မွန်ပြည်နယ်တွင် ပြည်နယ်အဆင့် ကရင်နှစ်သစ်ကူးပွဲ ပထမဆုံး ကျင်းပမည်

မွန်ပြည်နယ်တွင် ပြည်နယ်အဆင့် ကရင်နှစ်သစ်ကူးပွဲ ပထမဆုံး ကျင်းပမည်

ကရင်နှစ်သစ်ကူး ပွဲတော် ပြည်နယ်အဆင့် အခမ်းအနားကို ပထမဆုံးအကြိမ်အဖြစ် မော်လမြိုင်တွင် ကျင်းပသွားမည်ဟု မွန်ပြည်နယ် နှစ်သစ်ကူးပွဲတော် ကျင်းပရေး အခမ်းအနား ကော်မတီက ပြောသည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့တွင် ကျရောက်သည့် ကရင်သက္ကရာဇ် ၂၇၅၈ ခုနှစ် ကရင်အမျိုးသား နှစ် သစ်ကူး ပွဲတော်အခမ်းအနားကို မွန်ပြည်နယ် မြို့တော် မော်လမြိုင်မြို့ ရှိ သံလွင်ဥယျာဉ်တွင် ခမ်းနားစွာကျင်းပသွားမည် ဟု ကျင်းပရေးကော်မတီက ပြောသည်။

“မွန်ပြည်နယ်အနေနဲ့ ပြည်နယ်အဆင့် ကရင်နှစ်သစ်ကူးပွဲတော်က မကျင်းပဖြစ်ခဲ့ဖူးပေါ့နော်။ ကိုယ့်ရဲ့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေ စုစုစည်းစည်း ချစ်ချစ်ခင်ခင်နဲ့ ကိုယ့်ရဲ့ ရိုးရာ ထုံးတမ်း အစဉ်အလာတွေကို ဖော်ပြဖို့အတွက် အဲလိုရည်ရွယ်ချက် နဲ့ လုပ်တာပါ” ဟု ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် (မွန်ပြည်နယ်၊ မော်လမြိုင်) ကျင်းပရေးကော်မတီ ဥက္ကဌ စောအောင်ကျော်ဆန်းက ပြောသည်။

ပြည်နယ်အဆင့် ကျင်းပသွားမည့် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို အခမ်းအနား ကျင်းပခြင်းအပြင် မွန် ပြည်နယ် ၁၀ မြို့ နယ်တို့မှ ဒုံးယိမ်းအကပြိုင်ပွဲများလည်း ကျင်းပသွားမည်ဟု ကျင်းပရေးကော်မတီထံမှ သိရသည်။

“ကရင်အစ ဒုံးယိမ်းအကဆိုတဲ့ပုံစံမျိုးနဲ့ ဒုံးယိမ်းကို ရိုးရာမပျက် စည်စည်ကားကား သိုက်သိုက် မြိုက်မြိုက်နဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေ အကုန်လုံးအတူတကွပါဝင်ဆင်နွှဲနိုင်အောင် အဲလိုရည်ရွယ်ချက်နဲ့ လုပ်တာပါ” ဟု ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် (မွန်ပြည်နယ်၊ မော်လမြိုင်) ကျင်းပရေးကော်မတီ ဥက္ကဌ စောအောင်ကျော်ဆန်းက ပြောသည်။

ပြည်နယ်အတွင်း ကျင်းပသည့် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်များအတွက် မွန်ပြည်နယ်အစိုးရမှ ပြည်နယ် အဆင့်အတွက် ကျပ်သိန်း ၁၀၀၊ မြို့ နယ်အဆင့်အတွက် တစ်မြို့ နယ်လျှင် ၁၅ သိန်း၊ ကျွေးရွာအဆင့်အတွက် ကျေးရွာ ၃၃ ရွာကို ကျပ် ၅ သိန်းစီ စုစုပေါင်း ကျပ်သိန်း ၄၀၀ ကျော် ကူညီထောက်ပံ့ပေးသည် ဟု မွန်ပြည်နယ် အစိုးရ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး စောအောင်မြင့်ခိုင် က ပြောသည်။

မွန်ပြည်နယ်တွင် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို မြို့ နယ်အဆင့်နှင့် ကျေးရွာအဆင့်တို့သာ နှစ်စဉ်နှစ် တိုင်း ကျင်းပလာခဲ့ကြပြီး ပြည်နယ်အဆင့်ကို ယခုနှစ်မှသာ ကျင်းပခြင်းဖြစ်သည်ဟု အခမ်းအနားကျင်းပရေး ကော်မတီထံမှ သိရသည်။

နောင်လာမည့် နှစ်များတွင်လည်း ပြည်နယ်အဆင့် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို မြို့ နယ်အလိုက် ကျင်းပသွားနိုင်ရန်လည်း ကြိုးပမ်းသွားမည်ဟု ကရင်တိုင်းရင်းသားရေးရာဝန်ကြီးက ပြောသည်။

မွန်ပြည်နယ်အတွင်းတွင် မြို့ နယ် ၁၀ မြို့ နယ်တို့၌ ကရင်တိုင်းရင်းသားများနေထိုင်မှုရှိသော်လည်း သထုံမြို့နယ်နှင့် ဘီးလင်းမြို့ နယ်တို့တွင် အများဆုံးဖြစ်သည်။

မွန်ပြည်နယ် တစ်ပြည်နယ်လုံးတွင် ကရင်တိုင်းရင်းသား ၃ သိန်းကျော်ရှိသည်။

ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ် ကရင်နှစ်ကူးပွဲတော် အခမ်းအနားများအား ယခင်နှစ်က ကရင်ပြည်နယ်အပြင် နေပြည်တော်အပါအဝင် ရန်ကုန်၊ မန္တလေးနှင့် အခြားမြန်မာနိုင်ငံတဝှမ်းရှိ ကရင်ပြည်သူများက ကရင်ရိုးရာ အက ကရင်ဒုံးယိမ်းအက ကရင်ရိုးရာလက်ဝှေ့ပြိုင်ပွဲ၊ ကရင်စာပေယဉ်ကျေးမှု ဟောပြောပွဲများ၊ ကရင်တေးဂီတ သီချင်းဖျော်ဖြေကြပြီး၊ အနယ်နယ်အရပ်ရပ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။

February 18, 2026
ဖားကန့်တွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား...
February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...
February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...