ကျောက်တော်တွင် ဆယ်တန်းဖြေဆိုမည့် ကျောင်းသားတစ်ဦး စစ်တပ်ကဖမ်းဆီး၍ ပြန်လွတ်ပြီးနောက် စကားမပြောနိုင်ဖြစ်နေ

ကျောက်တော်တွင် ဆယ်တန်းဖြေဆိုမည့် ကျောင်းသားတစ်ဦး စစ်တပ်ကဖမ်းဆီး၍ ပြန်လွတ်ပြီးနောက် စကားမပြောနိုင်ဖြစ်နေ

ရခိုင်ပြည်နယ် ကျောက်တော်မြို့ အထက်တန်းကျောင်းတွင် ဆယ်တန်းဖြေဆိုမည့် အသက် ၁၇ နှစ်အရွယ် ကျောင်းသားတစ်ဦးအား စစ်တပ်က ဖမ်းဆီးကာ ပြန်လွတ်ပေးပြီးနောက် စကားမပြောနိုင်၊ ထမင်းလည်း မစားနိုင်၊ ရေလည်း မသောက်နိုင်ဘဲ ဖြစ်နေကြောင်း ဖခင်ဖြစ်သူက ပြောသည်။

“ သူက စကားပြောလို့ မရဘူး။ ကြောက်တယ်။ ကြောက်တယ်။ အဲသလိုတစ်ခုဘဲ ရပါတယ်။ ထမင်းလည်း မစားနိုင်၊ ရေလည်းမသောက်နိုင်ဖြစ်နေပါပြီ။ အခု စစ်တွေဆေးရုံကို ယူလာပါတယ်”ဟု ဖခင်ဖြစ်သူ ဦးရွှေစိန်ဦးက ပြောသည်။

လူနှစ်ယောက်သုံးယောက်လာလျှင်လည်း စစ်သား၊ စစ်သား လာသည်ဟု ပြောဆိုကြောင်း ဖခင်ဖြစ်သူက ဆက်လက် ပြောဆိုသည်။

အဆိုပါကျောင်းသားမှာ ကျောက်တော်မြို့ ပြည်တော်သာရပ်ကွက်မှ (ဘ) ဦးရွှေစိန်ဦးနှင့် (မိ) ဒေါ်ယိုင်စိန်၏သား မောင်ဇော်နိုင်ဌေး ဖြစ်ပြီး သူ၏ မွေးသက္ကရာဇ်မှာ ၂-၃-၂၀၀၂ ဖြစ်သည်။ သူဆယ်တန်းဖြေမည့် ခုံနံပတ်မှာ ဒခ ၄၀၁ အထက/ ကျောက်တော် ဖြစ်ကြောင်း သိရသည်။

“ကျနော့်ကိုပြောတာတော့ ခေါင်းတွေကိုက်တယ်လို့ပြောပါတယ်။ နားထင်တွေ ကိုက်တယ်လို့ပြောပါတယ်။ သေနတ်နဲ့ ထောက်ပစ်လိုက်တဲ့ နားထင်လေ။ သေနတ်အဝနဲ့ ထုပစ်လိုက်တာလို့ပြောပါတယ်။ ဒါကြောင့် ဓာတ်မှန်ရိုက်ကြည့်ချင်လို့ အခု စစ်တွေဆေးရုံကို ပိုဆောင်ဖို့ ယူလာပါတယ်”ဟု ဦးရွှေစိန်ဦးက ဆိုသည်။

လက်ရှိတွင် သူသည် ခေါင်းကိုက်ဝေဒနာခံစားနေရပြီး နားထင်များလည်း နာကျင် ကိုက်ခဲနေသည့် အတွက် ဓာတ်မှန်ရိုက်ရန် ကျောက်တော်ဆေးရုံမှတဆင့် စစ်တွေဆေးရုံသို့ ယူဆောင်လာကြောင်း ဦးရွှေစိန်ဦးက နိရဉ္စရာသို့ပြောသည်။

မောင်ဇော်နိုင်ဌေးသည် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ညနေ ၄ နာရီကျော်ခန့်အချိန်က သူ၏ဆိုင်ကယ်အား ကျောက်တော်ရှိ ဆီဆိုင်တစ်ခုတွင်၌ ဆီဖြည့်၍အပြန် ၃၇၅ တပ်ရင်းဂိတ်အရောက်တွင် စစ်သားအချို့က သူနှင့်အတူ ဆိုင်ကယ်အား ကားဖြင့်ဖမ်းဆီးခေါ်ဆောင်ကာ ကန်စောက်တောင်ခြေရင်းရှိ ၅၃၉ တပ်ရင်းသို့ ခေါ်ဆောင်သွားခဲ့သည်ဟု ဆိုသည်။

စစ်တပ်က စစ်ဆေးမေးမြန်းမှုများပြုလုပ်စဉ် စာမေးပွဲဖြေဆိုမည့်ကတ်အား တာဝန်ရှိသူ စစ်တပ်မှ အရာရှိတစ်ဦးအား ပြသသဖြင့် သူ့အား ယင်းနေ့ည ၇ နာရီခန့်တွင် ပြန်လည် လွတ်ပေးခဲ့သည်ဟု ဆိုသည်။

သူ့မှာ အိမ်သို့ရောက်အောင် မပြန်နိုင်သဖြင့် ကျောက်တော်သို့ မရောက်မီ ပုဏ္ဏားရွာရှိ သူငယ်ချင်း ဖြစ်သူထံတွင် ညအိပ်ရပ်နားခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် သူ့အား ဖခင်ဖြစ်သူက ပုဏ္ဏားရွာမှတဆင့် ကျောက်တော်သို့ ခေါ်ဆောင် လာခဲ့ကြောင်း၊ ခေါ်ယူလာစဉ် မောင်ဇော်နိုင်ဌေးမှာ မူမမှန်သည့်အတွက် ကျောက်တော်ဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ရကြောင်း ဖခင်ဖြစ်သူက ဆိုသည်။

” ကျနော့်သားလေးဟာ ဆယ်တန်းစာမေးပွဲဖြေရမယ့်ဆဲဆဲမှာ အခုလိုဖြစ်သွားတော့ ကျနော့်အနေနဲ့ စိတ်မကောင်းဘူးပေါ့ဗျာ။ ကျနော့်သားလေး ကျန်းကျန်းမမာနဲ့ ပြန်ဖြစ်မှာကိုပဲလိုချင်ပါတယ်”ဟု ဖခင်ဖြစ်သူ ဦးရွှေစိန်ဦးက ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ဖေဖော်ဝါရီလ ၂၃ ရက်နေ့ မွန်းလွဲပိုင်းက ဦးရွှေစိန်ဦးကို အမှတ် ၃၇၅ တပ်ရင်းမှ အရာရှိအချို့က ကျောက်တော်မြို့မရဲစခန်းသို့ခေါ်ဆောင်ကာ စစ်ဆေးမေးမြန်းမှုအချို့ပြုလုပ်ခဲ့ပြီး သူ၏သားအား ၃၇၅ တပ်ရင်းက ဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်းမရှိခဲ့ဟု ပြောဆိုခဲ့ကြောင်း ဦးရွှေစိန်ဦးက ဆိုသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ၃၇၅ တပ်ရင်းနှင့် ၅၃၉ တပ်ရင်းသို့ နိရဉ္စရာက ဆက်သွယ်ကြိုးစားခဲ့သော်လည်း အဆက်အသွယ်မရခဲ့ပါ။

Most read this week

January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...
ဗုံးကြဲခံခဲ့ရသည့်မြောက်ဦးပြည်သူ့ဆေးရုံအတွက် ဂျပန်နိုင်ငံတွင် အလှူငွေကောက်ခံနေ
January 12, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဗုံးကြဲခံလိုက်ရသည့်ပြည်သူ့ဆေးရုံအားထောက်ပံ့နိုင်ရန်...