နေရပ်ပြန်ဒုက္ခသည်များ ရေရှည်အလုပ်အကိုင်ရှားပါးမှု ပြဿနာကြုံတွေ့မည်ကိုစိုးရိမ်

နေရပ်ပြန်ဒုက္ခသည်များ ရေရှည်အလုပ်အကိုင်ရှားပါးမှု ပြဿနာကြုံတွေ့မည်ကိုစိုးရိမ်
Myanmar Consulate- General,Chiang Mai facebook
Myanmar Consulate- General,Chiang Mai facebook

မိမိဆန္ဒအလျောက်နေရပ်ပြန် ဒုက္ခသည်များသည် လတ်တလောတွင်အဆင်ပြေနိုင်သော်လည်း ရေရှည်တွင် အလုပ်အကိုင်ရှားပါးမှုပြဿနာ ကြုံတွေ့လာရမည်ကိုစိုးရိမ်ကြောင်း ကရင်နီဒုက္ခသည် ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့မှ အဖွဲ့ခေါင်းဆောင် ကိုဗညားကပြောသည်။

၎င်းက “ကျနော်တို့ စိုးရိမ်တာကရေရှည်အသက်မွေးဝမ်းကြောင်းမဖန်တီးပေးနိုင်ဘူးဆိုရင် ရေရှည်စားဖို့သောက်ဖို့က ပြဿနာကြုံနိုင်တယ်။ ဘာဖြစ်လို့လဲဆိုရင် စိုက်ပျိုးလုပ်ကိုင်ဖို့အတွက် မြေနေရာမရှိတာရယ်၊ လက်တွေ့မှာလည်းအလုပ်အကိုင်ရှားပါးမှုကြောင့် အခက်အခဲကြုံနိုင်ပါတယ်” ဟုပြောပါသည်။

ထိုင်းနိုင်ငံ၊ bainainaisoi ကရင်နီဒုက္ခသည်စခန်းအမှတ်(၁)မှ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသူ (၅၉)ဦးအားထိုင်းအာဏာပိုင်များက မယ်စဲ့မြို့၊ နယ်စပ်ဂိတ်မှ တဆင့် ကယားပြည်နယ်အစိုးရထံသို့ဖေဖော်ဝါရီလ ၂၁ရက်နေ့တွင် လွှဲပြောင်းပေးခဲ့သည်။

ပြည်နယ်အစိုးရမှ စီစဉ်ပေးနေသည်ဟု ဆိုသည့်အသက်မွေးဝမ်းကြောင်းဆိုင်ရာသင်တန်းများစားရင်းသည် သင်တန်းပြီးပါက အလုပ်အကိုင်မဖန်တီးပေးနိုင်ပါက အလုပ်လက်မဲ့ ဖြစ်သွားနိုင်သည့်အတွက် စိုးရိမ်မှုတရပ် ဖြစ်လာစေသည်ဟု ကိုဗညားက ဆိုပါသည်။

ထို့ပြင် နိုင်ငံသားစိစစ်ရေးကတ်ပြားသည် အသက်မွေးဝမ်းကြောင်းဆိုင်ရာ အလုပ်အကိုင်ရရှိရေးတွင် အရေးကြီးသည့်အရာတခုဖြစ်သည့်အတွက် ယခုနေရပ်ပြန်လာကြသူများ အများစုသည် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိကြကြောင်းသိရသည်။

ယခုနေရပ်ပြန်လာသူများကိုတော့ အစိုးရဘက်မှ ကျန်းမာရေးစောင့်ရှောက်မှု စာရင်းပြုလုပ်ထားပြီး တစ်နှစ်စာဆေးမှတ်တမ်း ပြုလုပ်ထားပေးသည်ဟု မယ်စဲ့မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသန့် ကပြောသည်။

“၅၉ဦးလုံးအတွက် တစ်နှစ်စာဆေးကုနိုင်ဖို့အတွက် စာရင်းသွင်းတာပေါ့နော။ ဆေးမှတ်တမ်းလုပ်ပေးတယ်။ ဆေးမှတ်တမ်းကို ပြမယ်ဆိုရင်တော့ ဘယ်မြို့နယ်မှာပဲ ဖြစ်ဖြစ်ဆေးကုလို့ရအောင် လုပ်ထားပေးတယ်” ဟု ၎င်းကပြောသည်။

လက်ရှိတွင် အဆင်ပြေနိုင်ရန်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဆိုင်ရာ ပြည်နယ်ဦးစီးမှူးရုံးမှ အိမ်ထောင်စုစာရင်းစစ်ဆေးခြင်း၊ ပြည်နယ် ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန မှ ကျန်းမာရေးစစ်ဆေးခြင်း၊ ပြည်နယ်ပညာရေးညွှန်ကြားရေးမှူးရုံးမှ ကျောင်းနေအရွယ်များအားစိစစ် ပေးခြင်း၊ ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အိမ်ထောင်စုစာရင်းများ ကောက်ယူခြင်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဒုက္ခသည်စခန်းမှ နေရပ်သို့ ပြန်လည်ရောက်ရှိလာသူများမှာ လွိုင်ကော်မြို့နယ် ၁၇ ဦး၊ ဒီမော့ဆိုမြို့နယ်မှ ၂၄ ဦး၊ ဖရူဆိုမြို့နယ်မှ (၇)ဦး၊ ဖားဆောင်းမြို့နယ်မှ ၅ ဦး၊ ရှားတောမြို့နယ်မှ ၆ ဦးဖြစ်ပြီး မိသားစု ၁၅စု ရှိကြောင်းသိရသည်။

နိုင်ငံသားစီစစ်ရေးကတ်ပြားရှိမရှိစာရင်းများကောက်ခံခဲ့ပြီးမရှိပါကသက်ဆိုင်ရာ မြို့နယ်အလိုက် ပြုလုပ်ပေးသွားမည်ဟု မယ်စဲ့မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသန့်ထံမှ သိရသည်။

၎င်းက “လောလောဆယ် လဝကအပိုင်းကဘာလုပ်လဲဆိုရင်တော့ အိမ်ထောင်စုစာရင်းကောက်တာပေါ့နော။ ဘယ်သူမှတ်ပုံတင် ရှိလဲမရှိဘူးဆိုတာကိုစီစစ်တယ်။ မှတ်ပုံတင်မရှိတဲ့သူတွေ လုပ်လို့ရအောင် စာရင်းတွေယူတယ် မှတ်တင်တွေ ယူတဲ့ အဆင့်ပဲရှိသေးတယ်။ မှတ်ပုံတင်မရှိသေးတဲ့သူတွေကတော့ သက်ဆိုင်ရာ မြို့နယ်အလိုက် ဆက်ထုတ်ပေးမယ်” ဟု ပြောပါသည်။

ကရင်နီဒုက္ခသည်စခန်းမှ ပြည်တွင်းသို့ မိမိဆန္ဒအလျောက် ပြန်လည် ဝင်ရောက်လာသည်မှာလက်ရှိတွင် ဒုတိယအကြိမ်ရှိနေပြီး ဖြစ်ပြီး ၂၀၁၈ခုနှစ်တွင်လည်းပထမအကြိမ် ၂၀ ဦးဝင်ရောက်ခဲ့တယ်လို့ ကရင်နီဒုက္ခသည် ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့ထံမှ သိရသည်။

ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...
စစ်ကော်မရှင်တပ်ရဲ့ ရိုက်နှက်ခြင်းခံရတဲ့ စစ်ရှောင်အမျိုးသားတဦးကို တွေ့ရစဉ်
May 11, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်တနေရာကို ဦးတည်စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဟာ မေလ ၈ ရက်နေ့ ၂...
May 9, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းမှာ မနေ့က မေ ၇ ရက်ကစလို့ စက်သုံးဆီ...
ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုမြို့နယ်
May 8, 2026
မေလ ၆ရက်နေ့မှာ ကျရောက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို (DMO Local PDF)ရဲ့ တပ်တည်ထောင်ခြင်း (...