ရခိုင်ပြည်သူတို့အနေဖြင့် တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး ပြည်နယ်အစိုးရအား တိုက်တွန်းသည့် အဆိုသည် ယနေ့ကျင်းပသောပြည်နယ်လွှတ်တော်တွင် ရှုံးနိမ့်သွားကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၂ဝ ရက်ရက်နေ့ကကျင်းပသည့် ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် တပ်မတော်သား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူး သက်ဦးမောင်၏ “တပ်မတော်သည် ဒို့တာဝန်အရေးသုံးပါးကို အစဉ်ဦးထိပ်ပန်ဆင်ပြီး ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ် လုံခြုံ စိတ်ချ စေရေး၊ အမျိုးဘာသာ သာသနာအား ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရေးကို ပြည်သူတို့၏ရှေ့မှ မားမားမတ်မတ် ရပ်တည်လျက်ရှိရာ ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသား ပြည်သူလူထုအနေဖြင့် တပ်မတော်၏ လုပ်ဆောင်ချက်များအပေါ် ဝိုင်းဝန်းကူညီ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး ပြည်နယ် အစိုးရအား တိုက်တွန်းကြောင်း အဆို” အား မဲခွဲဆုံးဖြတ်ရာတွင် ယခုကဲ့သို့ ရှုံးနိမ့်သွားခြင်းဖြစ်သည်။
“မဲခွဲဆုံးဖြတ်တော့ သူတို့ဘက်က ရှုံးတယ်။ မတ်တတ်ရပ်ပြီး မဲခွဲဆုံးဖြတ်တာပါ။ ဒီဘက်က နိုင်တယ်။ အဆိုရှင်ဘက်က ရှုံးတယ်။ ဒါကြောင့် အဲဒါကို မှတ်တမ်း တင်တယ်ပေါ့လေ”ဟု ကျောက်ဖြူမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံက ပြောသည်။
ယင်းအဆိုအား တပ်မတော်သား ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဗိုလ်ကြီးကျော်မင်းသန်းက ထောက်ခံဆွေးနွေးခဲ့သော်လည်း အဆိုအား ပြည်နယ်လွှတ်တော်တွင် ဆွေးနွေးရန် သင့်/မသင့် လွှတ်တော်ကိုယ်စားလှယ်များ၏သဘောထားအားရယူရာတွင် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် အများစုက ဆွေးနွေးရန်မသင့်ဟု မတ်တပ်ရပ်ကန့်ကွက်လိုက်သည့်အတွက် ယခုကဲ့သို့ ရှုံးနိမ့်သွားခြင်းလည်းဖြစ်သည်။







