မြန်မာနိုင်ငံ တရားစီရင်ရေး သမိုင်းတစ်လျှောက်လုံး၌ ပါးစပ်နှင့်ဟောပြောသဖြင့် နိုင်ငံတော်ပုန်ကန်မှုဖြင့် တရားစွဲခံရသည်မှာ ဒေါက်တာအေးမောင်အမှု တစ်ခုသာ ရှိသေးကြောင်း ဒေါက်တာ အေးမောင်၏ အမှုကို လိုက်ပါဆောင်ရွက်ပေးနေသူ ရှေ့နေဦးအောင်ကျော်စိန်က ယနေ့ စစ်တွေခရိုင် တရားရုံးတွင် လျှောက်လဲချက် ပေးရာတွင် ပြောဆိုသွားခဲ့သည်။
မြန်မာနိုင်ငံ တရားစီရင်ရေး သမိုင်းတစ်လျှောက်လုံး၌ ပါးစပ်နှင့်ဟောပြောသဖြင့် နိုင်ငံတော်ပုန်ကန်မှုဖြင့် တရားစွဲခံရသည်မှာ ဒေါက်တာအေးမောင်အမှု တစ်ခုသာ ရှိသေးကြောင်း၊ မြန်မာနိုင်ငံ တရားစီရင်ရေးမှာ တစ်ခါမှ မရှိဖူးသေးကြောင်း၊ ထိုအကြောင်းတရားများကြောင့် ဒေါက်တာအေးမောင်ကို တရားစွဲထားသည့် ရာဇသတ်ကြီးပုဒ်မ ၁၂၂ နှင့် ပုဒ်မ ၅၀၅ တို့ဖြင့် အပြစ် မပေးသင့်ကြောင်း ရှေ့နေ ဦးအောင်ကျော်စိန်က လျှောက်လဲချက်ပေးရာတွင် ပြောဆိုသည်။
နိုင်ငံတော်ပုံကန်မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု တို့ဖြင့် တရားစွဲဆိုခံထားရသည့် ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင် အမှုကို ယနေ့ နှစ်ဘက် ရှေ့နေများ အပြီးသတ် လျှောက်လဲချက်ပေးခဲ့ကြသည်။
လာမည့် မတ်လ၁၉ ရက်နေ့တွင်သူတို့နှစ်ဦး အမှုကို အပြီးသတ် အမိန့်ချမှတ်မည်ဖြစ်သည်။
ဒေါက်တာအေးမောင်အမှုကို လိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော် ရှေ့နေဦးအောင်ကျော်စိန်က “ ဒီနေ့ အပြီးသတ် လျှောက်လဲချက်တင်တယ်။ ရှေ့နေတွေအနေနဲ့ ဆောင်ရွက်ရတဲ့ အပိုင်းက ပြီးသွားပြီး။ တရားရုံးက အမိန့်ချဖို့ အပိုင်းဘဲကျန်တယ်။ လာမယ့် မတ်လ ၁၉ ရက်နေ့မှာ အမိန့်ချမယ်” ဟု ပြောသည်။
ဒေါက်တာအေးမောင်တို့ရင်ဆိုင်နေရသည့်အမှုနှင့် ပတ်သက်ပြီး ယနေ့ အပြီးသတ် လျှောက်လဲချက်ပေးရာတွင် တရားသူကြီးအား ယခုလို လျှောက်လဲချက်ပေးခဲ့သည်ဟု သူက ပြောသည်။
ရှေ့နေ ဦးအောင်ကျော်စိန်က “ ဒေါက်တာအေးမောင်တို့ဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေအနေနဲ့ အဓိကတင်ပြတာက ဒေါက်တာအေးမောင်ရဲ့ ဟောပြောမှုဟာသူက နိုင်ငံရေး သမားတစ်ယောက်အနေနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှာ UPDJC အဖွဲ့ဝင်လုပ်ပြီးတော့ EAO ခေါ် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးသမားတွေ၊ ပါတီနိုင်ငံရေးသမားတွေ၊ တပ်မတော်နဲ့ ထိတွေ့ဆက်ဆံပြီး လုပ်ကိုင် ဆောင်ရွက်နေတဲ့ နိုင်ငံရေးသမားတစ်ဦးအနေနဲ့ ဒီနိုင်ငံမှာ နှစ်ပေါင်း ၇၀ ကြာဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကို ရပ်စဲပြီးတော့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ အချင်းချင်း သဟဇာတ ဖြစ်ဖို့ဆိုပြီး ပြည်သူလူထုက သင်ခန်းစာ ယူနိုင်အောင် သူဟောပြောခဲ့ ခြင်းသာဖြစ်တယ်။ နောက်ပြီး နိုင်ငံတော် ပုန်ကန်မှု ဥပဒေရာဇသတ်ကြီး ပုဒ်မ ၁၂၂ ရပေါ့ စွဲချက်တင်ထားတဲ့ ပြစ်မှုဆိုင်ရာ အဂါၤရပ်ဆိုတာ အဓိကအားဖြင့် စစ်မက် ပြိုင်ဆိုင်ရမယ်။ ဒေါက်တာအေးမောင် ဟောပြောချက်မှာ ကျနော်ဟာ သေနတ်ကိုင်တဲ့ လူမဟုတ်၊ ကျည်ဆံတစ်တောင့် မထွက်ဘဲ ရခိုင်လူမျိုးတွေရဲ့ ရသင့်ရထိုက်တဲ့ အချုပ်အချာအာဏာ၊ ပြည်တွင်း အချုပ်အချာအာဏာကို အခု ဒီတိုင်းရင်းသား ပြည်ထောင်စု ငြိမ်းချမ်းရေး ၂၁ ရာစုညီလာခံမှာ ဆွေးနွေးနေတဲ့ကိစ္စလည်း တိုင်းရင်းသားနဲ့ ပြည်ထောင်စုကြားမှာ အာဏာခွဲဝေမှု အပိုင်း အဲဒီဟာကို ဟောပြောခဲ့တာသာ ဖြစ်တယ်”ဟု ဆိုသည်။
၎င်းပြင်သူက “ ဒေါက်တာအေးမောင်ကိုယ်စား ရှေ့နေတွေဖက်က လျှောက်လဲချက် ပေးတယ်။ နောက်အလားတူပဲ ၅၀၅ ဆိုတာကလည်း ကောလာဟလကိုဖြစ်စေ မမှန်သတင်းကို ဖြစ်စေ ထုတ်လွှင့် ပြီးတော့ လူတစ်စု ထင်ယောင် ထင်မှားဖြစ်အောင် လူတစ်ယောက်နဲ့တစ်ယောက် ပဋိပက္ခဖြစ်အောင် လှုံဆော်တဲ့ ပြဌာန်းချက်ဖြစ်တယ်။ ဒေါက်တာအေးမောင်က တိုင်းပြည်မှာ တကယ် ဖြစ်နေတာ ဖြစ်ရပ်မှန်ကို ဟောပြောတာဖြစ်တယ်။ အဲလို ဟောပြောတာဖြစ်တဲ့အတွက် သူဟာ ကောလာဟလ ထုတ်လွှင့်တာ မဟုတ်ဘူး။ အဲလို ကောလာဟလ ထွက်လွှင့်တာ မဟုတ်လို့ရှိရင် သူ့ကိုပြစ်မှုနှင့် အရေးမယူရဘူး ဆိုပြီးတော့ ခြွင်းချက်ထဲမှာပါတယ်။ နောက်ပြီး ၅၀၅နဲ့လည်းအပြစ်မပေးသင့်ဘူးဆိုပြီတော့ ဒေါက်တာအေးမောင် ကိုယ်စား ရှေ့နေတွေကေ လျှာက်လဲချက်ပေးခဲ့ပါတယ်” ဟု ၎င်းကဆိုသည်။
ယနေ့ မတ်လ ၆ ရက်နေ့ လျှောက်လဲချက်ပေးရန် ဒေါက်တာအေးမောင်တို့အား ရုံးထုတ်လာစဉ် ဒေါက်တာအေးမောင်က “ဦးဝင်းမြင့်ကို ကျနော်ထောက်ခံတယ်။ တရားမျှတခြင်းနဲ့ ဆင်ခြင်တုံ တရားဟာ ညှို့နှိုင်းနိုင်အောင် ကြိုးစားတယ်။ ကျနော်တို့နဲ့ပြည်သူ့လွှတ်တော်မှာ အတူတူလုပ်လာခဲ့တာ။ ဖွဲ့စည်းပုံကို ပြင်ဖို့ လုပ်လာခဲ့တာ။ ကြိုက်သလို မေးကြည့် သူပြတ်သားတယ်။ အဲ့ဒီတော့ ပြည်နယ်အစိုးရ ကျနော်တို့ကို ဖိအားမပေးပါနဲ့။ သမ္မတကြီး လက်မှတ်ထိုးတာမို့လို့ ဆိုတာမျိုး မလုပ်နဲ့။၂၀၁၈ ဇန်နဝါရီ ၁၈ ရက်နေ့ သတင်းစာမှာ ပါတဲ့ စာသားတွေ ကျနော်ပြောတာမဟုတ်ဘူး။ ကြိုက်သလိုရေးသားကြတာ။ ကျနော်တို့ အသံဖိုင်ကို စစ်တဲ့ခါမှာ ဒါမျိုးမဟုတ်ဘူး” ဟု ဒေါက်တာအေးမောင်က သတင်းထောက်များကို ပြောဆိုသွားခဲ့သည်။







