လမ်းပိတ်ဆို့မှုကြောင့် မောင်တောတွင် စာမေးပွဲဖြေကျောင်းသားတစ်ချို့ အခက်ကြုံခဲ့ရ

လမ်းပိတ်ဆို့မှုကြောင့် မောင်တောတွင် စာမေးပွဲဖြေကျောင်းသားတစ်ချို့ အခက်ကြုံခဲ့ရ

ရခိုင်ပြည်နယ်၊ မောင်တောမြို့အဝင်လမ်းမတွင် ကားပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ပထမနေ့ တက္ကသိုလ်ဝင်တန်း ဖြေဆိုရန် လာရောက်ကြသည့် မြို့ပြင်နေ ကျောင်းသား ကျောင်းသူများမှာ အချိန် နောက်မကျရုံတမယ်ဖြစ်ခဲ့ရသည်ဟု ကျောင်းသားမိဘများက နိရဉ္စရာ သတင်းဌာနသို့ ပြောကြားသည်။

မောင်တောမြို့ပြင် သုံးမိုင်ရှိ မြတ်ပညာဘော်ဒါဆောင်မှ ကျောင်းသား ကျောင်းသူ ၇၀ ခန့်သည် ဆရာ ဆရာမများ၊ မိဘအုပ်ထိန်းသူများနှင့် အတူ ယနေ့ နံနက် ၇ နာရီမိနစ် ၄၀ခန့်က မောင်တောမြို့ အထက်တန်းကျောင်းသို့ စာမေးပွဲ ဖြေဆိုရန် ကား ၄ စီးဖြင့် လာရောက်စဉ် ကားလမ်း ပိတ်ဆို့ နေမှုကြောင့် မြို့ဝင်ဝတွင် နာရီဝက်ခန့် စောင့်ဆိုင်းနေခဲ့ကြရသည်ဟု ၎င်းတို့က ပြောသည်။

မင်္ဂလာညွန့်စံပြကျေးရွာမှ စာဖြေမည့် ကျောင်းသားအုပ်ထိမ်းသူ ဦးသန်းစောနိုင်က “ကျနော်တို့ စာမေးပွဲ ဖြေမယ့် ကလေးတွေကို တင်ပြီး ဟိုက်ဂျက် ကားနဲ့သွားကြတာပါ။ ကားနဲ့ သွားတဲ့ အချိန်မှာ မြို့သူကြီး ကနေ ကညင်တန်း မောင်တော အဝင်ထိ ကုန်ကားတွေ ပိတ်မိနေပြီး ကားတွေ အသွား အလာ လုပ်လို့ မရဖြစ်နေခဲ့ပါတယ်။ မနက်အစောကြီးထလာကြလို့သာ စာမေးပွဲဖြေမယ့် အချိန်မီလေးတော့ ရောက်ခဲ့ပါတယ်။ ဒါပေမယ့် ကလေးတွေက စိုးရိမ်စိတ်တွေများပြီး အချိန်ကုန်ခံကာ ပင်ပင်ပန်းပန်း သွားခဲ့ကြရတယ်” ဟု နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

နောက်နေ့များတွင်လည်း ယခုကဲ့သို့ ကားလမ်းပိတ်မည်ကိုစိုးရိမ်မိကြောင်း၊ သက်ဆိုင်ရာက ထိုသို့ ကားလမ်းပိတ်မှု မဖြစ်ရအောင် ကြိုတင်စီစဉ်ပေးစေလိုကြောင်း ၎င်းက ပြောဆိုသည်။

မြတ်ပညာဘော်ဒါဆောင်မှ ကျောင်းဆရာဖြစ်သူကျော်မြထွန်း က “ကလေးတွေ စာမေးပွဲဖြေဆိုဖို့သွားတာ လမ်းမှာ ကုန်ကားတွေကြောင့် ကားလမ်းပိတ်နေတဲ့ အတွက် လမ်းမှာ မိနစ် ၂၀ ကျော် ရပ်တန့်နေခဲ့ရတယ်။ မော်တော်ပီကေ တစ်ယောက်ဘဲ ရောက်လာတယ်။ နောက်ပြီးတော့ စာမေးပွဲဖြေဆိုပြီး အပြန်မှာ နောက်ထပ် တစ်ခါ မြို့ဝင် မုဒ်ဦးဝကနေပြီး မြို့သူကြီးအလွန်ထိ ကားလမ်းက ပိတ်ဆို့နေခဲ့တယ်။ ပြန်တဲ့ အချိန်မှာ မော်တော်ပီကေက မရှိတော့ဘူး။ တစ်နာရီလောက်ကြာတယ်။ လမ်းပိတ်တာ။ကလေးတွေက လမ်းဆင်းလျှောက်ရတယ်။ မိုးကလည်းရွာနေတော့ ကလေးနှစ်ယောက်မိုးမိပြီး နေမကောင်း ဖြစ်ချင်နေတယ်”ဟု ဆိုသည်။

မောင်တောမြို့နယ် ၃ မိုင် ရွာဟောင်း ဝေသာလီဝင်ဝ မေယုဂေါက်ကွင်းလမ်းအနီး ၎င်း မြတ်ပညာ ဘော်ဒါဆောင်တည် ရှိသည်။

သုံးမိုင်နှင့် မောင်တော အကြားကားလမ်းတွင် လမ်းကို ပြုပြင်နေမှုကြောင့် လမ်းတစ်ခြမ်းသာ အသုံးပြု သွားလာနေကြရကြောင်း၊ စာမေးပွဲ စတင်ဖြေဆိုသည့် ရက်တွင် မောင်တောတွင် အခါလွန်မိုး သည်းထန်စွာ ရွာပြီး လမ်းပိတ်ဆို့နေခဲ့ကြောင်း၊ ကျောင်းသား၊ကျောင်းသူများ စာမေးပွဲ ဖြေဆိုချိန်တွင် လမ်းခရီး အဆင်ပြေရန် သက်ဆိုင်ရာ တာဝန်ရှိသူများက စီစဉ် ပေးစေလိုကြောင်း ကျောင်းသား မိဘများက ပြောကြားသည်။

Most read this week

ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...
ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...