မတရားအသင်း ဆက်သွယ်မူ ပုဒ်မ ၁၇ (၁)(၂) တို့ဖြင့် တရားစွဲဆိုခံထားရသည့် ကျောက်တော်မြို့နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ လူ ၁၃ ဦးကို ယမန်နေ့က စစ်တွေမြို့နယ် တရားရုံးတွင် ဒုတိယ အကြိမ် ရုံးထုတ်ခဲ့သည်။
ရုံးထုတ်ရာတွင် တရားသူကြီး သင်တန်းတက်နေသဖြင့် အမှုကို မစစ်ဆေးခဲ့ရကြောင်း ၎င်းအမှုအတွက် ရှေ့နေလိုက်ပေးနေသူ ရှေ့နေ ဦးဦးလှထွန်းက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။
“ မနေ့က ရုံးထုတ်ပါတယ်။ စစ်တွေမြို့နယ် တရားသူကြီးက မတ် ၁ ရက်နေ့ကနေ ၄ ရက်နေ့ထိ သင်တန်းသွားနေတဲ့ အတွက် မနေ့ကတော့ မစစ်ဖြစ်ပါ။ မတ်လ ၁၈ ရက်နေ့ကို ထပ်မံ ရုံးချိန်း ပေးလိုက်ပါတယ်” ဟု ဦးဦးလှထွန်းက ပြောသည်။
၎င်းတို့ ၁၃ ဦးအား တရားစွဲဆိုသူမှာ ကျောက်တော် အခြေစိုက် အမှတ် ၃၇၅ တပ်ရင်းမှ ဗိုလ်မှူး နိုင်အောင်ဖြိုးဖြစ်ကြောင်း၊ ဖေဖော်ဝါရီ ၁၈ ရက်နေ့က စစ်တွေမြို့နယ် တရားရုံးတွင် ရုံးထုတ် တရားစွဲဆိုခဲ့ကြောင်း၊ ယခု တစ်ကြိမ်မှာ ဒုတိယ အကြိမ် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
တရားစွဲဆိုခံရသူ ၁၃ ဦးမှာ ၎င်းတို့အား အိမ်တည်းခံသူ ကျောက်တော်မြို့၊ ရွာမရပ်ကွက်မှ ဦးသိန်းစိုး၊ဒေါ်လှလှရီ၊ ဆင်အိုးဝရွာမှ ကျော်ဝင်းလိူင်နှင့် မောင်စိုးလှိုင်၊ ရှင်းလက်ဝရွာမှ အောင်လင်း၊ မောင်စံသာ၊ အောင်မျိုးသန့်၊ လှမောင်သိန်း၊ စောရွှေမောင်၊ ဆန်းတင်၊ မောင်သံတုတ်၊ အောင်သန်းနှင့် ဦးမောင်ခိုင်တို့ ဖြစ်ကြပြီး ဖေဖော်ဝါရီ ၄ ရက်နေ့က ညဉ့်အချိန်တွင် ကျောက်တော်မြို့ ဦးသိန်းစိုးနေအိမ်တွင် တည်းခိုနေစဉ် ရဲက ဖမ်းဆီးခဲ့သည်။
ရှင်းလက်၀ ဒေသခံ ဒေါ်တင်အေးက “ သူတို့က ရခိုင်လူမျိုးတွေပါ။ ကျောက်တော်မှာ စစ်ဘေးရှောင်ရင်း ဖမ်းဆီးခံခဲ့ကြရတဲ့ ၂၆ ယောက်ထဲက ၁၃ ယောက် ဖြစ်ပါတယ်။ ကျန် ၁၃ ယောက်ကတော့ စစ်ဆေးပြီးနောက် လွတ်သွားပါတယ်။ ကျွန်မတို့ရှင်းလက်ဝက အများစုပါ။ ၂ ယောက်ကတော့ ဆင်အိုးဝရွာကပါ” ဟု သူမက ပြောဆိုသည်။
ပလက်ဝမြို့နယ် ရှင်းလက်၀ စစ်တပ်စခန်းတွင် သူမ၏သား ဇင်မင်းထိုင် (၂၅) နှစ် အပါအဝင် ဦးထွန်းအေး (၄၀)နှစ်(ဘ) ဦးညိုထွန်းမောင်၊ ဦးထွန်းအေး(၃၀) နှစ်(ဘ) ဦးရွှေထွီးဖြူတို့လည်း ဒေသခံတစ်ချို့၏ သတင်းမှားပေးမှုကြောင့် ဖမ်းဆီးခံထားရသည်ဟု ဒေါ်တင်အေးက ပြောကြားသည်။







