ကုလအထူးကိုယ်စားလှယ်မှ လက်ရှိရခိုင်အရေးကို ရခိုင်လွှတ်တော်ဒုဥက္ကဋ္ဌနှင့်အလေးပေးဆွေးနွေး

ကုလအထူးကိုယ်စားလှယ်မှ လက်ရှိရခိုင်အရေးကို ရခိုင်လွှတ်တော်ဒုဥက္ကဋ္ဌနှင့်အလေးပေးဆွေးနွေး

ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိနေသည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms.Christime Schraner Burgener သည် ယနေ့ မွန်းလွဲ ၃ နာရီ အချိန်က ရခိုင်ပြည်နယ်လွှတ်တော်သို့ လာရောက်ပြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြသန်းနှင့် တွေ့ဆုံကာ လက်ရှိ ဖြစ်ပေါ်နေသော ရခိုင်အခြေအနေများကို ဆွေးနွေးခဲ့သည်ဟု သတင်းရရှိသည်။

ဆွေးနွေးပွဲတွင် လက်ရှိ ဖြစ်ပွားနေသည့် တိုက်ပွဲများကိစ္စ၊ စစ်ဘးရှောင်များ၏ အရေးကိစ္စကို အဓိက အလေးထား ဆွေးနွေးခဲ့သည်ဟု လွှတ်တော် ဒုဥက္ကဋ္ဌ ဦးမြသန်းက နိရဉ္စရာသတင်းဌာနသို့ ပြောကြားသည်။

“ အဓိက သူဆွေးနွေးတာက လက်ရှိ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို ဘယ်လို ရပ်ဆိုင်း နိုင်မလဲဆိုတာကို မေးပါတယ်။ နောက်တစ်ခု စစ်ဘေးရှာင်တွေရဲ့ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး အခြေအနေတွေကို တိုးတက်အောင် ဘယ်လို ဆောင်ရွက်နိုင်မလဲဆိုတာကို မေးမြန်းသွားပါတယ်။ လက်ရှိ ရခိုင်လွှတ်တော်ကနေ ဘာတွေ ဆောင်ရွက်ထားသလဲ။ ဘာတွေ ဆောင်ရွက်သွားဖို့ စီစဉ်ရှိသလဲပေါ့။ ” ဟု လွှတ်တော် ဒုဥက္ကဋ္ဌ ဦးမြသန်းက ပြောသည်။

လွှတ်တော် ဒုဥက္ကဋ္ဌမှ လက်ရှိ ရခိုင်ပြည်နယ် လွှတ်တော်မှ ဆောင်ရွက်မည့် ကိစ္စများကို ပြန်လည် ရှင်းလင်း ပြောကြားခဲ့သည်ဟု ဆိုသည်။

“ လာမယ့် ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ရခိုင်ပြည်နယ် လွှတ်တော်ကို ခေါ်ယူထားပါတယ်။ အဲဒီမှာ ကျင်းပမယ့် ပုံမှန် လွှတ်တော် အစည်းအဝေးမှာ စစ်ဘေးရှောင်တွေကို လက်ရှိ ရခိုင်ပြည်နယ် အစိုးရ ကူညီနေတဲ့ အနေအထားထက် ပိုမိုပြီး ကူညီနိုင်အောင် လွှတ်တော်မှာ ဆွေးနွေးသွားဖို့ ရှိတယ်။ နောက်တစ်ခုက အခု ရခိုင်မှာ နှစ်ဖက်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို အမြန်ဆုံး ရပ်ဆိုင်းနိုင်အောင် ဆွေးနွေးဖို့ရှိပါတယ်။ ဆွေးနွေးပြီးရင် အစိုးရ အဖွဲ့ကို တွန်းအားပေးသွားဖို့ အစီအစဉ် ရှိတယ်လို့ ပြောပြခဲ့ပါတယ်” ဟု ဆိုသည်။

ယနေ့ဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့၏ တိုက်ပွဲအခြေအနေများနှင့် စစ်ဘေးရှောင် ပြည်သူများ၏ အရေးက လွမ်းမိုးနေခဲ့သည်ဟု သိရသည်။

“ ဒီနေ့ ဆွေးနွေးတဲ့ အထဲမှာ တစ်ဖက်နိုင်ငံကို ရောက်သွားတဲ့ ဘင်္ဂလီတွေ ပြန်ဝင်လာရေး ကိစ္စတွေကို ဆွေးနွေးတာ မရှိပါဘူး။ အဓိက စစ်ပွဲတွေရပ်ရေးနဲ့ စစ်ဘေးရှောင်တွေ ကောင်းမွန်းစွာ အိမ်ပြန်နိုင်ရေး ကိစ္စတွေကိုဘဲ ဆွေးနွေးကြတာပါ” ဟု ၎င်းက ပြောဆိုသည်။

ယခုလက်ရှိ ဖြစ်ပွားနေသော ရခိုင်တိုက်ပွဲများနှင့် ပတ်သက်ပြီးသော်လည်းကောင်း၊ စစ်ဘေးရှောင်များ အရေးနှင့် ပတ်သက်ပြီးသော်လည်းကောင်း ကုလသမဂ္ဂအဖွဲ့အနေဖြင့် မည်သို့ သဘောထားသည်၊ မည်သို့ ကြားဝင် ဖြေရှင်းပေးမည်ဆိုသည်ကိုမူ တစ်စုံတစ်ရာ ပြောကြားသွားခြင်း မရှိဟု သိရသည်။

Most read this week

ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...
ဓါတ်ပုံ - Arakan Princess Media
September 11, 2026
ရခိုင် (အာရက္ခ) ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်အုပ်စုတပ်က လေကြောင်းမှ...
စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...