KIO ဆန့်ကျင်ရေး တန်ပြန် ဆန္ဒပြပွဲ မြစ်ကြီးနားမြို့ တွင် ပြုလုပ်

KIO ဆန့်ကျင်ရေး တန်ပြန် ဆန္ဒပြပွဲ မြစ်ကြီးနားမြို့ တွင် ပြုလုပ်
by -
ကေအဲန်ဂျီ
 ‘တပ်မတော် ထိုးစစ် ရပ်ရန်’ တနိုင်ငံလုံး အတိုင်းအတာ ပြည်သူ လူထု နှင့် ဘာသာရေး အသင်းအဖွဲ့များ တောင်းဆိုနေချိန် ၎င်းနှင့် ဆန့်ကျင်ဘက် ကချင် လွတ်လပ်ရေး အဖွဲ့ KIO ပေါ် ဆန့်ကျင်သော ဆန္ဒပြပွဲ တခုကို ယနေ့ အောက်တိုဘာ ၃၁ ရက် ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနား တွင် ပြုလုပ်ခဲ့သည်။

ဆန္ဒပြသူများက ‘ဒေသခံ ပြည်သူ့စစ်အပေါ် KIO/KIA မှ ထိုးစစ်များ ချက်ချင်းရပ်၊ တပ်မတော်မှ မြန်မာပြည်မြောက်ပိုင်း နယ်မြေရှင်းလင်းရေးကို ပြည်သူတစ်ရပ် လုံး ထောက်ခံပါသည်၊ နိုင်ငံတော် ငြိမ်းချမ်းရေးကိုဆန့်ကျင်သည့်အဖွဲ့အစည်း KIO/KIA အလိုမရှိ၊ တိုင်းရင်းသားလက်နက်ကိုင်များ NCA လက်မှတ်အမြန်ထိုးပေး’ အစရှိသော ပိုစတာများကို ကိုင်ဆောင် ခဲ့ကြသည်။
 
ယခု ဆန္ဒပြပွဲကို မြန်မာပြည် မြောက်ပိုင်း ရှမ်းမျိုးနွယ်စုများ ကော်မတီမှ ဦးဆောင်ခြင်း ဖြစ်သည်။
 
ဆန္ဒပြ လူထုအင်အား ထောင်ဂဏန်း ရှိပြီး ဒေသခံ ရှမ်းနီ၊ လီဆူ၊ ရဝမ် နှင့် လချိပ် မျိုးနွယ်စုများပါဝင်ကာ အများစုမှာ ရှမ်းနီ လူမျိုးများဖြစ်သည်။

kng0101

 
စနေနေ့ အောက်တိုဘာ ၂၉ ရက် ကချင်ပြည်နယ်တောင်ပိုင်း ရွှေကူမြို့ ‘ပြည်တွင်းစစ်ရပ်တန့်ရေး’ ဆန္ဒပြပွဲတွင်လည်း အစိုးရဘက်မှ ‘တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ NCA လက်မှတ်ထိုးရေး’ ကြွေးကြော်သံ ထည့်ရန် ညွန်ကြားခဲ့ကြောင်း ဆန္ဒပြပွဲ ဦးဆောင်သူ ဦးတူးမိုင်က ပြောသည်။
 
ထို့အပြင် အောက်တိုဘာ ၂၁ ရှမ်းမြောက် ကွတ်ခိုင်ပြည်သူများ၏ ‘ပြည်တွင်းစစ်ရပ်တန့်ရေး’ ဆန္ဒပြပွဲ မနက် အစိုးရ စစ်ဖက်အရပ်ဖက် စရဖ မှ လူ ၄၀ ခန့်က ‘KIA အလိုမရှိ၊ TNLA အလိုမရှိ’ စသည့် စာရွက်များ ကိုင်ဆောင်ကာ ဝင်လာခဲ့သည်ဟု ယင်း ဆန္ဒပြပွဲ ဦးဆောင်သူ ဦးဘရန်ဂျာ က ဆိုသည်။
 
ယခုလ အောက်တိုဘာ ၃၊ ၆ နှင့် ၂၂ ရက်များအတွင်း ‘မြန်မာ့တပ်မတော်ထိုးစစ်ရပ်တန့်ရေး၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရေး’ စသည်အကြောင်းများကို မြစ်ကြီးနားမြို့တွင် လူထု သောင်းဂဏန်းခန့် က ငြိမ်းချမ်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ဖြစ်သည်။
 
သို့သော်လည်း မြန်မာ့တပ်မတော်မှ ဝိုင်းမော်မြို့နယ်ရှိ KIA ၏ Nhkram Bum နှင့် Lai Hpawng Bum စခန်းများ ကို နေ့စဉ် လက်နက်ကြီးနှင့် ပစ်ခတ်နေဆဲ ဖြစ်သည်ဟု လိုင်ဇာ ဗဟိုဌာနချုပ် မှ KIO သတင်းနှင့် ပြန်ကြားရေး ဌာန တာဝန်ရှိသူ ဒုဗိုလ်မှူးကြီး နော်ဘူက ပြောသည်။
 
KIO သည် ဗမာ လူမျိုးများ ချုပ်ကိုင်သော မြန်မာအစိုးရ အဆက်ဆက်နှင့် နိုင်ငံရေး ဆွေးနွေးရန် တချိန်လုံး တောင်းဆိုခဲ့သည်။ သို့သော်လည်း ယခု နိုင်ငံတော် အတိုင်အပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD အစိုးရ လက်ထက် တိုင်အောင် ‘ပြည်တွင်းစစ်ကို နိုင်ငံရေးနှင့် ဖြေရှင်းရန် လမ်းမမြင်သေး’ ဟု ဥက္ကဋ္ဌ Lanyaw Zawng Hra မှ အောက်တိုဘာ ၂၅ ရက် KIO ၏ ၅၆ နှစ်ပြည့် နေ့မှာ ပြောကြားခဲ့သည်။

July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...
June 29, 2026
ကချင်ပြည်နယ်အတွင်း နေရာအနှံ့အပြားမှာ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့...