည်။
မတ်လ ၁၃ ရက်နေ့ ညနေ ၄ နာရီကျော်မှ စစ်ရဟတ်ယာဉ်များဖြင့် AA ကို တိုက်ခိုက်ကြောင်း၊ ည ၈ နာရီကျော်၊ ၁၀ နာရီကျော်တွင်လည်း ရဟတ်ယာဉ်များဖြင့် အကြိမ်ကြိမ် လာပစ်ခတ်ကြောင်း၊ ညဉ့် ၁၀ နာရီကျော်တွင် ရဟတ်များ မလာတော့ဘဲ တိုက်လေယာဉ်ဖြင့် စတင် တိုက်ခိုက်ကြောင်း၊ တစ်ညလုံး တိုက်ခိုက်ကြောင်း၊ ည ၁၂ နာရီကျော် ၁ နာရီထိ တိုက်ခိုက်ကြောင်း၎င်းက ပြောကြားသည်။
ယခုလို တိုက်ခိုက်မှုကြောင့် ဆင်သီရွာသားများမှာ ယမန်နေ့ ညက ဘုန်းတော်ကြီးကျောင်းအောက်တွင် ပုန်းအောင်းပြီး နေကြကြောင်း၊ ရွာသားများ အကြား အထူး စိုးရိမ် ထိတ်လန့်နေကြပြီး မည်သို့ဆက်လက် လုပ်ဆောင်ရမည်ကို မသိဘဲ ဖြစ်နေကြရကြောင်း၊ အထူးသဖြင့် သက်ကြီးရွယ်အိုများ၊ မိန်းမများနှင့် ကလေးငယ် ဒုက္ခရောက်နေကြရကြောင်း ၎င်းက ပြောကြားသည်။
မတ်လ ၁၄ ရက် နံနက် ၇ နာရီကျော်ကလည်း ရဟတ်ယာဉ်များဖြင့် လာရောက် ပစ်ခတ်မှုများ ရှိနေကြောင်း၊ ၎င်းနေရာမှာ ဆင်သီနှင့် ဗုဒေါ္ဓကျေးရွာအကြား တောင်တန်းများ ဖြစ်ပြီး ၎င်းတောင်တန်းများတွင် အစိုးရ စစ်တပ်နှင့် AA အကြား တိုက်ပွဲဖြစ်ပွားနေသော နေရာ ဖြစ်ကြောင်း၊ ယမန်နေ့ ညနေကပါ ယနေ့နံနက်ထိ ၁၂ ကြိမ်ထက် မနည်း ရဟတ်ယာဉ်၊ တိုက်လေယာဉ်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း ၎င်းက ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ဗုဒေါ္ဓကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ကျော်လှိုင်အား ယနေ့ နံနက်က ဆက်သွယ်ရာ ၎င်းမှာ ရွာမှ စစ်ဘေးရှောင်များနှင့် အတူ ယိုးတရုပ်ကျေးရွာသို့ ရောက်ရှိနေသဖြင့် ကျေးရွာအခြေအနေကို လောလောဆယ်တွင် မသိရှိရသေးကြောင်း၊ တစ်ညဉ့်လုံး ဂျက်လေယာဉ်များ တိုက်ခိုက်နေသည်ကို မြင်တွေ့ရကြောင်း၊ ဗုံးကွဲသံ လက်နက်ကြီးသံများကို ကြားနေခဲ့ရကြောင်း ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သက်၍ အစိုးရ တာဝန်ရှိသူများထံမှ အတည်ပြုချက် ရယူနိုင်ရေး အတွက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးနှင့် ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသီဟအောင်တို့အား ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်က ဆက်သွယ်ရာ ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိပါ။
လက်ရှိ ရရှိသော သတင်းအရ ဆောင်းတူရွာသားများမှာ ကြောက်လန့်စိုးရိမ်ပြီး ဘေးလွတ်ရာသို့ ထွက်ပြေးနေကြသည်ဟု သိရသဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်သောင်းသို့ ယနေ့ နံနက် ဆက်သွယ်ရာ သူက “ တစ်ရွာလုံး ထွက်ပြေးနေကြပါတယ်။ ဘယ်ရွာလို့ မဟုတ်ဘူး။ ပြင်လျားရှည်၊ သဲတော်၊ နီးစပ်ရာရွာတွေကို ထွက်ပြေးနေကြပါတယ်” ဟု ပြောကြားသည်။







