ကုလအထူးကိုယ်စားလှယ် ရခိုင်ရောက်ရှိနေချိန်နှင့်ကိုက်ပြီး မောင်တောတွင် မီးရှို့မှု ဖြစ်ပွား

ကုလအထူးကိုယ်စားလှယ် ရခိုင်ရောက်ရှိနေချိန်နှင့်ကိုက်ပြီး မောင်တောတွင် မီးရှို့မှု ဖြစ်ပွား

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms.Christime Schraner Burgener ရခိုင်ပြည်နယ်သို့ ရောက်ရှိနေချိန်နှင့် ကိုက်ပြီး မောင်တောမြို့နယ်၊ ငါးခူရ ကျေးရွာအုပ်စု၊ အလယ်ရွာတွင် မီးရှို့မှု တစ်ခု ယမန်နေ့ ည ၉ နာရီကျော်က ဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။

ထိုသို့မီးရှို့မှုကြောင့် ဘင်္ဂလီလူမျိုး နှစ်ဦးပိုင်သည့် ဓနိမိုး၊ ဝါးထရံကာ၊ မြေစိုက် အိမ်နှစ်လုံး မီးလောင်ဆုံးရှုံးသွားသည်ဟု သိရသည်။

ဖြစ်ပွားပုံမှာ ဇန်နဝါရီ ၂၂ ရက် ည ၉ နာရီ ၁၅ မိနစ်ခန့်က မောင်တောမြို့နယ်၊ ငါးခူရအုပ်စု၊ အလယ်ရွာ၊နေ ရော်ဖီ(ဘ) နူရ်အာလောင် နေအိမ်အား မသမာသူများမှ မီးရှို့ခဲ့ကြောင်း၊ ထိုသို့ မီးရှို့သဖြင့် ၎င်းအိမ်နှင့် ဘေးကပ်လျက်ရှိသော ဖော်ရိတ်၏ နေအိမ်သို့ မီးကူးစက်လောင်ကျွမ်း၍ နေအိမ်(၂)လုံး မီးလောင် ကျွမ်းခဲ့ကြောင်း၊ မီးလောင်ဆုံးရှုံးမှုတန်ဖိုး (၇၀၀၀၀) ခန့် မီးလောင်ဆုံးရှုံးကြောင်း မောင်တောခရိုင် မီးသတ် ဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ငါးခူရကျေးရွာမှ ဒေသခံရွာသားတဦးဖြစ်သူ ကိုမောင်ဆန်းဝင်းက “ ငါးခူရ အလယ်ရွာက ဘင်္ဂလီလူမျိုးပိုင် အိမ် ၂ ဆောင်မီးလောင်သွားတာပါ။ တစ်အိမ်က ရော်ဖီ (ဘ) နုရာလောင်(ခ)စိုးမြင့်ရဲ့ နေအိမ်ဖြစ်ပြီး နောက်တစ်အိမ်က ၎င်းရဲ့ အစ်မဖြစ်သူ ရော်ဘီယာဘေဂွမ်တို့ နေအိမ်ဖြစ်ပါတယ်။ အခု အိမ်နှစ်ဆောင်က မီးလောင် ပြာကျသွားပါပြီ။ ဒီမီးက ရှို့မီးလို့ သက်ဆိုင်ရာက သတ်မှတ်ထားပါတယ်။ နေအိမ်ပိုင်ရှင်တွေက တစ်ဖက်နိုင်ငံကို ထွက်ပြေး သွားကြတယ်လို့ ယူဆရပါတယ်” ဟု ပြောသည်။

မောင်တောခရိုင် မီးသတ်တပ်ဖွဲ့မှ မီးသတ်ကားများဖြင့် ဝိုင်းဝန်း ငြိမ်းသတ်ရာ ည ၉ နာရီ ၁၅ မိနစ် အချိန် စလောင်ခဲ့သော မီးအား ၉ နာရီ ၄၅ မီးထိန်းနိုင်ခဲ့ပြီး ၁၀ နာရီ အချိန်တွင် မီးလုံးဝငြိမ်းသွားခဲ့သည်ဟု ဆိုသည်။

မီးလောင်မှု ဖြစ်ပွားခဲ့သော်လည်း လူ နှင့် တိရိစ္ဆာန်များအား ထိခိုက်မှု မရှိကြောင်း၊ နေအိမ် မီးရှို့ခဲ့သူ (စုံစမ်းဆဲ)အား ငါးခူရနယ်မြေရဲစခန်းမှ ပ- ၃/၂၀၁၉ ၊ ပုဒ်မ- ၄၃၆ ဖြင့် အမှုဖွင့် အရေးယူနိုင်ရေး အတွက် ဆောင်ရွက်လျက်ရှိကြောင်း ခရိုင်မီးသတ် ဦးစီးဌာနသတင်းအရ သိရှိရသည်။

April 27, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ လူနေကျေးရွာများအား မြန်မာစစ်တပ်က...
April 25, 2026
ကျော်သီဟ — ရခိုင်ပြည်ရှိ စေတနာအာရက္ခပြည်သူအကျိုးပြုဆေးခန်းက လေးလအတွင်း စစ်ဘေးရှောင်နှင့်...
April 24, 2026
ရခိုင်ပြည်၊ရမ်းဗြဲမြို့နယ်နှင့် တောင်ကုတ်မြို့နယ်ဖက်ကို ကမ်းကပ်ရန်ချဉ်းကပ်ခဲ့သည့် ...
ဓာတ်ပုံ - ရက္ခဝဏ္ဏစာပီကဗျာ
April 23, 2026
ကျော်သီဟ — အာရက္ခတပ်တော်(AA)တည်ထောင်ခြင်း (၁၇)နှစ်မြောက်မွေးနေ့ကို ဂုဏ်ပြုကြိုဆိုသည့်အနေဖြင့်...