ဘူးသီးတောင်မြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေသည် ရခိုင်အမျိုးသားပါတီ ANP ပါတီမှ နုတ်ထွက်လိုက်ပြီဖြစ်ကြောင်း ၎င်း၏ ဒီဇင်ဘာ ၂၁ ရက်နေ့က ANP တာဝန်ရှိသူများထံသို့ ပေးပို့သည့် စာတွင် ဖော်ပြထားသည်။
ဦးအောင်သောင်းရွှေသည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးလည်းဖြစ်သလို ရခိုင်အမျိုးသားပါတီ (ANP)၏ ဘူသီးတောင်မြို့နယ်အတွင်းရေးမှူးလည်းဖြစ်သည်။
ဒေါက်တာအေးမောင်၏ မွေးနေ့ပွဲသို့ သွားရောက်ခဲ့သည့်အတွက် ရခိုင် အမျိုးသားပါတီ တာဝန်ရှိသူများက ပါတီစည်းကမ်းနှင့်အညီ အရေးယူမည်ဟု မီဒီယာတွင် တရားဝင်ပြောကြားလာသဖြင့် ယခုလို နုတ်ထွက်စာတင်ရခြင်းဖြစ်ကြောင်း ၎င်း၏ နုတ်ထွက်စာတွင် ဖော်ပြထားသည်။
ဒေါက်တာအေးမောင်သည် ပါတီမှ နုတ်ထွက်ခွင့်တောင်းထားသော်လည်း နုတ်ထွက်ခွင့် မပြုသေးသဖြင့် တရားဝင်ဥက္ကဌ နေရာတွင် ရှိနေသောကြောင့် သူ့မွေးနေ့ပွဲကို ပြည်သူများ၏ သဘောဆန္ဒနှင့်အညီ ပြည်သူများနှင့်အတူ သွားရောက်ခြင်းသည် ကိုယ်စားလှယ်တစ်ဦး၏ လုပ်သင့်လုပ်ထိုက်သော အလုပ် တစ်ခုကို ပြုလုပ်ခြင်းသာဖြစ်ကြောင်း ဘူးသီးတောင် မြို့နယ်ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ပြောဆိုသည်။
“တင်မောင်ဝင်း ရွေးကောက်ပွဲကာလက ပေါ့။ဒေါက်တာအေးမောင်ရဲ့ မွေးနေ့ကို ကျွန်တော်တို့ ပြည်သူတွေနဲ့ အတူသွားခဲ့တယ်။ အများစုကလည်း ကျွန်တော့်ကို မဲဆွယ်တာမှာ ပါတယ်ဆိုပြီး စွပ်စွဲကြတာတွေရှိတယ်။ ဒါကို ပါတီကနေပြီးတော့ အရေးယူမယ် ဘာညာ သတင်းမှာ တရားဝင် ပြောလာတယ်။တကယ်တမ်း ဒေါက်တာအေးမောင်ဟာ ပါတီကနုတ်ထွက်ခွင့် တောင်းထားပေမယ့် နုတ်ထွက်ခွင့်မပြုသေးတဲ့ အတွက် ပါတီရဲ့ တရားဝင် ဥက္ကဋ္ဌအဖြစ် အခုအချိန်ထိ ရှိနေတယ်။ပြီးတော့ မွေးနေ့ကို သွားတယ်ဆိုတာကလည်း ကျွန်တော်တစ်ယောက်တည်းသွားတာမှ မဟုတ်တာ။ ပြည်သူတွေနဲ့အတူ သွားတာ။ နောက်တစ်ခုက ပါတီအတွင်းကခေါင်းဆောင်နေရာလုမှုတွေဟာ ကျွန်တော့်မြို့နယ်အထိ ရိုက်ခတ်လာတဲ့အတွက် နှုတ်ထွက်လိုက်တာဖြစ်ပါတယ်”ဟု ဘူးသီးတောင် ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။
ထို့အပြင် ရခိုင်အမျိုးသားပါတီအတွင်း အုပ်စုဖွဲ့ခြင်း၊ ခေါင်းဆောင်နေရာလုသော ပယောဂများသည် ၎င်း၏ မဲဆန္ဒနယ်အထိ ရိုက်ခတ်လာပြီး ပါတီတွင်းသဘောထားကွဲလွဲမှုများ ဖြစ်ပေါ်လာသောကြောင့် ၎င်းအနေဖြင့် ရခိုင်အမျိုးသား နိုင်ငံရေးအရွေ့သစ်တစ်ခုကို လျှောက်လှမ်း ရတော့မည် ဖြစ်၍ နုတ်ထွက်ခြင်းဖြစ်သည်ဟုလည်း စာထဲတွင် ဖော်ပြထားသည်။
ထိုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီ အတွင်းရေးမှူ းဦးထွန်းအောင်ကျော်အား ဆက်သွယ်ရာ သူက “နုတ်ထွက်တယ်ဆိုတာကတော့ ပါတီကို မကြိုက်လို့ နုတ်ထွက်တာပေါ့။ သူနုတ်ထွက်တဲ့ အပေါ်မှာတော့ ဘာမှပြောစရာမရှိပါဘူး။ ပါတီသည်းစည်းမျဉ်း ၅၆ မှာ ဘယ်သူမဆို ပါတီက အချိန်မရွေး နုတ်ထွက်ခွင့် ရှိတယ်လို့ ပါတယ်။ ဒါပေမယ့် ကိုယ်တာဝန်ယူထားတဲ့ အပိုင်းက ကိစ္စတွေကို ရှင်းရှင်းလင်းလင်း ဆောင်ရွက်ခဲ့ဖို့ လိုပါတယ်။ ပြီးတော့ ဗဟိုကော်မတီကို နုတ်ထွက်စာတင်ရပါမယ်” ဟုနိရဉ္စရာသို့ပြောသည်။







