ချင်းပြည်နယ်မှ ခွဲမထွက်စေလိုလျှင် ပလက်ဝကို ခရိုင်မြို့အဖြစ် ဖွဲ့စည်းပေးရန် ချင်းပြည်နယ် အစိုးရအဖွဲ့နှင့် ချင်းပြည်နယ် လွှတ်တော်သို့ ခူမီး(ခမီး)အမျိုးသားပါတီမှ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် လိပ်မူစာ ပေးပို့ထားကြောင်း Chin World သတင်းဌာနမှ “ချင်းပြည်နယ်မှ ပလက်ဝမြို့နယ်ကို မခွဲထွက်စေလိုလျှင် ခရိုင်မြို့အဖြစ် တိုးမြှင့်ပေးရန် တောင်းဆို” ခေါင်းစည်းဖြင့် ဇန်နဝါရီ ၂၉/၂၀၁၉ ရက်နေ့က သတင်းဖော်ပြသည်။
၎င်းသတင်းတွင် ခူမီး (ခမီး) အမျိုးသားပါတီ KHUMI (KHAMI) National Party ဥက္ကဋ္ဌ ဦးကျော်ထွန်း ကိုယ်တိုင် လက်မှတ်ရေးထိုးပြီး ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ချင်းပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးဇိုဘွဲထံသို့ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၈ ရက်နေ့ နေ့စွဲဖြင့် ပေးပို့သောစာကို အတူ တကွ ဖော်ပြထားသည်။
၎င်းစာထဲတွင် ပလက်ဝဒေသသည်ခူမီးတောင်မင်းများ (Khumi Areing) အုပ်ချုပ်စဉ်က ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အ၀ ရှိသော လွတ်လပ်သည့်လူမျိုး၊ လွတ်လပ်သည့်နယ်မြေ ဖြစ်ခဲ့ပါသည်။ အင်္ဂလိပ် နယ်ချဲ့ လက်အောက် သူ့ကျွန်ဘ၀ ဖြစ်ခဲ့သည့်တိုင် မြန်မာဘုရင်၊ ရခိုင်ဘုရင်များ လက်အောက်ခံ မဟုတ်သည့် အပြင် ချင်းလက်အောက်ခံလည်း မဖြစ်ခဲ့ပါသဖြင့် တောင်တန်းဒေသ အပိုင်း (၁) နယ်မြေ (၁၀) ခုတွင် ပါဝင်ခဲ့ပါကြောင်း၊ ရခိုင်တောင်တန်းဒေသ ဥပဒေ (၁၉၀၆) နှင့် ရခိုင်တောင်တန်း တရားစီရင်ရေး ဥပဒေ (၁၈၇၄-၇၆) တို့ကို ပြန်ဌာန်းအုပ်ချုပ်ခဲ့ကြောင်း ဖော်ပြထားသည်။
၁၉၄၇ ပင်လုံညီလာခံတွင် မပါသော်လည်း ညီလာခံအပြီး နယ်ခြားဒေသ စုံစမ်းစစ်ဆေးရေး ကော်မတီက ကြားနာမေးမြန်းစဉ် ရခိုင်တောင်တန်းဒေသမှ ကိုယ်စားလှယ်များက (၁) မြန်မာနှင့် အတူ လွတ်လပ်ရေး ရလိုကြောင်း၊ (၂) ပြည်ထောင်စု အဖွဲ့ဝင် သီးခြား မနေတော့ဘဲ ချင်းတောင်တန်းဒေသနှင့် ပူးပေါင်း၍ ပြည်ထောင်စု အဖွဲ့ဝင်အဖြစ် နေလိုကြောင်းထွက်ဆိုခဲ့ကြောင်း၊ ချင်းနိုင်ငံရေး ခေါင်းဆောင်များအား ယုံကြည်၍ ပူးပေါင်းခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ၁၉၄၇ အခြေခံ ဥပဒေပုဒ်မ (၁၉၆) တွင် ချင်းတောင်တန်း ခရိုင်နှင့် ရခိုင်တောင်တန်းခရိုင် ပါဝင်သော ချင်းဝိသေသတိုင်း ရှိရမည်ဟု ပြဌာန်းခဲ့ကြောင်း ဖော်ပြသည်။
၎င်းပြင် ဦးကျော်ထွန်း၏ စာထဲတွင် ယုံကြည်လို့ ပေါင်းကာမှ အလိမ်ညာခံရသလို ချင်းရေးရာကောင်စီ၊ ချင်းဦးစီးအဖွဲ့၊ ချင်း ပ-ဝ-တ၊ ချင်းပြည်နယ် အစိုးရ တို့၏ အုပ်ချုပ်ရေး မမျှတမှု၊ ခွဲခြားဆက်ဆံမှုတို့ဖြင့် ပလက်ဝကို လျစ်လျူရှုခဲ့ပါကြောင်း၊ တစ်နည်းအားဖြင့် လက်အောက်ခံနယ်မြေ၊ လက်အောက်ခံ လူမျိုးအဖြစ် ဥပေက္ခာပြုထားခဲ့ပါကြောင်း၊ ကိုယ်ချင်းစာစေလိုကြောင်းဖြင့်လည်း ဖော်ပြထားသည်။
ပလက်ဝမြို့နယ်သည်ချင်းပြည်နယ်တွင်လူဦးရေအများဆုံး၊ ကျေးရွာအုပ်စုအများဆုံး၊ ကျေးရွာ အများဆုံးမြို့နယ်ဖြစ်ခြင်း၊ ခရိုင်အဖြစ် ရုံးစိုက်ရန် ပလက်ဝတိုးချဲ့မြို့သစ်စီမံကိန်း၊ကားလမ်း၊ လေယာဉ်ကွင်း အဆင်သင့်ရှိခြင်း ၊ မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အားပေးရန် စီမံကိန်းရှိနေပြီဖြစ်ခြင်း၊ ရခိုင်ပြည်နယ်၊ ဘင်္ဂလာဒေ့ရှ်နိုင်ငံတို့နှင့် နယ်နိမိတ်ထိစပ်နေပြီး လုံခြုံရေးအရ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် နယ်မြေဖြစ်နေခြင်း စစ်ရေးအရ မဟာဗျူဟာ ကျသော မြို့နယ်ဖြစ်ခြင်းကြောင့် ပလက်ဝမြို့နယ်အား၊ ဆမီးမြို့နယ်၊ မီးဇာမြို့နယ်၊ ပလက်ဝမြို့နယ် တို့ကို စုစည်း၍ ပလက်ဝ ခရိုင် ဖွဲ့စည်းပေးရေးအတွက် ချင်းပြည်လွှတ်တော်၊ ချင်းပြည်အစိုးရအဖွဲ့တို့မှ အလေးအနက်ထားသင့်ကြောင်း ၎င်းရေးသားပေးပို့ထားသည့် စာတွင် ဖော်ပြထားသည်။
၎င်းပြင် ခူမီး (ခမီး) အမျိုးသားပါတီ KHUMI (KHAMI) National Party ဥက္ကဋ္ဌ ဦးကျော်ထွန်း၏ စာကို ပူးတွဲ ဖော်ပြပေးလိုက်ပါသည်။







