ဂျပန်နိုင်ငံမှ ပေးအပ်လှူဒါန်းသည့် ကစ္ဆပနဒီ-၃ အမြန်ရေယာဉ် ကျောက်ဖြူသို့ရောက်ရှိ

ဂျပန်နိုင်ငံမှ ပေးအပ်လှူဒါန်းသည့် ကစ္ဆပနဒီ-၃ အမြန်ရေယာဉ် ကျောက်ဖြူသို့ရောက်ရှိ

ဂျပန်နိုင်ငံမှ ပေးအပ်လှူဒါန်းသည့် ကစ္ဆပနဒီ-၃ အမြန်ရေယာဉ်သည် မတ် ၈ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်က ကျောက်ဖြူသို့ ရောက်ရှိပြီး လက်ရှိအချိန်တွင် သင်္ဘောကြီးပေါ်မှ ရေချကာ င/လပွီ့ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားကြောင်း သတင်းရရှိသည်။

ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမိုးကျော် “ ကစ္ဆပနဒီ-၃ အမြန်ရေယာဉ်က မနေ့က ကျောက်ဖြူကို ရောက်ပါတယ်။ အခုတော့ သင်္ဘောကြီးပေါ်က ရေချထားပြီး ငလပွီ့ဆိပ်ကမ်းမှာ ကပ်ထားပါတယ်။ တရားဝင် လွဲပြောင်းပွဲတော့ မလုပ်ရသေးဘူး။ သံဃာတော်တွေကို ပင့်ဖိတ်ပြီး ဆွမ်းကျွေး ပရိတ်တော်တွေ ရွတ်ဖတ် ပူဇော်တာတွေ လုပ်ဖို့ အစီအစဉ်ရှိပါတယ်” ဟု နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

“ကစ္ဆပနဒီ-၃”အမြန် ရေယာဉ်ကို ရေယာဉ်တင်သင်္ဘောကြီး "MV V ISUZU VOY.NO.034" ပေါ်သို့ တင်ဆောင်ပြီး ဂျပန်နိုင်ငံ Yokohama ဆိပ်ကမ်းမှ ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၈)ရက်နေ့တွင် စတင် ခွာလာခဲ့ပြီး ၁၈ ရက်အကြာတွင် ကျောက်ဖြူဆိပ်ကမ်းသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

“ကစ္ဆပနဒီ-၃ ကို ဂျပန်နိုင်ငံမှ The Economic and Social Development Programme FY 2016 အစီအစဉ်အရ ဂျပန်နိုင်ငံ ပြည်သူများကပေးအပ် လှူဒါန်းခြင်း ဖြစ်ပြီး ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ Sumidagawa Shipyard တွင် တည်ဆောက်ခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဇော်ဝင်း နှင့် တာဝန်ရှိသူများက ကျောက်ဖြူသို့ ရောက်ရှိလာသည့် ကစ္ဆပနဒီ-၃ အမြန်ရေယာဉ်အား တင်ဆောင်လာသည့် MV.ISUZU သင်္ဘောကြီးပေါ်သို့ သွားရောက်ကြပြီး ရေပေါ်သို့ရေမချမီ ကြိုတင်စစ်ဆေး မှုများပြုလုပ်ခဲ့ကြကြောင်း၊ မွန်းလွဲ (၁၅း၃၀) နာရီအချိန်တွင် ကစ္ဆပနဒီ-၃ ရေယာဉ်သင်္ဘောကြီးပေါ်မှ ရေချလုပ်ငန်းများ ပြီးစီးခဲ့ကြောင်း သိရသည်။

“ ခရီးသည်ကတော့ ၁၅၀ ကနေ ၁၆၀ စီးနိုင်တယ်လို့ သိရပါတယ်။ တစ်နာရီ ရေမိုင် ၂၀ ခုတ်မောင်းနိုင်တဲ့ အမြန်ရေယာဉ် ဖြစ်ပါတယ်” ဟု မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောဆိုသည်။

ယခုရောက်ရှိလာသည့် “ကစ္ဆပနဒီ(၃)” ရေယာဉ်ကို ကျောက်ဖြူဆိပ်ကမ်းတွင် ဆိုက်ကပ်ရပ်နား၍ ဂျပန်နိုင်ငံမှ ကျွမ်းကျင် အင်္ဂျင်နီယာများက ရေယာဉ်တွင် လိုအပ်သည့် ပစ္စည်းများ တပ်ဆင်ခြင်း လုပ်ငန်း ကို မတ်လ (၉)ရက်နေ့မှ (၁၁)ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ မတ်လ (၁၂)ရက်နေ့တွင် စမ်းသပ် မောင်းနှင်ခြင်းပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

၎င်းနောက် “ကစ္ဆပနဒီ(၃)” ရေယာဉ်ကို ပြည်တွင်းရေကြောင်းပို့ဆောင်ရေးသို့ လွှဲပြောင်းပေးအပ်သွားမည် ဖြစ်ကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၏ သတင်းအရ သိရသည်။

ဆက်လက်၍ “ကစ္ဆပနဒီ(၃)” ရေယာဉ်တွင် တာဝန်ထမ်းဆောင် ကြမည့် ရေယာဉ်ဝန်ထမ်းများကို ရေယာဉ် စနစ်တကျမောင်းနှင်နိုင်ရန် ဂျပန်ပညာရှင်များက ကျောက်ဖြူမြို့တွင် မတ်လ (၁၃)ရက်နေ့မှ (၁၇)ရက်နေ့ အထိ ရက်တိုသင်တန်း ပို့ချသွားမည် ဖြစ်ကြောင်း နှင့် ရေယာဉ် လက်တွေ့မောင်းနှင်ခြင်းသင်တန်း ပြီးဆုံးပါက ကျောက်ဖြူမြို့မှ စစ်တွေမြို့သို့ ခုတ်မောင်း ပို့ဆောင်မည်ဖြစ်ကြောင်းသိရသည်။

ဂျပန်နိုင်ငံမှပေးပို့လှူဒါန်းသည့် “ကစ္ဆပနဒီ(၃)” ရေယာဉ်ကို အလူမီနီယံကိုယ်ထည်ဖြင့် တည်ဆောက် ထားပြီး အလျား(၃၄.၇၁)မီတာ၊ အနံ(၆.ဝ)မီတာ၊ စောက်(၂.၇)မီတာနှင့် ရေစူး (၁.၂၆) မီတာရှိပြီး၊ ခရီးသည် (၁၅၀)ဦး နှင့် ရေယာဉ်ဝန်ထမ်း (၁၀)ဉီးတင်ဆောင်နိုင်ကာ တစ်နာရီလျှင် ရေမိုင် (၂၀)မိုင်နှုန်း မောင်းနှင်နိုင်သည့် ကမ်းရိုးတန်းသွား အမြန်ရေယာဉ်ဖြစ်ကြောင်းသိရသည်။

“ကစ္ဆပနဒီ-၃” အသစ်တည်ဆောက်လှူဒါန်းသော သင်္ဘောဖြစ်ပြီး ယခင် ရခိုင်သို့ လှူဒါန်းခဲ့သည့် “ကစ္ဆပနဒီ- ၁” နှင့် “ကစ္ဆပနဒီ-၂ ”ကမ်းရိုးတန်း သင်္ဘော ၂ စီးမှာ လူစီးပြီးသား သဘောၤများကို ပြန်လည် ပြုပြင်ကာ လှူဒါန်းခြင်း ဖြစ်သည်ဟု သိရသည်။

Most read this week

ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...
ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...