ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကန်စောက်တံတား အနီးရှိ ပန်းဖဲချောင်းကျေးရွာတွင် နေအိမ် ၃ လုံးကို ဖေဖေါ်ဝါရီ ၅ ရက် ည ၁၁ နာရီ အချိန်က စစ်တပ်နှင့်ရဲ ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်ရှာဖွေခဲ့သည်ဟု သတင်းရရှိသည်။
ဝင်ရောက်ရှာဖွေခံခဲ့ရသည့် အိမ်များမှာ ပန်းဖဲချောင်းကျေးရွာမှ ဦးမောင်ကျော်ဝင်းနေအိမ်၊ ကျော်စိန်လှ နေအိမ်နှင့် အောင်ဖော်စံဆန်စက်တို့ဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောကြားသည်။
အိမ်ထဲ ဝင်ရောက် ရှာဖွေခံရသည့် ဦးမောင်ကျော်ဝင်း ဇနီးဖြစ်သူ ဒေါ်မတင်ရွှေက “ကျွန်မက အိပ်နေတယ်။ ကျွန်မအိမ်ရှင်အမျိုးသားကလည်းမရှိဘူး။ အလုပ်ကိစ္စနဲ့ ညအိပ်ခရီးသွားနေတယ်။ ဆိုတော့ ည ၁၁ နာရီလောက်မှာ ကျွန်မ အိမ်ရှင်နာမည်ကို ခေါ်တယ်။ ခေါ်တဲ့အချိန်မှာ ကျွန်မ အိပ်ရာက နိုးလာပြီး အိမ်ရှင်မရှိဘူးလို့ ပြောလိုက်တော့ သူတို့ကတံခါးဖွင့်ပေးဖို့ပြောပါတယ်။ ကျွန်မက ဘာလုပ်မလဲလို့ မေးလိုက်တော့ သတင်းအတိအကျရထားတယ်။ အဲအတွက် လာရှာတာဆိုပြီးပြောတယ်။ ဘာသတင်းလဲလို့ မေးတော့လည်း ပြန်မပြောဘူး။ ကျွန်မလည်းကြောက်လို့ တံခါး ဖွင့်မပေးဘဲနေခဲ့တယ်။ ကျွန်မ တံခါးဖွင့်မပေးတော့ ခဏအကြာမှာ သူတို့က အားနဲ့ အမိန့်နဲ့ ဖွင့်ခိုင်းလာတော့ ကျွန်မလည်း ကြောက်ပြီး တံခါးကို ဖွင့်ပေးလိုက်ရတယ်” ဟု ပြောဆိုသည်။
အိမ်ရှင်ဖြစ်သူ ဦးမောင်ကျော်ဝင်းမှာ နေအိမ်ဆောက်ရန် သစ်ဝယ်ထားသဖြင့် ကျောက်တော်မြို့နယ် ပန်းဖဲချောင်း ချောင်းချေထဲမှ ကံချေပြင်ကျေးရွာသို့သွားရောက်နေသဖြင့် စစ်တပ်နှင့်ရဲပေါင်းပြီး နေအိမ်ပေါ်တက်ပြီး ရှာဖွေနေချိန်တွင် အိမ်မှာ ရှိမနေဟု သိရသည်။
“ကျွန်မယောကျ်ားမရှိတဲ့ အချိန် ညအချိန်မတော် တံခါးဖွင့်ဖို့ပြောတော့ ကြောက်သွားတာပေါ့။ နောက်ပြီး အချိန်မတော် အိမ်ကို တက်မွေတယ်ဆိုတော့ ဘယ်သူကမှ ကျေနပ်မှာမဟုတ်ဘူး။ ပြီးတော့ ဘာကြောင့် ရှာတယ်ဆိုတာလည်း အကြောင်း ပြချက်လည်းမရှိဘူး။ သူတို့ တက်ပြီးရှာချင်တယ်ဆိုလည်း တရားဝင် ဝရန်းစာကိုပြပြီး ကျေးရွာ အုပ်ချုပ်ရေးမှူးတို့နဲ့ အတူ ရှာဖွေတယ်ဆိုရင်လက်ခံနိုင်သေးတယ်။ အခုဟာက ဘယ်လိုမှ လက်ခံလို့မရဘူး။ အိမ်က သေတ္တာ ၊ စပါးကျီ၊ ဆန်အိတ်တွေကို အကုန်မွေနှောက် သွားခဲ့ပါတယ်”ဟု ဒေါ်မတင်ရွှေက ဆက်လက်ပြောဆိုသည်။
ပန်းဖေချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးအား ဆက်သွယ်မေးမြန်းရာ သူက “ ကျွန်တော်ကို အကြောင်း ကြားခဲ့တာတော့ မရှိဘူး။ ဒါပေမယ့် ရာအိမ်မှူးက ကျွန်တော်ဆီကို ဖုန်းဆက်အကြောင်းကြားလာတယ်။ စစ်တပ်နဲ့ရဲက ရွာထဲက အိမ်သုံးလုံးကို ဝင်ရောက်ရှာဖွေမယ်ဆိုပြီး ရာအိမ်မှူးကို လာခေါ်တယ်လို့ သူက ပြောတယ်။ ဘာကြောင့် ရှာမယ်ဆိုတာကိုလည်း မပြောဘူးလို့ ဆိုတယ်။ စစ်တပ်က ကားတစ်စီးပါတယ်။ အင်အား ၄၀ လောက်ပါတယ်လို့ သိရပါတယ်။ အိမ်ပေါ်မှာ ရှိတဲ့ ပစ္စည်းတွေ အကုန်လုံး၊ သေတ္တာတွေက အစ မကျန် ရှာဖွေသွားတယ်လို့ သိရပါတယ်။ ပစ္စည်းတွေ ဘာတွေတော့ ယူဆောင်သွားတာ မရှိပါဘူး။ ကန်စောက်စခန်းမှူးလည်း ပါလာတယ်လို့ သိရပါတယ်” ဟု ပြောသည်။
ပန်းဖဲချောင်း ကျေးရွာအုပ်စုတွင် မီးရပ်ပြင်၊ လမ်းပိုက်ခွင်နှင့် ပန်းဖဲချောင်း ရွာသုံးရွာရှိပြီး ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ဝင်းအေးမှာ လမ်းပိုက်ခွင်ရွာတွင် နေထိုင်သူ ဖြစ်ကြောင်း သိရသည်။
ကျောက်တော်မြို့နယ်ပန်းဖဲချောင်းကျေးရွာတွင်အိမ်ခြေ ၂၈၀ ကျော်ရှိပြီး ထိုအထဲမှ နေအိမ် ၃ လုံးကို စစ်တပ်နှင့်ရဲက ဝင်ရောက်ရှာဖွေသွားသဖြင့် ရွာသားများ အနေဖြင့် စိုးရိမ်ထိတ်လန့်မှုများရှိနေကြသည်ဟု သူက ပြောဆိုသည်။
ကန်စောက်စခန်းမှူးသို့ ဆက်သွယ်မေးမြန်းရာ ဝင်ရောက်ရှာဖွေမှုနှင့် ပတ်သက်ပြီး သူ့အနေနှင့် ဖြေဆိုပိုင်ခွင့်မရှိကြောင်းနှင့် အထက်သက်ဆိုင်ရာသို့ မေးမြန်းပါဟု ပြောဆိုသည်။







