ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသော လက်နက်ကိုင်တိုက်ပွဲများအား အမြန်ဆုံးရပ်ဆိုင်းရန် “ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှတစ်ဆင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့” တိုက်တွန်းသည့် အဆိုကို ယနေ့ တင်သွင်းရာ ၎င်းအဆိုအားလက်ခံဆွေးနွေးရန် ရခိုင်ပြည်နယ် လွှတ်တော်က သဘောတူလိုက်ပြီဟု သတင်းရရှိသည်။
၎င်းအဆိုကို ဖေဖော်ဝါရီလ ၁၄ ရက် ယနေ့ ကျင်းပသည့် ရခိုင်ပြည်နယ်လွှတ်တော် နဝမ ပုံမှန် အစည်းအဝေး ဒုတိယနေ့တွင် ရသေ့တောင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဦးသန်းနိုင်မှ တင်သွင်းခဲ့သည်.
ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်က “ကျွန်တော်အနေနဲ့ ဒီအဆိုကို တင်ရတဲ့ ရည်ရွယ်ချက် ကျွန်တော်တို့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ တပ်မတော်နဲ့ AA တို့ အကြား ဖြစ်နေတဲ့ တိုက်ပွဲတွေ ကျယ်ပြန့်လာတဲ့ အတွက် ဒေသခံတွေရဲ့ လုံခြုံရေး၊ လုပ်ကိုင်စားသောက်ရေး၊ စီးပွားရေးတွေကပါ ထိခိုက်လာတဲ့ အတွက် ဒေသခံ ပြည်သူတွေကိုယ်စား တိုက်ပွဲတွေကို ရပ်ဖို့ အဆိုတင်ရတာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။
ရခိုင်ပြည်နယ်လွှတ်တော်မှ တိုက်ပွဲရပ်စဲရေး အဆိုကို လက်ခံဆွေးနွေးပြီး အဆိုအောင်မြင်ပါက ပြည်နယ် အစိုးရမှ တဆင့် ပြည်ထောင်စု အစိုးရသို့ တိုက်တွန်းသွားမည် ဖြစ်ကြောင်း သိရသည်။
“ အဆိုကို လွှတ်တော်မှာ ကန့်ကွက်သူ မရှိ အကုန်လုံး သဘောတူပါတယ်။ ဒီအဆိုကို ဘယ်နေ့ ဆက်ဆွေးနွေးမယ်ဆိုတာကို မသိရသေးဘူး။ တနင်္လာ နောက်ဆုံးထားပြီး ဆွေးနွေးမယ့်သူတွေရဲ့ စာရင်းကို တောင်းထားပါတယ်” ဟု ပြောကြားသည်။
ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်၏ ယနေ့ တင်သွင်းသည့် အဆိုကို မြောက်ဦးမြို့နယ် အမှတ် (၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဝင်း ထောက်ခံဆွေးနွေးခဲ့သည်။
မြောက်ဦးမြို့နယ် အမှတ် (၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဝင်းက “ ကျွန်တော်တို့ ရွာတွေကို ဆင်းကြည့်တဲ့ အခါ ဒီရခိုင်မှာ ဖြစ်တဲ့ တိုက်ပွဲတွေကြောင့် ကျေးလက်တောရွာက လူတွေ တော်တော် အခက်အခဲဖြစ်နေကြတယ်။ တစ်နေ့စာ တစ်နေ့ ရှာစားနေတဲ့ လူတွေဟာ အခု ထင်းတို့ ဝါးတို့ ခုတ်လို့ မရတော့ဘူး။ ဟင်းသီးဟင်းရွက်ရှာစားလို့ မရတော့ဘူး။ လက်လုပ်လက်စားတွေရဲ့ အိမ်မှာ ဆန်မရှိ ဖြစ်နေကြပြီ။ တစ်ဖက်မှာလည်း နီပေါနိုင်ငံ ဖြစ်စဉ်မှာ လွှတ်တော်ကနေ ကြားဝင်ပြီး အစိုးရနဲ့ လက်နက်ကိုင် အဖွဲ့တွေအကြား ဖြစ်နေတဲ့ စစ်ပွဲတွေကို ကြားဝင်ပြီး ကမထက ပြုလုပ်ခဲ့တဲ့ အတွက် အောင်မြင်မှုရခဲ့တဲ့ သာဓကတွေ ရှိတဲ့ အတွက် ရခိုင်ပြည်နယ် လွှတ်တော်က ကြားဝင်ဆောင်ရွက်နိုင်အောင် ဒီအဆိုကို ထောက်ခံ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်” ဟု ပြောကြာသည်။
အဆိုရှင် ရသေ့တောင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၏ တင်သွင်းသည့် အဆိုတွင် “ မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခလမ်းစဉ် နှစ် ၇၀ ခန့်ရှိခဲ့ပြီဖြစ်သော်လည်း ယနေ့အထိ မပြီးဆုံးသေးကြောင်း နှစ်ဖက်လက်ကိုင်တိုက်ပွဲများဖြစ်ပွားနေသည့် ဖြစ်စဉ်တွင် တိုင်းရင်းသား ညီအစ်ကိုများသာ အချင်းချင်း ဖြစ်ပွားသည့်အခြေအနေမျိုးဖြစ်ပြီး ထိခိုက်သေကြေဒဏ်ရာရရှိသူတွေဟာ လည်း မိမိ၏ ပြည်ထောင်စု တိုင်းရင်းသားညီအစ်ကိုများသာဖြစ်ကြောင်း၊ တိုက်ပွဲများ နောက်ထပ်ထိပ်တိုက် ရင်ဆိုင်မှုများ မဖြစ်ပွား စေရန် ငြိမ်းချမ်းရေးလမ်းစဉ်ကို လျှောက်လှမ်းနိုင်ရန်အတွက် နှစ်ဖက်စေ့စပ်ညှိနှိုင်းပြီး အဖြေရှာမှသာလျှင် ရေရှည်၌ တည်ငြိမ်အေးချမ်းပြီး တိုင်းရင်းသားအချင်းချင်း စည်းလုံး ညီညွတ်မှု ရရှိလာမည် ဖြစ်ပါကြောင်း တိုက်ပွဲများဖြစ်ပွားမှုကြောင့် ဒေသခံတိုင်းရင်းသားပြည်သူများမှာ မိမိတို့၏ အိုးအိမ်လုပ်ငန်းခွင် များကို စွန့်လွှတ်ထွက်ပြေးတိမ်းရှောင်လာကြရသဖြင့် ယခုအခါ ၆၀၀၀ ကျော်အထိပင်ရှိလာပြီဖြစ်ပါကြောင်း ထို့ကြောင့် ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးမြို့နယ်များတွင် နှစ်ဖက်ဖြစ်ပွားနေသော လက်နက်ကိုင်တိုက်ပွဲများအား ယင်းဒေသရှိ တိုင်းရင်းသားပြည်သူများ၏ အသက် အိုးအိမ်ကို ငဲ့ညာစောင့်ရှောက်သောအားဖြင့် လက်နက်ကိုင်တိုက်ပွဲများအား အမြန်ဆုံး ရပ်ဆိုင်းပေးရန် ပြည်နယ်အစိုးရအဖွဲ့မှတစ်ဆင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်း အဆိုတင်သွင်း အပ်ပါကြောင်း ဖော်ပြထားသည်။







